Thursday, March 14, 2013

လက်ပံတောင်းမှာ သမင်ပြစ်ထွက်ခြင်း

လက်ပံတောင်း အစီရင်ခံစာထွက်လာတာနဲ့ အသံတွေ အတော်ကြီးညံပါတယ်။ မျက်မမြင်ပုဏ္ဏား ၆ ယောက်ကနေ ဆင်တစ်ကောင်ကို ကိုင်တွယ်စမ်းသပ်ပြီးသကာလ ကောက်ချက်ချကြတာမှာ ၆ မျိုးထွက်တဲ့ပုံပြင်ကို လူတိုင်းက နားရေဝပြီး ဖြစ်ပါမယ်။ အခုအဖြစ်ကတော့ ကားလိပ်ကြားကနေ ဘွားကနဲ ဆင်ကောင်ကြီးပေါ်လာတယ်ဆိုရင်ပဲ စူးရှတဲ့ မျက်လုံးတွေနဲ့သာ ကြည့်ကြတာမို့ ပြောင်မြောက်တဲ့ အရေးအသားတွေ၊ အသံသြဇာပါပါနဲ့ ဝေဖန်သမှု ပြုကြတာတွေဟာ စဉ်တိုက်ဆက်တိုက်ပါပဲ။

လက်ပံတောင်း အစီရင်ခံစာထွက်လာတာနဲ့ အသံတွေ အတော်ကြီးညံပါတယ်။ မျက်မမြင်ပုဏ္ဏား ၆ ယောက်ကနေ ဆင်တစ်ကောင်ကို ကိုင်တွယ်စမ်းသပ်ပြီးသကာလ ကောက်ချက်ချကြတာမှာ ၆ မျိုးထွက်တဲ့ပုံပြင်ကို လူတိုင်းက နားရေဝပြီး ဖြစ်ပါမယ်။ အခုအဖြစ်ကတော့ ကားလိပ်ကြားကနေ ဘွားကနဲ ဆင်ကောင်ကြီးပေါ်လာတယ်ဆိုရင်ပဲ စူးရှတဲ့ မျက်လုံးတွေနဲ့သာ ကြည့်ကြတာမို့ ပြောင်မြောက်တဲ့ အရေးအသားတွေ၊ အသံသြဇာပါပါနဲ့ ဝေဖန်သမှု ပြုကြတာတွေဟာ စဉ်တိုက်ဆက်တိုက်ပါပဲ။

မျက်စိမမြင်လို့ ဆင့်နားရွက်ကိုသာစမ်းမိသူကနေ ဆင်ဟာယပ်တောင်လိုပဲထင်တာ ဒုက္ခိတအမြင်ဖြစ်ပြီး ရိုးပါတယ်။ အမြင်တွေအကြားတွေ အာရုံတရားတွေ ကောင်းလှသူတွေရဲ့ သုခိတအမြင်တွေမတူကြတာ ဘာလို့ပါလဲ။

အပြီးသတ်အစီရင်ခံစာမှာ အဓိကရုဏ်းဖြိုခွင်းရာမယ် အသုံးပြုခဲ့တဲ့လက်နက်ဟာ မီးခိုးဗုံးလို့ ပါတယ်။ ကော်မရှင် ဥက္ကဋ္ဌကလဲ ရေဒီယိုမှာ ရှားရှားပါးပါး အင်္ဂလိပ်စကားလုံးသုံးပြီး၊ Smoke bomb လို့ပြောပါတယ်။ ဒါဟာ လုံခြုံရေးအသုံး စကားလုံးဖြစ်ပါတယ်။ ဆေးပညာအရ ပြောရရင်တော့ ဆရာဝန်တွေဟာ ဒဏ်ရာကိုစစ်ဆေးပြီး၊ လူနာပြောတာကို တိုက်ရိုက်ယူရလေ့ ရှိပါတယ်။ ကျွန်တော့်ဆီမှာ ဆေးကုလာရင်တော့ လက်နက် အိတ်စပတ် မဟုတ်လို့ ဒီလိုချရေးမိမှာပါ “မီးအကြီးအကျယ် လောင်စေသော တရားဝင်မီးခိုးဗုံးဟု ခေါ်ဆိုသည့်လက်နက်” လို့ရေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ချက်ချင်းဆိုသလို အခင်းဖြစ်ရာက လူထုဆီလာခဲ့တယ်။ ရှင်းစရာတွေရှင်း မေးတာတွေ ပြန်ဖြေပါတယ်။ သူကချည်းပြောသွားတာလို့လဲ ပြန်ပြေတာ ကြားမိပါတယ်။ ကော်မရှင်က စစ်ဆေးကြားနာပြီးဖြစ်တာမို့ ထွက်တဲ့အစီရင်ခံစာကို နားလည်စေအာင် လာရှင်းပြတာပါ။ ထပ်ပြီးနားထောင်ဘို့ရာ အချိန်တ်တော့ တခ့ နားထောင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က အသင့်ရေးထားတဲ့ကြောညာချက်ကို ဖတ်ပြတာ မဟုတ်တာကို သတိပြုစေချင်ပါတယ်။ နဝတ၊ နအဖ ခေတ်မှာ ဇာတ်လမ်းတွေဆင်ပြီး ဇယားတွေဆွဲပြီး သတင်းစာရှင်းလင်းပွဲမျိုးနဲ့ဆို ဆီနဲ့ရေလို ကွာခြားပါတယ်။ ဒါက အချက်လေးတခုပါ။

