Tuesday, March 19, 2013

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ

China’s Strategic Misjudgement on Myanmar (By Yun Sun)
Journal of Current Southeast Asian Affairs
SUN, Yun (2012), China’s Strategic Misjudgement on Myanmar, in: Journal of Current Southeast Asian Affairs, 31, 1, 73-96 ကို ဘာသာပြန်ပြီး The Voice Weekly တွင် အခန်းဆက်ဖေါ်ပြနေသည့် စာတမ်းဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ (၁)

စာတမ်း ရေးသားပြုစုသူ ယန်ဆန်းသည် ဘေကျင်းတွင် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အထိ အခြေစိုက် နေထိုင်ခဲ့ပြီး International Crisis Group ၏ တရုတ်အရေး လေ့လာသူ တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဤစာတမ်းသည် အမေရိကန် ပြည်ထောင်စု Brookings Institution ရှိ အနောက်မြောက် အာရှ မူဝါဒ လေ့လာရေး ဗဟိုဌာန၌ Visiting Fellow အဖြစ် ထမ်းဆောင်ခဲ့စဉ် အပြီးသတ် ရေးသားခဲ့ခြင်း ဖြစ်သည်။ သူမ၏ သုတေသနကျမ်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဗဟိုဦးစီးစနစ် အုပ်ချုပ်ရေး နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို အလေးပေး ပြုစုခဲ့သည်။ ဤစာတမ်းတွင် တရုတ်-မြန်မာ ဆက်ဆံရေး အလှည့် အပြောင်းများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစဉ်အပေါ် တရုတ်နိုင်ငံ၏ ခန့်မှန်းချက် အလွဲများ၊ အနာဂတ် အလားအလာများ အကြောင်းကို ရေးသား ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အခင်းအကျင်းမှာများစွာ အပြန့် ကျယ်လာခဲ့ပြီ ဖြစ်ရာ နိုင်ငံ့အရေး နှင့် မဟာဗျူဟာ အရွှေ့အပြောင်းများ အကြောင်း ဆင်ခြင် သုံးသပ်နိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ရခြင်း ဖြစ်ပြီး ဤဆောင်းပါးပါ ဖော်ပြချက်များ အားလုံးသည် မူရင်းပြုစုသူ၏ အာဘော်သာ ဖြစ်ပေသည်။

၁။ မဟာဗျူဟာ အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ရသည့် ၂ဝ၁၁ ခုနှစ်
1. Strategic Changes in 2011
၂ဝ၁၁ ခုနှစ်သည် တရုတ်-မြန်မာ ဆက်ဆံရေး သိသိသာသာ အေးခဲသွားစေခဲ့သော နှစ်တစ်နှစ် ဖြစ်သည်။ မြန်မာ့ပြည်တွင်း နိုင်ငံရေး ထင်မှတ်မထားခဲ့သော နှုန်းထားများဖြင့် လျင်မြန်စွာ ပြောင်းလဲလာ ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံရှိ အကျိုးစီးပွားရော အနာဂတ် မဟာဗျူဟာ စီမံကိန်းများကိုပါ ပြင်းထန်စွာ စိန်ခေါ်လာသည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ၂ဝ၁၁ ခုနှစ် မတ်လအတွင်း နိုင်ငံတော်သမ္မတကြီး ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး မကြာခင်မှာပင် တရုတ် နိုင်ငံသည် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ တိုးမြှင့် နိုင်ခဲ့သည်။ ယင်းမဟာဗျူဟာ မိတ်ဖက် လက်တွဲခြင်း၏ အဓိက အချက်များမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ စွမ်းအင် သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးစသည့် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အခြေခံ စဉ်းစား ချက်များသာ ဖြစ်နေကြောင်း တွေ့ရှိရသည်။ ယင်း Blue Print သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် အစဉ်အလာ ချစ်ကြည်မှု ပေါ်တွင် နောက်ထပ် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို ထပ်ဆောင်း မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး အာဏာလွှဲပြောင်း ရယူခဲ့ပြီး ရက်သတ္တပတ် ခြောက်ပတ် အကြာတွင် တရုတ်နိုင်ငံ၏ ဗဟို စစ်ကော်မရှင်မှ နံပါတ်(၄) ခေါင်းဆောင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ယင်းနောက် နှစ်ပတ်အကြာတွင် မဟာဗျူဟာ မြောက်ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် Comprehensive Strategic Cooperation Partnership ကို ထူထောင်နိုင်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ယူနန်ပြည်နယ် အစိုးရသည် အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ယူနန်နှင့် မြန်မာ ပေါင်းကူးတံတား ထိုးနိုင်ရန် ရည်ရွယ်သော Bridge Campaign ကို စတင် ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ နိုင်ငံရေး ထောက်ခံမှုများ ပေးအပ်ခဲ့ခြင်း အတွက် အတုံ့အလှည့် အားဖြင့် ဒေသတွင်း ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်များ၊ အဓိကအားဖြင့် အာဆီယံ အစည်းအဝေးများတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များ၊ တောင်တရုတ် ပင်လယ် အရေးကိစ္စအပေါ် မြန်မာနိုင်ငံ၏ ထောက်ခံမှုများ ရရှိအောင် ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ၂ဝ၁၁ ခုနှစ် သြဂုတ်လ နောက်ပိုင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အပေါ် အမျက်ထွက်စရာ ကိစ္စရပ်များ ဆက်တိုက် ဆိုသလို ပေါ်ပေါက်လာခဲ့သည်။ အငြင်းပွားဖွယ် မြစ်ဆုံဆည် တည်ဆောက်မှု ဆိုင်းငံ့ခြင်းနှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်း၊ အထူးသဖြင့် အမေရိကန် နိုင်ငံနှင့် အပြုသဘော ဆက်ဆံမှုများ ရောက်ရှိလာခြင်း တို့ကြောင့် တရုတ် နိုင်ငံက မြန်မာနိုင်ငံကို သစ္စာရှိ မိတ်ဆွေ နိုင်ငံအဖြစ် မှတ်ယူထားခဲ့မှုများအပေါ် ပြင်းထန်စွာ တုန်လှုပ် သွားစေခဲ့သည်။ ၄င်းအပြင် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ချမှတ်ထားခဲ့သော အုတ်မြစ်များကို လှုပ်ခါသွားစေခဲ့သည်။ အကျိုးဆက်အားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော မျှော်မှန်းချက်များကို ပြန်လည် သုံးသပ်လာခဲ့ရပြီး မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော ကတိကဝတ်များကို ပြင်ဆင် ရေးဆွဲလာခဲ့သည်။

တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း နောက်ပြန်ဆုတ်သွားမှုတို့သည် မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ အလွန် နိုင်ငံရေး အခင်းအကျင်း အပေါ် တင်ကြိုမျှော်လင့် သုံးသပ်ချက်များ လွဲမှားသွားခဲ့ခြင်းက အဓိကကျနေသည်။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလမှ မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်သည့် ကာလအထိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် ကြီးကြီးမားမား ပြောင်းလဲနိုင်ဖွယ်ရာ မရှိဟူ၍ မျှော်မှန်းထားခဲ့ကြသည်။ တရုတ် ခေါင်းဆောင်များ သည် မြန်မာပြည် တွင်းရှိ ဒီမိုကရက်တစ် အရှိန်အဟုန်ကို လျှော့တွက် ခဲ့ကြပြီး ယင်းအရှိန်အဟုန်သည် မြန်မာနိုင်ငံ စစ်ခေါင်းဆောင်ဟောင်းများအား ပြုပြင်ပြောင်းလဲလိုစိတ်များ တိုးမြှင့် ဖြစ်ပေါ်လာစေခဲ့သည်။ တရုတ်နိုင်ငံ၏ ရှုမြင်ချက်တွင် စစ်ဘက် ခေါင်းဆောင်များ အနေဖြင့် ၄င်းတို့၏ အာဏာ ဆုပ်ကိုင်ထားရှိမှု ကို မည်သည့်အခါမှ အလျှော့ပေးမည် မဟုတ်ဟူ၍ ရှုမြင်ထားပြီး အရပ်သား အစိုးရသစ် အနေဖြင့်လည်း စစ်အစိုးရနှင့် ကြီးကြီးမားမား ကွာခြားဖွယ်ရာ မရှိနိုင်ဟူ၍ မျှော်မှန်း ထားခဲ့ကြသည်။

