Sunday, April 20, 2014

ပီဠိယက္ခကို မြားချွန်မပေးကြနဲ့

လူအများစုဟာ (မီဒီယာ) ကနေ Scoop (စကု) လို သူများတက်ဦးဦးဖျားဖျားတင်တဲ့ သတင်းမျိုးကို စိတ်ဝင်စားကြတယ်။ ပူပူနွေးနွေးအဖြစ်အပျက်တွေနောက်လည်း သဲသဲမဲမဲ လိုက်တတ်ကြတယ်။ လက်ပံတောင်း အစီရင်ခံစာ ထွက်လာပြီးနောက်မှာ ရေးကြ၊ ပြောကြတာဟာ (ဟော့-တော့ပစ်) ဖြစ်လာပါတော့တယ်။

နာမည်ရှိထားသူကို အပြစ်ပြောတာကို ကိုယ်တိုင်ထင်ပေါ်နိုင်တဲ့ အခွင့်ကောင်းတရပ်အဖြစ် တချို့တလေက သုံးလေ့ရှိကြတယ်။ ကြိုက်-မကြိုက်ကို အကဲဖြတ်ရာမှာ စကားလုံး၊ ပြောင်ပြောင်မြောက်မြောက်၊ ရင့်ရင့်သီသီး၊ ထိထိမိမိဖြစ်စေရင် ကြားတဲ့သူ၊ ဖတ်တဲ့သူတွေကို ဆွဲဆောင်နိုင်တယ်။ တချို့ကလည်း မွေးကတည်းက ရင့်သီးတဲ့စကားကိုသာ ထမင်းစားရေသောက် ပြောတာလည်းရှိတယ်။ စဉ်မြင့်ရှာပြီး သူများအပြစ်သာ ပြောလေ့ရှိသူတွေလည်း ရှိတာပါဘဲ။

တကယ့်ဘဝဆိုတာ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်မှာ စကားပြောတာမျိုးနဲ့ မလုံလောက်ပါ။ နိုင်ငံရေးဆိုရင် ခပ်လွယ်လွယ်ချတဲ့ ကောက်ချက်မျိုးက လွဲတာများတယ်။ ကနေ့ကာလမှာ (ဆိုရှယ်-နက်တဝပ်) ကျယ်ပြောလာချိန်မို့ တယောက်စကားတယောက် အပေါက်အရောက် မြန်ဆန်လှတယ်။ တခါတလေလည်း နှိုးဆွပေးစေနိုင်စွမ်းရှိတယ်။

ရခိုင်၊ လက်ပံတောင်းနဲ့ မိတ္ထိလာ အဖြစ်အပျက်သုံးဖြာကြောင့် အုပ်ချုပ်နေသူတွေမှာ အငိုက်မိသွားမယ်လို့ ကောက်ချက်ကိုလည်း ဖတ်ရပါတယ်။ ကျွန်တော်တော့ အဲလောက်အထိမထင်ပါ။ အာဏာယူထားတဲ့ သက်တမ်းက ရှည်ကြာခဲ့သူတိုင်းဟာ ဒါမျိုးတွေကို အခါခါ ရင်ဆိုင်-ကျော်လွှား-အောင်မြင်ထားကြသူတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း အစိုးရရော ဒေါ်အောင်ဆန်းစုကြည်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွက်ဆခဲ့ပြီးသား ဖြစ်နိုင်ပါတယ်။ အခြေအနေအခင်းအကျင်းကို ရိုးရိုးရှင်းရှင်းလေးတွက်ကြရင်သာ မျက်ပြူးဆန်ပြာ ဖြစ်နိုင်တာပါ။

လက်ပံတောင်းမှာ ဆန္ဒပြခဲ့သူတွေက ရှုံးသွားပြီလို့ မထင်ကြတာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဒိထက် စနစ်ကျကျ အင်အားပါပါ လုပ်ကြရပါမယ်။ အရေးကြီးတာက အချိန်အခါလည်း ရွေးတတ်ရပါအုံးမယ်။ မခံချင်စိတ်တခုတည်းနဲ့တော့ အောင်မြင်လေ့ဆိုတာ မရှိသလောက်ပါ။ ဒါကြောင့် ဦးပိုင်ရော ဝမ်ပေါင်ပါ အပြီးနိုင်သွားကြပြီလို့ထင်ရင် သိပ်စောလွန်းတဲ့ ကောက်ချက်သာ ဖြစ်နိုင်စရာ ရှိပါတယ်။

