Saturday, March 2, 2013

မြန်မာပြည်ရဲ့ “ပေါ်လတီ”

နိုင်ငံရေးထဲ ဝင်လုပ်ရသူ အများစုဟာ နိုင်ငံရေးသိပ္ပံကို သင်ခဲ့ကြရသူ အလွန်နည်းပါတယ်။ ဒါပေမဲ့ ဖတ်ရ၊ မှတ်ရ၊ လေ့လာကြရပါမယ်။ အင်္ဂလိပ်စကားကို ရုံးသုံးလုပ်ထားတဲ့ အိန္ဒိယနိုင်ငံမှာ ကျွန်တော် မြန်မာ့အရေး ဆွေးနွေး၊ ငြင်းဆို၊ ကိုယ်လိုချင်တာရဘို့ လုပ်နေခဲ့တာ အနှစ် ၂ဝ ကျော်ပါပြီ။ ဝန်ကြီးတွေ၊ အမတ်တွေ၊ ပါမောက္ခတွေ၊ မီဒီယာသမားတွေ၊ ကျောင်းသားတွေ၊ လမ်းဘေးဈေးသည်တွေ အများကြီးနဲ့ အကြိမ်ကြိမ် ထိတွေ့ဆက်ဆံရပါတယ်။ တခါတလေ နိုင်ငံရေးအကြောင်း ပြောတာ ရေးတာမှာ (ပေါလစတစ်) သုံးလိုက် (ပေါ်လတီ) သုံးလိုက်တွေ့ရတယ်။ ကြားရကာစက အဆန်းထွင်နေသလားပေါ့။

Polity (ပေါ်လတီ) ဆိုတာ ဘာလဲ
အဓိပ္ပါယ်ဖွင့်ဆိုချက် မတူတာတွေ တွေ့ပါတယ်။ (ပေါ်လတီ) ဆိုတာ “နိုင်ငံရေးအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအုပ်စု” တဲ့။ နောက်ပြီး “နိုင်ငံရေးအသင်းတခုရဲ့ ဖွဲ့စည်းပုံ၊ တည်ဆောက်ထားပုံ၊ ဘာသာရေးဆိုင်ရာ အုပ်ချုပ်တဲ့ပုံစံ၊” လို့ ဖွင့်ဆိုချက်တခုက ဆိုပါတယ်။

ဒါ့ပြင် (ပေါ်လတီ) ဆိုတာ “သူ့အောက်မှာ အုပ်ချုပ်ခံလူထုရှိတဲ့ အုပ်ချုပ်မှုနယ်မြေ၊ ဥပမာ ကျေးရွာ၊ တိုက်နယ်၊ ခရိုင်၊ မြူနီစပါယ်နယ်မြေ၊ မြို့နယ်၊ တိုင်းပြည်” စသဖြင့်ကိုခေါ်ပါတယ်။ တနည်းအားဖြင့် သက်ဆိုင်ရာ ပထဝီဆိုင်ရာ သတ်မှတ်ချက်လို့လဲ ဆိုပါသေးတယ်။ (ဘော်ဒီ ပေါ်လက်တစ်) နိုင်ငံရေးကိုယ်ထည်ဆိုတဲ့ အသုံးအနှုန်းနဲ့ တွဲမှတ်မှ ဆီလျှော်ပါတယ်။ (ဘော်ဒီ ပေါ်လက်တစ်) ဆိုတာ ရှေးတုံးကဆိုရင် ဧကရာဇ်၊ ဘုရင်၊ အာဏာရှင်၊ မူးမတ်ကြီးတွေကို ခေါ်တယ်။ ခုခေတ်မှာ ရွေးကောက်ခံရသူတွေလို့ ပညာရှင်တွေက ခေါ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ (ဘော်ဒီ ပေါ်လက်တစ်) နိုင်ငံရေးကိုယ်ထည်ကို အုပ်စုတခုကို ကိုယ်စားပြုတဲ့ ဥပမာ အမျိုးသမီး (ဂျင်ဒါ)၊ တိုင်းရင်းသားကို ကိုယ်စားပြုသူတွေပါဘို့ သတ်မှတ်လာပါတယ်။ ဒါကြောင့် ပွင့်လင်းမှုရှိလှတဲ့ (လစ်ဘရယ်) ဒီမိုကရေစီမှာ (ကက်ဗိနက်) အစိုးရအဖွဲ့ထဲမှာ အဲလို မတူတာတိုင်းအတွက် ကိုယ်စားပြုသူတွေပါ ပါဝင်စေပါတယ်။