ဒုတိယအချက် အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံနေသော အမေရိက၏ စေ့စပ်ညှိနှိုင်းမှု ကျဆုံးမည်ဟူ၍ သတ်မှတ် ထားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲများ ကျင်းပပြီးစီးသွားသည့်အချိန်၌ ဝါရှင်တန် အစိုးရက ယင်းရွေးကောက်ပွဲများ တရားမျှတမှု မရှိသလို လွတ်လပ်မှုလည်း မရှိဟူ၍ ထုတ်ပြန်ကြေညာလိုက်သည့်အခါ အမေရိကန်နှင့် ဆက်ဆံရေး ရပ်တန့်သွားပြီဟု ထင်မြင် ယူဆခဲ့ကြသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ မဟာဗျူဟာမြောက် အရွှေ့အပြောင်းများနှင့် နမူနာယူ၍ လိုက်လျောညီထွေ ဖြစ်စေရန်အတွက် နိုင်ငံရေး အပြောင်းအလဲများနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို နှေးကွေးစွာဖြင့် တဖြည်းဖြည်းချင်း ဆောင်ရွက်သွား မည်ဟူ၍လည်း တရုတ်နိုင်ငံရှိ မူဝါဒ လေ့လာသုံးသပ်သူ အများစုက ထင်မြင် ယူဆခဲ့ကြသည်။ ယုတ်စွအဆုံးဆိုရလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် မူလရှိပြီးဖြစ်သော နိုင်ငံရေးသြဇာနှင့် စီးပွားရေးအရ လွှမ်းမိုးမှုတို့ကို မြှင့်တွက်ခဲ့ကြပြီး မြန်မာပြည်သူများ၏ တရုတ် ဆန့်ကျင်ရေး တွန်းအားကို လျှော့တွက်ခဲ့ကြသည်။ အဆိုပါ လျှော့တွက်မှု များကြောင့်ပင် ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒ အပေါ် ယုံကြည်မှုများကို ပျက်ပြားသွားစေပြီး ကတိကဝတ်များ ပြိုကွဲ သွားစေသည့် ဖြစ်ရပ်များ ဖြစ်လာစေခဲ့သည်။

၂။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ အခြေခံ အကျိုးစီးပွားများ
2. China’s Basic Interest in Myanmar
မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သတ်မှတ်ထားရှိသော တရုတ်နိုင်ငံ၏ အခြေခံ အကျိုးစီးပွားများတွင် အခြေခံအကြောင်းရင်း သုံးချက်ပါ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) နယ်စပ်ဒေသ တည်ငြိမ်ရေး Border Stability
(၂) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Economic
(၃) စွမ်းအင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း Energy Transportation Route

ယင်းတို့အနက် နယ်စပ်ဒေသ တည်ငြိမ်ရေးမှာ ထိပ်တန်းဦးစားပေးဖြစ်သည်။ (၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်း ဘေကျင်းနှင့် ကူမင်းရှိ တရုတ်အရာရှိများနှင့် တွေ့ဆုံမေးမြန်းချက်များအရ) ၂ဝဝ၉ ခုနှစ် ကိုးကန့်အရေး ကိစ္စတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသား အဖွဲ့အစည်း များအကြား ရန်လိုမှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို တရုတ် အစိုးရမှ သတိပြုမိ ခဲ့ကြသည်။ အဆိုပါ ပဋိပက္ခတွင် ဒုက္ခသည် ၃၇ဝဝဝ ကျော်ကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် အတွင်း ခိုလှုံ လာစေခဲ့ပြီး နယ်စပ်ဒေသများ တစ်လျှောက် တည်ငြိမ်မှု ထိန်းသိမ်းထားရှိရန် တရုတ် အာဏာပိုင်များအား ဖိအားများ ဖြစ်ပေါ် လာစေခဲ့သည်။

၂-၁။ နယ်စပ်ဒေသ တည်ငြိမ်ရေး
2.1 Border Stability
၂ဝ၁ဝ ရွေးကောက်ပွဲများ မတိုင်မီ ဖြစ်ပေါ်ခဲ့သော ကိုးကန့်အရေး အခင်းသည် တိုင်းရင်းသား အရေးကိစ္စများ၏ ဖြေရှင်းချက်တစ်ရပ် အနေဖြင့် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းရေး Peaceful Negotiation ကို အလေးပေး လာစေခဲ့သည်။ အဆိုပါ ပဋိပက္ခ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား နေပြည်တော် အစိုးရမှ လက်နက် စွန့်လွှတ်စေပြီး နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အတင်းအကျပ် ပြောင်းလဲစေခြင်းများ ဆက်လက်လုပ်ဆောင်လာပြီး အကျိုးဆက်အားဖြင့် စစ်ရေး ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပေါ်လာမည်ကို တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ပူပန် လာစေခဲ့သည်။ ထိုသို့ ဆိုးကျိုးများကို ရှောင်လွှဲနိုင်စေရန်အတွက် တရုတ် အစိုးရသည် ယင်း၏ သံတမန်ရေး သြဇာကို အသုံးချခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ရှိ အဓိက လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသော KIA နှင့် UWSA တို့နှင့် နေပြည်တော် အစိုးရအကြား တိတ်တဆိတ် ကြားဝင်ဆောင်ရွက်လာခဲ့သည်။ ငြိမ်းချမ်းမှုကို ရအောင်ယူ၊ တွေ့ဆုံဆွေးနွေးမှုများ မြှင့်တင် Persuading for Peace and Promoting Talks မဟာဗျူဟာကို တရုတ် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများတွင် ကျင့်သုံး ဆောင်ရွက်လာခဲ့သည်။ တရုတ်ထိပ်တန်း ခေါင်းဆောင်များသည်လည်း နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းမှုများ ထိန်းသိမ်းထားရှိရေးအတွက် မြန်မာခေါင်းဆောင်များကို လူသိထင်ရှား လက်ချာပေးခြင်းများ ဆောင်ရွက်လာခဲ့သည်။ (တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂ဝဝ၉ ခုနှစ် ထုတ်ပြန်ချက်များ၊ ဘီဘီစီ၏ ၂ဝ၁ဝ ခုနှစ် ဖော်ပြချက်များ၊ တရုတ် သတင်းဌာန ၏ ၂ဝ၁ဝ ထုတ်ပြန်ချက်များ)။

