Friday, March 1, 2013

မြန်မာ့အရေး ဘာရောင်ပေးမလဲ

တော်လှန်ရေးတွေ၊ အပြောင်းအလဲကြီးတွေကို အရောင်တွေနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ “ကာလာ ရီဗော်လူးရှင်း” ဆိုတာတွေ တကမ္ဘာလုံးမှာရှိပါတယ်။ ၁၉၈၆ ဖိလစ်ပိုင်မှာ အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးကို “အဝါရောင်တော်လှန်ရေး” လို့ အမည်ပေးထားတယ်။ ၂ဝဝ၄ ယူကရိန်းမှာ ဖြစ်ပျက်တာကို “လိမ်မော်ရောင်တော်လှန်ရေး”၊ ၂ဝဝ၂-၂ဝဝ၅ ကူဝိတ်မှာ “အပြာရောင်တော်လှန်ရေး”၊ ၂ဝဝ၅ အီရတ်မှာ “ခရမ်းရောင်တော်လှန်ရေး”၊ ၂ဝဝ၉-၂ဝ၁၁ တွေက အီရန်မှာ “အစိမ်းရောင်တော်လှန်ရေး” အမည်တွေ ပေးခဲ့ကြတယ်။

ဒီလိုနဲ့ ၂ဝဝ၇ မြန်မာ့သံဃာ့လှုတ်ရှားမှုကို “ရွှေဝါရောင်တော်လှန်ရေး” လို့ နာမည်ပေးလိုက်ကြတယ်။ ဒါတွေဟာ နာမည်ပေးကောင်းသူတွေက ပေးတာပါ၊ ဦးဆောင်ခဲ့တဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ သံဃာတော်တွေက ပေးတာ မဟုတ်ပါ။

အလားတူဘဲ ပန်းတွေနာမည်ပေးကြတာလည်း ရှိသေးတယ်။ ၂ဝဝ၃ ဂျော်ဂျီယာ အဖြစ်အပျက်ကို “နှင်းဆီတော်လှန်ရေး”၊ ၂ဝဝ၅ ကဇာစတန်မှာဖြစ်တာကို “ကျူးလစ်တော်လှန်ရေး”၊ ၂ဝ၁ဝ ကျူနီးရှားမှာ “စပယ်တော်လှန်ရေး”၊ ၂ဝ၁၁ အီဂျစ်မှာ “ကြာပန်းတော်လှန်ရေး” လို့ အမည်ပေးတယ်။ စပယ်နာမည်က လူကြိုက်များတယ်။ ၂ဝ၁ဝ မှာစခဲ့တဲ့ အာရပ်နွေဦးကိုလဲ ခေါ်တယ်။ ၂ဝ၁၁ တရုတ်မှာဖြစ်တာကိုလဲ ခေါ်ပါတယ်။

အခု မြန်မာနိုင်ငံက အပြောင်းအလဲတွေကိုကော ဘယ်လို အရောင်တွေ၊ ပန်းတွေ အမည်ပေးကြချင်ပါသလဲ။ ထူးခြားတာ နမူနာယူချင်ပါသလား။ ၂ဝဝဝ ခုနှစ်တုံးက ယူဂိုဆလားဗီးယားမှာ ဖြစ်သွားတာကို “ဘူလ်ဒိုဇာ တောင်လှန်ရေး” တဲ့။ ဒါဖြင့်ရင် မြန်မာပြည်မှာ အခုဖြစ်နေတာကို “ထော်လာဂျီတော်လှန်ရေး” လို့ ပေးမလား။ ထွန်စက်ကို လူစီး၊ ပစ္စည်းသယ် လုပ်နေရတာမို့ မရှိသုံးယာဉ်၊ တလွဲသုံးယာဉ်ဖြစ်ပါတယ်။ “ကနေ့အပြောင်းအလဲဟာ မရှိသုံး၊ တလွဲသုံး မဖြစ်ပါစေနဲ့။”

အခု ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီရနေပြီ၊ မရသေးဘူး၊ အလင်းရောင်တော့ လှမ်းမြင်နေရပြီ၊ ဘယ်လောက်တော့ ရောက်နေပြီ၊ ဘာညာစသဖြင့် ဝေဖန်အကဲဖြတ်မှုတွေ တယောက်တမျိုး ပြောကြ၊ ဟောကြ၊ ရေးကြပါတယ်။ ကိုယ့်ဒေါင့်ကနေ ကြည့်ကြတာ မမှားပါ။ “အပြည့်အဝ” လို့တော့ အုပ်ချုပ်နေသူတွေကတောင်မှ မပြောကြတာမို့ ထူပြီး ငြင်းစရာ မဟုတ်ပါ။ အပြည့်အဝ ဒီမိုကရေစီရပြီဆိုရင် ဘာတွေကောင်းလာမှာလဲ မေးရင်၊ “လွတ်လပ်ရေးရလို့ ပဒေသာပင် ပေါက်သလိုတော့ ဖြစ်လာမှာမဟုတ်ဘူး” ဆိုတဲ့ သတိပေးချက်မျိုးနဲ့ အခုလဲ အတူတူလို့ပြောနိုင်ပါတယ်။