လူတချို့ဟာ တုံ့ပြန်တာလွယ်တတ်ကြတယ်။ ကောက်ချက်ဆွဲတာမှာလဲ အခုမြင်လိုက်ရတာကို ကြည့်ပြီး၊ ကြားပြီး၊ ဖတ်ပြီး၊ ချက်ချင်းကြီး ကံတရားလေးပါးနဲ့ စဉ်းစား-ရေးသား-ပြောဆို-ပြုမူတတ်ကြတယ်။ အဖြစ်အပျက်တခုတိုင်းမှာ ထင်ပေါ်သူ၊ ထိပ်ဆုံးကလူကို ဦးတည်လေ့ရှိပါသေးတယ်။ ရခိုင်မှာ ပြဿနာတွေ ပွက်ပွက်ဆူချိန်မယ် အစိုးရကနေ ရပ်တည်ချက်တခု ထုတ်ပြန်ခဲ့တယ်။ အစိုးရသဘောတားက ကိုယ့်ဆန္ဒနဲ့ ကိုက်ညီတာမို့ ချက်ချင်းကြီးဆိုသလို သမ္မတကို ချီးမွမ်းထောပဏာ ပြုလိုက်ကြတယ်။

မကြာပါဘူး ကချင်ဒေသမှာ ထိုးစစ်တွေဆင်၊ လေယာဉ်တွေသုံးတော့ အဲဒီလူပုဂ္ဂိုလ်ကိုပဲ ရစရာမရှိအောင် အပြစ်တင်ကြပြန်ပါရော။ “အာဝါ ပရက်ဆီးဒင့်” လုပ်သူနဲ့ “အလိုမရှိ” လုပ်သူ အတူတူတော့ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဟုတ်တာလဲပါမှာ မလွဲပါ။ ဖြစ်သင့်တာက စိတ်မစောဘို့၊ မလောဘို့လိုပါတယ်။ အမြန်အဆန် တုံ့ပြန်လိုက်မိတော့ ရခိုင်ဒေသကအရေးမှာ ကိုယ်နဲ့ဘာသာမတူသူတွေက လုပ်ကြတာပဲဆိုပြီး အဲဒီဘာသာတရားကိုပါ ပြစ်တင်မိကြရာကနေ အမှိုက်ကစ ပြဿဒ်မီးလောင်စေခဲ့တယ်။ ဘာသာမတူသူတွေကြား မလိုအပ်ပဲ အမုန်းပွါးစေခဲ့တယ်။ အမှန်က တိုင်းတပါးသားတွေ တရားမဝင် လူတွင်ကျယ်လာလုပ်တာကို တားဆီးရေး ဦးတည်ရမှာသာ ဖြစ်တယ်။ ကျယ်ကျယ် လောင်လောင် စူးစူးဝါးဝါးအော်လို့ကော တိုင်းတပါးသားအရေး အေးပါပြီတဲ့လား။