ယူနန်အရာရှိ များသည်လည်း KIA ခေါင်းဆောင်များ၊ UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံကြသည့်အခါတိုင်း စစ်မဖြစ်စေရေးနှင့် သည်းခံညှိနှိုင်းရေးတို့ကို တွင်တွင်ကျယ်ကျယ် ပြောကြားပြီး ဆွယ်တရားဟော Lobby လုပ်ခဲ့ကြသည်။ (၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်း ကူမင်းမှ အရာရှိများနှင့် တွေ့ဆုံ မေးမြန်းခန်းများ)။

၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်း တည်ငြိမ်သော အာဏာ လွှဲပြောင်းမှုများ တွေ့မြင်ရခြင်းကို တရုတ်နိုင်ငံက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ဤသို့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းနိုင် ခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထားရှိသော တရုတ်အစိုးရ၏ ရပ်တည်ချက်များ အပေါ် သက်ရောက်မှုများ ဖြစ်ပေါ် လာစေခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သစ္စာရှိ မိတ်ဆွေရင်း ဖြစ်ပြီး တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရာတွင် တရုတ် နိုင်ငံ၏ အကူအညီကို လိုလားနေသည် ဟူသော ယူဆချက်များအရ တရုတ်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထားရှိသော ရပ်တည်ချက် မှာလည်း ရှေ့မတိုးနောက်မဆုတ် အနေအထားကို ထိန်းသိမ်းခြင်းမှသည် အမျိုးသားပြန်လည် ပေါင်းစည်းရေး ဆီသို့ သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ ဤယူဆချက် အသစ်ကို ဘေကျင်းနှင့် ယူနန်ရှိ မြန်မာ့အရေး ကျွမ်းကျင်သူ ထိပ်တန်းပညာရှင်များက ထပ်ခါတလဲလဲ ပြောကြားခဲ့ကြသည်။ (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် နေပြည်တော်အစိုးရ၏ အခြေခံ အခွင့်အရေး ဖြစ်သည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ယင်းတို့ လက်ဝယ်ရှိ ကိုယ်ပိုင် ရပ်တည်ခွင့်နှင့် လက်နက် ကိုင်ဆောင်ထားမှုတို့ကို ထာဝရ ထိန်းသိမ်းထားနိုင်ရန် မျှော်မှန်းနိုင်မည် မဟုတ်ဟူ၍ ဘေကျင်းနှင့် ကူမင်းရှိ အစိုးရ အရာရှိများက ၂ဝ၁၁ ခုနှစ် ဇူလိုင်လ အတွင်းက ပြောကြားခဲ့ကြသည်။)