နိုင်ငံရေး ရေးရင် (အရစ္စတိုတယ်လ်) က ပါရတတ်တယ်။ ဂရိလူမျိုး နိုင်ငံရေးအတွေးအခေါ် ပညာရှင်ကြီးက Polity (ပေါ်လတီ) နဲ့ Aristocracy (အရစ္စတိုကရေစီ) ကို နှိုင်းယှဉ်ပြခဲ့သေးပါတယ်။ သူလိုပညာရှင်တွေကတော့ ခြောက်ပြစ်ကင်း သဲလဲစင်မျိုးကို တွေးခေါ်ရေးသားခဲ့တာပါ။ ထပ်ဆုံးက ဦးဆောင်ဦးသျှောင်ဆိုတာ ဘယ်လို တော်ရမယ်၊ ကောင်းရမယ် ဆိုတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ထူးမြတ်လှတဲ့ အရည်အသွေးတွေဖြစ်တယ်။ (ပလေတို) ကလဲ “အစွမ်းခြောက်ပါး” ဆိုတာတွေကို သတ်မှတ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ သိထားကြတဲ့ နာယကဂုဏ်ခြောက်ပါးနဲ့ အရေအတွက်ချင်းတော့ တူပါတယ်။

Polity (ပေါ်လတီ) ဆိုတာ Civic body (စစ်ဗစ်) ကိုယ်ထည်၊ ဒါမှမဟုတ် Constitution ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်ရပါတယ်။ (ပေါ်လတီ) ထဲမှာ Oligarchy (အိုလီဂါခီ) နဲ့ Democracy (ဒီမိုကရေစီ) ရောထားတယ် လို့ (အရစ္စတိုတယ်လ်) ကရေးခဲ့သေးတယ်။

(အိုလီဂါခီ) ဆိုတာ အနည်းစုကနေ အုပ်ချုပ်စီမံခန့်ခွဲတာမျိုးဖြစ်ပါတယ်။ ရှေးခေတ်ကတော့ ချမ်းသာလွန်းသူတွေကနေ အုပ်စိုးခဲ့တာပါ။ ဒီမိုကရေစီမှာက ပြောင်းပြန် မချမ်းသာသူတွေက အုပ်စိုးတယ်လို့ နှိုင်ပြီးပြောခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ကြီး အထင်ကြီးထားတာ တချက်တော့ လွဲသွားပြီ။ ကနေ့ မြန်မာဆိုတဲ့ ဒီမိုကရေစီနိုင်ငံတော်မှာ ဆင်းရဲသူတွေက ဘယ်နေရာမှာနေရနေသလဲ ဆိုတာကို ထည့်မတွက်ခဲ့ပုံမရဘူး။ သူမှမှန်တာလား၊ ကိုယ်မှားတာလား။

(အိုလီဂါခီ) မှာ အဲဒီ နှစ်မျိုးရောထားပါတယ်တဲ့။ (အိုလီဂတ်) တွေ နဲ့ (ဒီမိုကရက်) တွေက ဝေမျှအုပ်စိုးကြတာဖြစ်ပါတယ်။ ဒီပုံစံဟာ ချိန်ခွန်လျှာမျှတယ်၊ တာရှည်လဲခံတယ်၊ လက်တွေ့ဆန်တယ်လို့ သူကဘဲဆိုခဲ့ပါတယ်။ ဗြိတိသျှမှာ ကနေ့အထိ ခိုင်မြဲနေသေးတာ နမူနာပါ။