ဒေါ်စု ဒီတခါ မုံရွာလာတာ အရင်တခါနဲ့မတူပါ။ ဒီတခါမှာ ဆန္ဒအပြခံရတာဟာ စစ်အစိုးရလက်ထက်တုံး လူတွေကို ဇွတ်ခေါ်ပြီးလုပ်တဲ့ ဆန့်ကျင်ပွဲကြီးတွေနောက်မှာ ဒါပဌမဆုံး ရင်ဆိုင်ရတာဖြစ်ပါတယ်။ ဒီမိုကရေစီမှာ ဒါမျိုးတွေ လာအုံးမှာပါ။ ပါတီဥက္ကဌ ပူပူနွေးနွေးက မသိမရှိပါ။ ရဲရဲကြီးလာပါတယ်။ ဘယ်သူကမှဖိတ်လို့၊ ခိုင်းလို့လည်း မဟုတ်ပါ။ လက်ပံတောင်းအစီရင်ခံစာ မထွက်ခင်ကတည်းကလည်း စဉ်းစားပြီးသား ဖြစ်မယ်လို့ ယူဆရင် မှားမယ်မထင်ပါ။ စီးပွါးရေးမှာဖြစ်ဖြစ် နိုင်ငံရေးမှာဖြစ်ဖြစ် “တွက်ချက်ပြီးသား အန္တရာယ်” ဆိုတာမျိုး၊ ရှောင်လွဲလို့မရတဲ့ အခြေအနေမျိုးကို သိသိကြီးနဲ့ ရွေးရတတ်ပါတယ်။

လူတဦးစကားပြောတာကို အသေအချာကြည့်ပါ။ ပိုင်ပိုင်နိုင်နိုင်ပြောနေတာလား။ လိန်ဆင်တွေလား။ အရေးကြီးတာတခုက ပြောတာကိုလဲ “စာကြောင်းတွေကြားမှာ ဘာများပါသလဲ သိအောင်လုပ်ပါ” လို့ အင်္ဂလိပ်လို ဆိုရိုးစကားရှိပါတယ်။ နောက်ပြီး “မပြောပဲချန်ထားတာ ဘာရှိသလဲဆိုတာက ဒီအရေးမှာ အရေးအကြီးဆုံး စဉ်းစားစရာဖြစ်ပါတယ်။” တွေးယူရင် မှန်တာတွေရော ကျန်တာတွေပါ ရှိနိုင်ပါတယ်။ တိုင်းပြည်တိုင်းမှာ နိုင်ငံထိပ်သီး၊ အဖွဲ့အစည်းခေါင်းဆောင်တွေဟာ အရာရာတိုင်းကို ထုတ်မပြောကြပါ။ တေမိမင်းသား စကားမပြောတာ အကြောင်းရှိတယ် မဟုတ်ပါလား။

လပိုင်းအတွင်းမှာသာ မဲရွေးပွဲလုပ်ရင် ဒေါ်စုကို မဲပေးမဲ့သူအရေအတွက်ဟာ အစီရင်ခံစာမထွက်ခင်ကထက် နည်းမှာပါ။ ဒီလိုတွေ ဖြစ်လာအောင် လက်ရှိအစိုးရက တမင်အကြံနဲ့ ဒေါ်စုကို ကော်မရှင်ဥက္ကဋ္ဌတာဝန်ပေးလိုက်တာလို့ မထင်ပါ။ အခုလို ဆူညံသံတွေ ဖြစ်နေတာအတွက်လဲ လက်ရှိ “အာဏာယူပါတီ” က လက်ခမောင်းခတ်နေမယ်လဲ မထင်ပါ။ သမ္မတနဲ့ ဒေါ်စု တကြိတ်တည်းတဥာဏ်တည်း လုပ်နေတာလို့လဲ မယူဆပါ။ စစ်တပ်ကလည်း ကွယ်ရာမှာ ရယ်သွမ်းသွေးနေမယ်လို့လဲ မထင်ပါ။

မြန်မာပြည်မှာ အပြောင်းအလဲတခုဆီ ဦးတည်နေတယ်။ ဘယ်ဘက်ကမှ မနိုင်ကြလို့ ကြားနည်းကို နှစ်ဖက်လုံးက ရွေးလိုက်ကြပြီး လုပ်နည်းသစ်နဲ့ စခန်းသွားနေကြချိန်ဖြစ်တယ်။ မကြိုက်သူတွေကလဲ မကြိုက်ပဲနေခွင့် အပြည့်အဝ ရှိကြပါတယ်။ လက်တွေ့ဖြစ်နေတာကတော့ အရှိတရားပါ။ အခုနောက်ဆုံးဖြစ်ပေါ်မှုဟာ ဘေးတိုက်ယှဉ်ပြီး (လက်တွဲဆိုတဲ့ အသုံးအနှုန်း မဟုတ်ပါ) ခရီးဆက်ဘို့ရာ တဆင့်တက်လာစေမယ်လို့ ယူဆပါတယ်။