အထက်ပါ အတွေးအမြင်သည် ၂ဝ၁၁ ခုနှစ် ဇွန်လနောက်ပိုင်း မှစ၍ KIA နှင့် တပ်မတော်အကြား လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ထားရှိသော တရုတ်နိုင်ငံ၏ မူဝါဒကို အစဉ်အဆက် လွှမ်းမိုးထားခဲ့သည်။ အကြီးအကျယ် မလိုလားဟန် ပြသခဲ့ပြီး နယ်စပ် တည်ငြိမ်ရေးကို နေပြည်တော်မှ အလေးထားရန် အပြင်းအထန် တောင်းဆိုခဲ့ သော ကိုးကန့် အရေးကိစ္စနှင့် မတူညီဘဲ တရုတ် အစိုးရသည် ဒုက္ခသည်များ စီးဝင်လာနိုင်သော နယ်ခြား ဒေသများ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့် ချထားခြင်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး သည်းခံစိတ်ရှည်ရန်နှင့် စေ့စပ် ညှိနှိုင်းရန် တောင်းဆို ခဲ့ကြသည်။ (၂ဝ၁၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲမှ)။ သို့သော်လည်း နေပြည်တော် အစိုးရနှင့် စေ့စပ် ညှိနှိုင်းရာတွင် ကြားမှ ဒိုင်လူကြီး အနေဖြင့် ပါဝင် ဆောင်ရွက်ပေးရန် ပြောကြားခဲ့သော KIA ၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သည် (Dongfangwang 2011)။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ပြဿနာ များကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များ KIA အဖွဲ့နှင့် ဝေးကွာခဲ့ရခြင်းတွင် အကြောင်းရင်းများ များစွာ ရှိနေသည်။ ပထမဆုံး အချက်မှာ စစ်ဘေးသင့် ဒုက္ခသည်များမှာ လိုင်ဇာရှိ KIA ဌာနချုပ် အနီးတွင်သာ စုဝေးခိုလှုံလျက်ရှိပြီး တရုတ်နိုင်ငံအတွင်း အရေအတွက် များစွာ စီးဝင်လာခဲ့မှု မရှိခြင်းပင်ဖြစ်သည်။ ယင်းအကျိုးဆက်ကြောင့် နယ်စပ်ဒေသ တည်ငြိမ်ရေးအပေါ် တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှုများကို လျော့နည်း သွားစေခဲ့သည်။ (၂ဝ၁၁ ခုနှစ် ဇူလိုင်လ အတွင်း KIA အရာရှိများနှင့် ရွှေလီတွင် တွေ့ဆုံ မေးမြန်းချက်အရ)။

ဒုတိယအချက်မှာ တရုတ်နိုင်ငံဘက်မှ ရှုမြင်ချက်အရ ရှမ်းပြည်နယ် အတွင်း တရုတ်နိုင်ငံမှ ဆောင်ရွက်လျက်ရှိသော တာပိန်ဆည် စီမံကိန်း ကို ထိန်းချုပ်ရန်အတွက် တပ်မတော်အား KIA က တိုက်ခိုက်နေခြင်းသည် တရုတ်နိုင်ငံကို ကြားဝင် လာစေရန် ဆောင်ရွက်နေခြင်းဖြစ်သည် ဟူ၍ ဖြစ်သည် (Dong Fang Zao Bao 2011)။ KIA တပ်ဖွဲ့များက တရုတ်နိုင်ငံ၏ စီးပွားရေး အကျိုးအမြတ်များအပေါ် လေးစားအလေးထားမှု နည်းပါးနေခြင်းသည် ကချင်ပြည်နယ် အတွင်း တရုတ်နိုင်ငံမှ ဆောင်ရွက်လျက်ရှိသော မြစ်ဆုံဆည် စီမံကိန်းအား ဆန့်ကျင်မှုများ ပိုမိုဖြစ်ပေါ် စေခဲ့သည်။ (၂ဝ၁၁ ခုနှစ်အတွင်း ဘေကျင်းနှင့် ကူမင်း တို့တွင် တွေ့ဆုံ မေးမြန်းမှုများအရ)။

တတိယအချက်အနေဖြင့် KIA ၏ နိုင်ငံရေး ရပ်တည်ချက်များကို တရုတ်အစိုးရက လက်တွေ့မကျဟု ရှုမြင်ထားသည်။ KIA သည် သီးခြားလွတ်လပ်သော နိုင်ငံထူထောင်ရေးကို အဆုံးစွန် လိုလားနေပြီး အစိုးရနှင့် ပဋိပက္ခ ဖြစ်နေခြင်းသည် နေပြည်တော် အစိုးရကို စေ့စပ် ညှိနှိုင်းရာတွင် အလေးသာမှု ရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံက သုံးသပ်ထားသည်။