ရခိုင်မှာစခဲ့တဲ့အရေးကနေ ဘာသာရေးဘက်ပြောင်းသွားတာ မမှန်ပါ။ “တရားမဝင်နိုင်ငံခြားသားများ” ဟာ ဒုက္ခတွေ၊ ခြိမ်းခြောက်မှုတွေ၊ လက်ဝါးကြီးအုပ်မှုတွေ လုပ်နေကြတာ အထူးသတိကြီးကြဘို့၊ တားဆီးကြဘို့၊ ဖယ်ရှားကြဘို့လိုပါတယ်။ နိုင်ငံခြားသားတွေဟာ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာ ဘေးချိတ်းထားသင့်ပါတယ်။ လူမျိုး နဲ့ ကိုးကွယ်တဲ့ဘာသာကို ခွဲမသိတာ၊ ခွဲမပြောတာကနေ ပြဿနာတွေ အကြီးအကျယ်ဖြစ်စေပါတယ်။

နိုင်ငံခြားသားတွေဆိုတာမှာ -
(၁) ဘင်္ဂလားဒက်ရှ် နိုင်ငံသားများ။ Bangladeshi (ဘင်္ဂလာဒက်ရှီ) လို့ခေါ်ရင် လူသန်းတစ်ထောင်ကျော်က နားလည်ကြပါတယ်။ “ဘင်္ဂါလီ” အသုံးအနှုန်း လုံးဝမှားပါတယ်။ ကဗျာဆရာကြီး ရာဘင်ဒြာနသ် တဂိုး နဲ့ နိုဗယ်ဆုရ ဒေါက်တာ အမာတီယာဆန် တို့ဟာ ဘင်္ဂါလီတွေဖြစ်ပါတယ်။ သူတို့ကိုးကွယ်ကြတာက အခုပြောနေတဲ့ဘာသာ မဟုတ်ပါ။ မြန်မာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် ရဲဘော်ဘတင် (ဂိုရှယ်) ဟာလည်း ဘင်္ဂါလီပါ၊ ဘယ်ဘာသာမှ မကိုးကွယ်ပါ။

(၂) အိန္ဒိယနိုင်ငံသားများ။ ကသည်း (မဏိပူရ) နဲ့ အာသံ (အာဆမ်) သူပုန်အဖွဲ့တွေက စစ်ကိုင်းတိုင်း၊ နာဂတောင်တန်း နဲ့ ချင်းတောင်တန်းမှာ နေရာယူထားကြတာ ကြာပါပြီ။ သူတို့ဆီကကနေ မူးယစ်ဆေးပြားတွေနဲ့ လက်နက်တွေ ဖမ်းမိတာလည်း ၃-၄ ကြိမ် ရှိပါပြီ။ တချို့ဒေသခံ အမျိုးသမီးတွေက အဲဒီနိုင်ငံခြားသားတွေမှာ ငွေပေါလို့ ယောက်ျားအဖြစ် ပေါင်းသင်းနေကြပေမဲ့ ရိုးသားတဲ့ ဒေသခံတွေအတွက် အကြီးအကျယ် အနှောင့်အယှက်ဖြစ်နေပါတယ်။

(၃) တရုတ်နိုင်ငံသားများ။ တရားဝင်ဖြစ်အောင်လုပ်ပြီး (ငွေပေးပြီး = ဥပဒေနဲ့အညီမဟုတ်ပဲ) စီးပွါးလာရှာနေထိုင်ကြသူတွေ ဘယ်လောက်များပြီလည်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှာတောင် စာရင်းမရှိလောက်ဘူး ထင်ပါတယ်။ သုတေသနလုပ်သင့်ပါပြီ။ နာမည်ပြောင်းတဲ့အကျင့်ဟာ အစိုးရတွေမှာသာရှိတာ မဟုတ်ပါ။ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှု အချက်အခြာ မန္တလေးကို လက်ဖက်မကြွေးပဲ အမည်ပြောင်းပေးတာခံနေရပြီ မဟုတ်ပါလား။

ဒီလို ဥပဒေနဲ့မညီဘဲ လာရောက်ကျူးကျော်နေထိုင်ကြသူ တိုင်းတပါးသားတွေ အားလုံးကို ဦးတည် ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ တရားဝင်စစ်စစ်တွေကိုတော့ ဘယ်သာသာတရားကို ကိုးကွယ်ကြပါစေ စိုသောလက် မခြောက်စေနဲ့ သဘောထားကြပါမယ်။ နိုင်ငံကြီးသားဖြစ်ချင်ရင် သဘောထား ကြီးကြရပါမယ်။ မမြင်ကျယ်ကြရပါမယ်။