(ပေါ်လတီ) ထဲမှာ လူလတ်တန်းစားဆိုတာလဲ မမေ့ခဲ့ပါ။ မြို့တိုင်းမြို့တိုင်းမှာ ချမ်းသာသူ၊ ဆင်းရဲသူတွေနဲ့ လူလတ်တန်းစားတွေ ရောနေကြပါသတဲ့။ ဒီအတွေးအခေါ်ကို အခြေခံပြီး အကောင်းဆုံးအုပ်စိုးသူများ ဆိုတာကို အကြံပေးခဲ့ပါတယ်။ “(ပေါ်လတီ) မှာ (ချမ်းသာသူ + အလတ်စား + ဆင်းရဲသူ) တွေအားလုံး အကျိုးစီးပွါးအတွက် အကောင်းဆုံးကို လုပ်ပေးနိုင်သူ” ဖြစ်ရပါသတဲ့။ “ဒီလိုဖြစ်အောင် ဥပဒေနဲ့အုပ်ချုပ်ရပါမယ်” တဲ့။ ကျွန်တော်တို့ဆီမှာ ဥပဒေစိုးမိုးရေးဆိုတာကို အပြောတော့ရှိလာပြီ။ ဆင်းရဲသူတွေနဲ့ လူလတ်တန်းစားကို မပြောကြသေးဘူး။

လူလတ်တန်းစားကို ဇောင်းပေးတာ စိတ်ဝင်စားစရာပါ။ “အရေအတွက် ကောင်းလာတဲ့ လူလတ်တန်းစာကနေ ချမ်းသာသူတွေကိုရော ဆင်းရဲသူတွေအပေါ်မှာပါ လွှမ်းမိုးလာနိုင်စေမယ။်” “ဒါရဲ့ ရလဒ်ထဲမှာ မတူနိုင်တာတွေ ရှိနေအုံးမှာ ဖြစ်ပေမဲ့ ချမ်းသာလွန်းသူနဲ့ ဆင်းရဲလွန်းသူ အရေအတွက်က နည်းနည်းလာပြီး၊ လူလတ်တန်းစားက အများစု ဖြစ်လာပါမယ်” တဲ့။

ဒါပေမဲ့ ဒီလိုမျိုး စံတင်ထိုက်တဲ့အစိုးရမျိုးဟာ တကယ်တန်းဖြစ်လာစရာမရှိပါ။ ယိုပေါက်တွေ၊ အလွဲတွေလဲ ရှိနေမှာပါလို့ ဆိုခဲ့ပါသေးတယ်။ အတန်းအစားတခုက အာဏာ ရလာချိန်မှာ သူ့အတန်းအစား အကျိုးစီးပွါးအတွက်သာကြည့်ကြမှာ သေချာပါသတဲ့။ ဘုရင်စနစ် နဲ့ (အရစ္စတိုကရေစီ) နောက်မှာ (ပေါ်လတီ) က တတိယအကောင်းဆုံးဖြစ်ပါသတဲ့။

Tyranny အာဏာရှင်စနစ်မှာ Kingship ဘုရင်လိုလုပ်လို့ (ဘုရင်ရူး ရူးလို့) မကောင်းတာ၊ Oligarchy (အိုလီဂါခီ) မှာတော့ Aristocracy (အရစ္စတိုကရေစီ = ရေပေါ်ဆီကသာ လွှမ်းမိုးခြင်း) ဖြစ်လို့ မကောင်းတာ၊ ဒီမိုကရေစီမှာ Corruption အဂတိလိုက်စားမှု၊ ချစားမှုရှိလို့ မကောင်းတာဖြစ်ပါသတဲ့။

ကနေ့ မြန်မာပြည်ရဲ့ (ပေါ်လတီ) ဘာစီနဲ့ဆင်ပါသလဲ၊ ဘာခီနဲ့ တူပါသလဲ။

ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၃