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ (၂)
တရုတ်နိုင်ငံမှ ဒေသအာဏာပိုင် အရာရှိတစ်ဦး၏ အဆိုအရ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို KIA က ဆုပ်ကိုင်ထားခြင်းသည် ပကတိ အခြေအနေမှန်နှင့် လုံးဝကွဲလွဲနေကြောင်း သိရှိရသည် (၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ကူမင်း၌ တွေ့ဆုံမေးမြန်းခန်းမှ)။ နောက်ဆုံး အချက်မှာ အနောက်အုပ်စု နိုင်ငံများအပေါ် အားကိုးအားထားပြုသော KIA အဖွဲ့အပေါ် ရှေးယခင်ကတည်းကပင် မယုံမကြည် သံသယ ထားခဲ့ခြင်းပင်ဖြစ်သည်။ ကချင်အဖွဲ့အစည်းများသည် တစ်နှစ်တာ အတွင်း အကူအညီ ရရှိစေရန် ဝါရှင်တန်သို့ ကိုယ်စားလှယ် အဖွဲ့များစွာ စေလွှတ်ခဲ့ပြီး တရုတ်နယ်စပ်ဒေသ၌ အမေရိကန်များ ဝင်ရောက်လာစေနိုင်ရန် ဆောင်ရွက်ကာ တရုတ်နိုင်ငံ အကြောက်ဆုံးသော ကိစ္စကို ဖန်တီးနေသည်ဟု တရုတ်နိုင်ငံက ယူဆထားသည် (၂ဝ၁၁ ခုနှစ် နွေဦးတွင် တရုတ်နိုင်ငံဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပြောကြားချက်မှ)။ ကချင်အဖွဲ့အစည်းများနှင့် သဘောတူညီချက်များ မရရှိခဲ့သော်လည်း နေပြည်တော်နှင့် UWSA အကြား စေ့စပ် ဆွေးနွေးမှုများမှာ အကျိုးရလဒ် အများအပြား ထွက်ပေါ်လာခဲ့သည်။ စက်တင်ဘာလ အတွင်း၌ နေပြည်တော်နှင့် UWSA တို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအတွက် သဘော တူညီချက်များ ရရှိခဲ့သည်။ အဆိုပါ သဘောတူညီချက်များသည် UWSA ၏ လက်နက်ကိုင်ဆောင်ထားမှု အခြေအနေ၊ ဝတိုင်းရင်းသား များ၏ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် စသည့်ကိစ္စရပ်များကို ဖြေရှင်းနိုင်ခြင်း မရှိသော်လည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူ လက်ခံနိုင်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိစ္စရပ်များ ပါဝင်ပြီး ယင်းတို့မှာ တရုတ်နိုင်ငံဘက်မှ လိုလားနေသော ကိစ္စရပ်များလည်းဖြစ်သည်။

၂-၂ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
2.2 Economic Cooperation
မြန်မာအစိုးရသစ်သည် စီးပွားရေးနယ်ပယ်များကို ဖွင့်လှစ်ပေးလာခြင်းကြောင့် တရုတ်စီးပွားရေး လုပ်ငန်းများအတွက် မြောက်မြားလှစွာသော အခွင့်အလမ်းများ ထွက်ပေါ်လာမည်ဟု တရုတ်အစိုးရက ရှုမြင် ထားခဲ့သည်။ အာဏာလွှဲပြောင်းမှု အတော်အသင့် ချောမွေ့တည်ငြိမ်ခဲ့ခြင်းကြောင့် အစိုးရသစ်၏ တရားဝင်မှုကို ခိုင်မာစေခဲ့သည်။ နေပြည်တော် အစိုးရသစ်အနေဖြင့် အာဏာ လွှဲပြောင်း ရယူပြီးချိန်တွင် လုံခြုံရေးဆိုင်ရာ ထိပ်တန်း စိုးရိမ်ပူပန်မှု များကို ဖြေရှင်း ဆောင်ရွက်ပြီးသည်နှင့် ၄င်း၏ တရားဝင်မှုကို မြှင့်တင်ရန်အတွက် ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ဆောင်ရွက်လာမည် ဟူ၍ တရုတ်အစိုးရက ယုံကြည်ထားခဲ့သည်။ ဤသည်မှာ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကို ကြုံတွေ့နေရသော မြန်မာနိုင်ငံ အနေဖြင့် အလေးပေး ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ဆန္ဒရှိနေသော လမ်းကြောင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရ အာဏာလွှဲပြောင်းရယူမှု မတိုင်မီ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ အဆိုအရ ၂ဝ၁ဝ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံအထိ တိုးတက်လာရာ ၅၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်။ မြန်မာအစိုးရဘက်မှ ထုတ်ပြန်သောစာရင်းများ အရ ၂ဝ၁ဝ ခုနှစ် ဧပြီလမှ ၂ဝ၁၁ ခုနှစ် မတ်လအထိ ကြားကာလ အတွင်း တရုတ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၇၅ ဘီလီယံ ရင်းနှီး မြှုပ်နှံခဲ့ကြောင်း သိရှိရသည်။ ယင်းရင်းနှီးမြုပ်နှံမှု အများစုမှာ သဘာဝ အရင်းအမြစ်နှင့် စွမ်းအင် ကဏ္ဍများတွင် အဓိက ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ (၂ဝ၁၁ ခုနှစ် ဆင်ဟွာသတင်းများအရ)