ဒီမိုကရေစီဘက်ကလူတွေကို တဖက်ဆီတွန်းပို့ဘို့ ကြိုးစားတာလည်း မမှန်ပါ။ တကယ်လို့ ပါသွားတယ် ထင်ရင်လည်း ကိုယ့်ဘက်ကလူတွေကို ပြန်ဆွဲယူရမှာဖြစ်ပါတယ်။ အချင်းချင်း အရေးအခင်းလုပ်ခြင်းဟာ ကိုယ့်ဘက်ကို အားနည်းအောင် လုပ်တာသာဖြစ်ပါမယ်။ ပွဲလန့်ဖြာခင်းတွေကိုတော့ နေရာမပေးကြနဲ့ပေါ့။ အသံကောင်းဟစ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိအောင် မလုပ်တတ်သူမျိုး၊ သူများအပြစ်ချည်းသာ လိုက်ပြောနေသူမျိုး တွေကိုတော့ အသေအခြာ ချန်ထားတာဟာ မှန်ကန်ပါတယ်။

ပစ်မှတ်တွေ အရွေးမလွဲသင့်ကြပါ။ လက်ပံတောင်းအဖြစ်အပျက်ကြီးကို ကျေးဇူးတင်ရမှာကတော့ တံခါးတွေဆို့ထား၊ မျက်စိတွေပိတ်ထားစဉ်ကာလအတွင်းမှာ တိုင်းပြည်ရဲ့ သဘာဝသယံဇာတ အရင်းအမြစ် ကြီးကြီးမားမားတခုကို လက်သိပ်ထိုးပြီး အုပ်စီးခဲ့တဲ့ “လက်ဝါးကြီးနှစ်ခု” ကို သိလာစေခဲ့တာဖြစ်ပါတယ်။ ဒီအရေးအသားဟာ လှုံ့ဆော်မှုလို့ အထင်မမှားစေချင်ပါ။ ဦးတည်ရမှာက တရုပ်နိုင်ငံနဲ့ မြန်မာ့တပ်မတော် မဟုတ်ပါ။

တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသံတွေနဲ့ အရှိန်ရလာနေတာမို့ ဒီစီးပွါးရေးလုပ်ကွက်ကြီးဟာ တရားသလား။ သင့်မြတ်သလား၊ ဘယ်သူ့ အကျိုးအတွက်သာ ကွက်လုပ်နေကြသလဲ၊ ဘာတွေကို ထိခိုက်စေသလဲဆိုတဲ့ မေးခွန်းတွေကို ကြေးနီမြေမှာလည်း မေးသင့်ပါတယ်။ လွှတ်တော်ထဲမှာလည်း မေးသင့်တယ်။ မီဒီယာမှာလည်း မေးသင့်ပါတယ်။ တရားသဖြင့်မေးကြလို့ မှန်မှန်ကန်ကန် ရှင်းနိုင်ရင် လူထုကနေ ကျေကျေနပ်နပ် လက်ခံရမှာဖြစ်ပြီး ကာယကံရှင်တွေကလည်း အထင်းမှားတာတွေ ပျောက်သွားအောင် လုပ်ပေးတာပဲလို့ နားလည်ပေးရမှာပါ။

ရခိုင်ဒေသမှာဖြစ်ခဲ့တာဟာ “တိုင်းတပါးသား” ဆိုတဲ့ ခေါင်းစဉ်ကို “ဘာသာရေး” ဆိုပြီး “နှစ်ဖက်လုံးက သုံးတာ” ဟာ မဟာအမှား ဖြစ်ပါတယ်။ အဲဒီတုံးက တိုင်းတပါးနိုင်ငံတွေ အင်နဲ့အားနဲ့ ဝင်လာအောင် ဖိတ်ခေါ်သလိုဖြစ်ပြီး၊ တိုင်းပြည်ရဲ့ အချုပ်အခြာကိုပါ ထိခိုက်စေခဲ့တယ်။ ဒီအဖြစ်မျိုးကို ဘယ်ဘာသာကဖြစ်ဖြစ် ဘယ်နိုင်ငံမှာဖြစ်ဖြစ် လက်ခံကြမှာ မဟုတ်ပါ။

ဒါကြောင့်လည်း မိတ္ထိလာမှာဆက်ဖြစ်လာတာပါ။ ခေါင်းစဉ်တပ်လွဲလို့ ပစ်မှတ်လွဲခဲ့တာဖြစ်ပါတယ်။ သမင်ကိုပြစ်တာ လူကိုသွားမှန်တဲ့ဘုရင်ကြီးလို မဖြစ်သင့်ကြပါ။ တည့်တည့်မပြစ်နိုင်သူကိုလည်း အားမပေးသင့်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၃