ဒါဖြင့်ရင် ဒေါ်စုကို ရင်ထဲကထုတ်လိုက်ပြီး နေပူကြီးထဲမှာ ရဲတွေနဲ့ ရင်ဆိုင်နေကြသူတွေအတွက် ထည့်မတွက်တာလား မေးနိုင်ပါတယ်။ လူထုလှုပ်ရှားမှု အလွန့်အလွန် အရေးကြီးပါတယ်။ လိုအပ်ရင် ထပ်လုပ်ရအုံးမှာပါ။ တခုတော့ ထောက်ပြပါရစေ။ လှုပ်ရှားမှုမှာ ဘယ်သူ့ကို ပစ်မှတ်ထားမလဲ။ ဒေါ်စုကိုလား၊ ဝမ်ပေါင်ကိုလား၊ ဦးပိုင်ကိုလား။ သုံးခုလုံးလား။ ဘယ်ဟာကိုမှ မထားပါနဲ့လို့ မတားပါ။ “ပျော့တဲ့ပစ်မှတ်” ရွေးပြီး လုပ်ကြတာ ထုံးစံပါ။ ကျွန်တော့်သဘောက နောက်နှစ်ခုကို ဦးတည်စေချပါတယ်။ ဘာလို့လဲဆိုတော့

“ဒေါ်ပေါင်” ကို ဒီနေရာမှာ မပြောသေးပါ။ “ဦးပိုင်” ကိုတော့ ပြောချင်ပါတယ်။ “၂ဝဝ၆-ဝ၇ ဘဏ္ဍာရေးနှစ်အတွင်း ဦးပိုင်လီမိတက်ဟာ အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းလောက် ရှာနိုင်ခဲ့တယ်။ ၂ဝဝ၂ ခုနှစ်ကစပြီး သဘာဝ ဓာတ်ငွေ့အတွက် ထိုင်းနိုင်ငံကနေ အတိုးရောအရင်းပါ ဒေါ်လာငွေ ၅ ဘီလီယံနီးပါးရခဲ့တယ်။” ဒါက နမူးနာအတိုချုပ် အချက်ကလေးသာ ဖြစ်ပါတယ်။

မကြာသေးခင်က ရေဒီယိုဆွေးနွေးခန်းတခုမှာ အစိုးရဘတ်ဂျက်ထဲက ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်အကြောင်း ဆွေးနွေးကြတဲ့အခါ အမတ်မင်းများကနေ (ဘယ်ပါတီကလဲ မေးစရာမလိုပါ) တပ်မတော်သား သားသမီးတွေ ကျောင်းပို့ရင် အရပ်သားအစိုးရဝန်ထမ်းတွေလို မဟုတ်ဘူး၊ ဒါကြောင့် ဘာညာ၊ ပိုပေးသင့်ပါတယ်လို့ ပြောသွားတယ်။ မှိုချိုးမျှစ်ချိုး ပြောချင်လာမိတယ်။ အမတ်တွေပြောကြတာ “စိတ်ပျက်စရာ အလွန်ကောင်းလွန်းပါတယ်။”

မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်မှာ ရည်ရွယ်ချက် (၄) ချက်ရှိပါတယ်။ တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေးလို့ ပါထားပါတယ်။ ဒါကြောင့် တပ်မတော်သား မိသားစုတွေအတွက် အစိုးရဘတ်ဂျက်ထဲက ယူနေစရာ မလိုလောက်အောင် ပေါကြွယ်လွန်းနေတဲ့ ဦးပိုင်ကို ပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ရှိ-မရှိ သိချင်သင့်ကြပါတယ်။ တပ်မတော်ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။

မျက်မမြင်ဥပမာ ထပ်ပေးပါရစေ။ သုဝဏ္ဏသာမဇာတ်တော်ထဲမှာ ဘုရားအလောင်းဟာ မြားမှန်တဲ့အခါ မြားပြစ်သူကိုအရင် မစူးစမ်းပါ။ မျက်မမြင်ဒုက္ခိတ မိဘနှစ်ပါးအတွက် သူ ပူပင်လွန်းလို့ ငိုကြွေးပါတယ်။ ဒီဇာတ်တော်မှာ မြားပြစ်သူက ဘုရင်မင်းတပါး ဖြစ်ပါတယ်။ အခုဖြစ်နေတာ ဒီသဘောပါပဲ။ ဒေါ်စုရဲ့စဉ်းစားချက်ဟာလဲ နှလုံးသားရော ဦးနှောက်ပါ အသုံးချလိုက်တာလို့ အခိုင်အမာ ယုံကြည်ပါကြောင့်း့

သမင်ပြစ်တဲ့မြား သမင်ကိုသာ မှန်ပါစေဗျား။ နဂါးအတွက် အားတွေ မဖြုန်းကြပါနဲ့။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၃