တရုတ်နိုင်ငံဘက်မှ စာရင်းဇယားများတွင် ၂ဝ၁ဝ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၃၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရှိရသည်။ စွမ်းအင် အသည်းအသန် လိုအပ်လျက်ရှိသော တရုတ်နိုင်ငံ အနောက်တောင်ဘက်ပိုင်း အတွက် အရေးကြီးသော ရေအားလျှပ်စစ်ထောက်ပံ့ ဖြည့်ဆည်းပေးသူအဖြစ် မြန်မာနိုင်ငံကို အလေး ထားခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၅၄ ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်စီမံကိန်းများ ဖြစ်နေသည်။ သမ္မတဦးသိန်းစိန် ဘေကျင်းသို့ အလည်အပတ် သွားရောက်ခဲ့သည့် ၂ဝ၁ဝ ခုနှစ် မေလအတွင်း ရေအားလျှပ်စစ် ဆည်စီမံကိန်းတစ်ခု၊ တရုတ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် China Development Bank မှ မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ အမေရိကန် ဒေါ်လာ ၇၄၅ သန်း ထုတ်ချေးခြင်း အပါအဝင် စီးပွားရေးဆိုင်ရာ သဘောတူညီချက် ကိုးခုကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်။

၂-၃ စွမ်းအင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း
2.3 Energy Transportation Route
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ယူနန်ပြည်နယ်သို့ သွယ်တန်းသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ အနက် အရေးအကြီးဆုံးသော စီမံကိန်းဖြစ်သည်ဟု တရုတ်နိုင်ငံက လက်ခံထားသည် (၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်ကျွမ်းကျင်သူ များနှင့် တွေ့ဆုံမေးမြန်းချက် အရ)။ အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသများမှ ရေနံ တင်ပို့မှုအားလုံးကို ဖြတ်သန်းနေရသည့် မလက္ကာ ရေလက်ကြားအား မှီခိုအားထားနေရသည့် အခြေအနေကို ရှောင်လွှဲနိုင်မည်ဟု တရုတ်နိုင်ငံက ပိုက်လိုင်း စီမံကိန်းအပေါ် မျှော်လင့် ထားခဲ့ကြသည်။ ပိုက်လိုင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ် ဇွန်လနောက်ပိုင်း ပိုက်လိုင်း စီမံကိန်းသည် ချောချောမွေ့မွေ့ဖြင့် ပုံမှန် တိုးတက်လာခဲ့သည်။ မြစ်ငယ်မြစ်နှင့် မဒေးကျွန်း တံတားထိုး ခြင်းကဲ့သို့သော အရေးကြီး အစိတ်အပိုင်းအချို့မှာ ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် ယင်းပိုက်လိုင်းသည် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံတန်ချိန် ၂၂ သန်း၊ မြန်မာနိုင်ငံ ကမ်းလွန်လုပ်ကွက်များမှ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံတို့ကို တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်မည်ဟု အကောင်းဘက်မှ ရှုမြင်ထားသည်(၂ဝ၁ဝ ဆင်ဟွာနက်)။

မလက္ကာရေလက်ကြားအား စစ်ရေးအရ ပိတ်ဆို့ထားသည့် အချိန်များတွင် ထိုကဲ့သို့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာ အားနည်းချက် ပပျောက်နိုင်ခြင်း မရှိဟု တရုတ်ကျွမ်းကျင်သူများက မှန်းဆထားသော်လည်း ၂ဝ၁၃ ခုနှစ်၌ ပိုက်လိုင်းစီမံကိန်း ပြီးစီးသွား သည်နှင့် မြန်မာနိုင်ငံနှင့် သာမက အရှေ့တောင်အာရှ နှင့်ရော တောင်အာရှနှင့်ပါ ကုန်သွယ်မှုများ တောက်လျှောက် မြင့်မားလာမည် ဟု မျှော်လင့်ချက်များ မြင့်မားစွာ ရှိထားကြသည်။ တစ်ချိန်တည်း မှာပင် ယူနန်အာဏာပိုင်များအနေဖြင့် ရေနံနှင့် ဓာတုလုပ်ငန်းများကို ၄င်းတို့ပြည်နယ်၌ ထားရှိ ထူထောင်ရန် စဉ်းစားနေကြပြီး ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ယူနန်ပြည်နယ်အား တရုတ် အနောက်တောင်ပိုင်း ၏ စွမ်းအင်နှင့် ကုန်သွယ်မှု ဗဟိုချက်အဖြစ် ရောက်ရှိလာစေမည် ဖြစ်သည် (၂ဝ၁ဝ ပြည့်နှစ် တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာ)။

၃။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာလမ်းပြမြေပုံ
3. China’s Strategic Blueprint for Myanmar

၃-၁ တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာအမြင် တိုးတက်ပြောင်းလဲလာခဲ့ပုံ
3.1 Evolution of China’s Strategic Perception of Myanmar
နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ချိန် နောက်ပိုင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မဟာဗျူဟာ ရှုမြင်ချက်မှာ မတူညီသော အဆင့်များကို ဖြတ်သန်းလာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အချိန် အတော်များများတွင် အရေးပါသော အခန်းကဏ္ဍ၌ တည်ရှိခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ PRC ဟူ၍ စတင်ထူထောင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှာပင် ဘေကျင်း အစိုးရနှင့် သံတမန်အဆက်အသွယ် စတင် ထူထောင်ခဲ့သည့် ပထမ ဦးဆုံးသော ဆိုရှယ်လစ်မဟုတ်သည့် နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံအား နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထီးကျန် မဖြစ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သော ပထမဦးဆုံးသော တတိယကမ္ဘာ နိုင်ငံလည်းဖြစ်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ နိုင်ငံရေးဆက်ဆံမှု-ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှာ နှစ်နိုင်ငံ ဆက်ဆံရေး၏ မဏ္ဍိုင်ကြီး ဖြစ်ခဲ့သည်။ နိုင်ငံရေးအရ ဆက်ဆံမှုမှာများစွာ ခိုင်မာခဲ့သော်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော အခြားဆက်ဆံရေး များမှာ နောက်ကျ ကျန်ရစ်ခဲ့သည်။ ဤကာလများ၌ တရုတ်နိုင်ငံ၏ နိုင်ငံရေး မိတ်ဆွေတစ်ဦး အဖြစ်သာ မြန်မာနိုင်ငံကို တွေ့မြင်ရသည်။

၂ဝဝဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံမှ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရင်းအမြစ်အသစ်များ၊ ဈေးကွက်အသစ်များ စတင်ရှာဖွေ ဆောင်ရွက်လာခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိခြင်း၊ ရေအားလျှပ်စစ်၊ တွင်းထွက်၊ သစ်၊ ကျောက်စိမ်း စသည့် သဘာဝ အရင်းအမြစ်များပေါများ ကြွယ်ဝခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် တရုတ်ရင်းနှီးမြှုပ်နှံမှု များနှင့် စီးပွားရေး လုပ်ငန်းများ၏ ဦးတည်ရာ ဖြစ်လာခဲ့သည်။ ကနဦးတွင် နယ်စပ်ကုန်သွယ်ရေးကဏ္ဍက ဦးဆောင် ပေါ်ထွက်လာခဲ့ပြီး မကြာခင်မှာပင် မြန်မာနိုင်ငံမှ စွမ်းအင်နှင့် တွင်းထွက်များ ရှာဖွေဆောင်ရွက်သော တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးများ၊ စီးပွားရေး လုပ်ငန်းကြီးများ ကြီးစိုးလာခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဒုတိယအများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ဤကာလများအတွင်း သဘာဝ အရင်းအမြစ်များနှင့် ကုန်ကြမ်းများ ပံ့ပိုးထောက်ပံ့ပေးနေသော မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အထူး အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

သို့ဖြစ်၍ အထက်ပါ ပြောင်းလဲတိုးတက်လာမှုများအရ တရုတ် နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် (၁) နိုင်ငံရေး မိတ်ဖက်၊ (၂) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့မှာ အဓိကအုတ်မြစ်နှစ်ခု အဖြစ်သာရှိခဲ့ပြီး မြန်မာနိုင်ငံ၏ မဟာဗျူဟာအရ အရေးပါမှုမှာ များများစားစား ပါဝင်မှုမရှိခဲ့ကြောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ လေ့လာ သုံးသပ်သူများ၊ အရာရှိများက ပြောကြားကြရာတွင် အိန္ဒိယသမုဒ္ဒရာသို့ သွားရောက်နိုင်သည့် ကော်ရစ်ဒါ တစ်ခုအနေဖြင့် သတ်မှတ် ထားရှိခဲ့ကြောင်းတွေ့ရှိရသော်လည်း ယင်းကော်ရစ်ဒါ၏ ရည်ရွယ်ချက်မှာလည်း ကုန်သွယ်မှု နှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုရန်သာ ဖြစ်နေသည်။

မြန်မာ-တရုတ် ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည့် အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းအားထုတ်မှုများကို လေ့လာ သုံးသပ်ကြရာတွင်လည်း ဝါရှင်တန်အစိုးရ၏ မဟာဗျူဟာ ရည်မှန်းချက်ကိုသာ အလေးထားနေကြပြီး မြန်မာနိုင်ငံ၏ ကိုယ်ပိုင် မဟာဗျူဟာ တန်ဖိုးကို ထည့်သွင်းတွက်ချက်မှု မရှိကြောင်းတွေ့ရှိရသည်။ ယေဘုယျအားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် တရားဝင် (သို့မဟုတ်) ခိုင်မာသော မဟာဗျူဟာမြောက် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ရန် ထက်ထက်သန်သန် ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။

(ဆက်လက်ဖော်ပြပါမည်။)
မှူးဇော်