မွေးဇာတာ အင်မတန်ကောင်းတဲ့ မြန်မာနိုင်ငံဟာ ပဒေသာပင်လို့မခေါ်ထိုက်ပေမဲ့ ရွှေပင်၊ ငွေပင်၊ ကျောက်သံပတ္တမြားပင် တွေတော့ ပေါက်ပါတယ်။ ဒိနောက်မှာလဲ ရွှေရည်၊ ရွှေငွေ့တွေထွက်လာတယ်။ ပြီးခဲတဲ့ အနှစ် ၅ဝ ကျော်အတွင်းမှာ မြေက၊ ရေက ပေါက်သမျှ၊ ထွက်သမျှရဲ့ အသီးနဲ့အပွင့်တွေကိုတော့ တပါတီတည်းကတခါ၊ တအုပ်စုတည်းကတခါ၊ မောင်ပိုင်စီးပြီး၊ သူတို့ချည်းသာ စားသုံးခဲ့ကြတယ်။ တိုင်းပြည်ကတော့ စပါးကျီဘဝကနေ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ LDC (အယ်လ်ဒီစီ) ဘဝ ရောက်ခဲ့ရတယ်။ အခုလတ်တလော နိုင်ငံတကာက ကြွေးမြီတွေလျှော်ပြစ်တဲ့သတင်းနဲ့အတူ (အယ်လ်ဒီစီ) ဘဝကနေ လွတ်မြောက်ရေးလမ်းစလို့ ပြောသံလဲ ထွက်လာပါတယ်။ ဒီလေသံလေး ကြားဘို့ရာ ၂၆ နှစ် ကြာပါတယ်။ (အယ်လ်ဒီစီ) ဖြစ်လာအောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ ကြိုးပမ်းတာကလည်း ၂၆ နှစ်ပဲကြာခဲ့တာပါ။

အခု မတူတော့ဘူး ပြောနေကြသူကလဲ များတယ်။ ကောင်းလာတာတွေ၊ တိုးတက်လာတာတွေ တကယ်ရှိပါတယ်။ နောက်ဆုံးအဖြစ် အကြွေးတွေလျှော်ပြစ်လို့ အကြွေးသစ်တွေ ယူနိုင်လာတယ်။ ဒါကို ရှေးလူကြီးများကတော့ “ဝမ်းသာစရာမှ မဟုတ်ပဲ” လို့ ပြောကြပါမယ်။ ခုခေတ်က အကြွေးယူနိုင်တာကိုက ဂုဏ်ယူစရာမို့ မြန်မာနိုင်ငံ ခေတ်မီလာပြီလို့သာ မှတ်ယူပါလေ။ လူတွေမှာလဲ အကြွေးဝယ်နိုင်တဲ့ (ခရက်ဒစ်ကဒ်) တွေကိုင်နိုင်လာလေ ခေတ်မီလေဘဲ။ သတိထားဘို့က အကြွေးပြန်ဆပ်နိုင်မဲ့သူကိုသာ ငွေချေးပေးတာမို့ ကျွန်တော်တို့တိုင်းပြည် ကြွေးများများရအောင် ဘယ်လိုကြံဆောင်မလဲ။ ကြွေးသစ်တွေ ဆပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ စီးပွါးရေးလုပ်ရာမှာ ကတိနဲ့ ယုံကြည်မှုက အရေးပါတယ်။ ၂ဝ၁၂ အလွန် မြန်မာနိုင်ငံကို ကမ္ဘာက “လူယုံစာရင်း” သွင်းပြီတဲ့လား။

တိုင်းပြည်တခုရဲ့ ယုံကြည်မှုအတိုင်းအတာကို အစုံခြုံငုံကြည့်ပြီး နိုင်ငံတကာက အကဲဖြတ်ပါတယ်။ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ လိုအပ်ချက်တွေအပြင် အကြွေးယူချင်တဲ့နိုင်ငံတွေမှာရှိတဲ့ နိုင်ငံရေးစနစ်၊ အာဏာရထားသူတွေ၊ ပေါ်လစီတွေ၊ သူတို့ကို စောင့်ကြည့်နိုင်တဲ့ အစီအမံတွေ၊ ဥပဒေစိုးမိုးမှုတွေကိုပါ ထည့်သွင်းစဉ်းစားပါတယ်။ လူယုံစာရင်းကိုလည်း နှစ်စဉ်ဆိုသလို စောင့်ကြည့်စစ်ဆေးနေတာပါ။

“အုပ်စိုးသူတွေအောက်မှာနေကြတဲ့ လူတွေကကော အစိုးရကို လူယုံစာရင်း ဘယ်လိုသွင်းကြပါမလဲ။” မြန်မာနိုင်ငံသားတွေအဖို့ ယုံကြည်မှုဆိုတာ အဆင့်အမြင့်ဆုံး အကဲဖြတ်ချက်တခုသာဖြစ်ပါတယ်။ အသိဖြစ်၊ မိတ်ဆွေဖြစ်၊ ရင်းနှီးကျွမ်းဝင်ချစ်ခင်၊ အပြန်အလှန်နားလည်မှုဟာ တိုးတိုးလာရတယ်။ လေးစာမှုရလာရင် အတော် အဆင့်မြင့်နေပြီ။ ယုံကြည်မှုဆိုတာက အထွတ်အထိပ်ဘဲ။ “ကနေ့ လူထုပေးတဲ့အမှတ် ကြံ့ခိုင်ရေးအစိုးရ ဘယ်လောက်ရနေပါပြီလဲ။” ဒီအမှတ်က ၂ဝ၁၅ မှာ အဆုံးအဖြတ် ထပ်ပေးပါလိမ့်မယ်။

နိုင်ငံတကာကို လိမ်မရခဲ့ပေမဲ့၊ ကိုယ့်ပြည်ကလူတွေကိုတော့ အုပ်စိုးသူများဟာ တခါလိမ်၊ နှစ်ခါလိမ် ရခဲ့ပြီးပြီ။ အစပိုင်းမှာ အလုံပိတ်ထားပြီး လိမ်တာမို့ တချို့က အလိမ်ခံရမှန်း မသိလိုက်ကြပါ။ “အရင်လူထက်များ ပိုကောင်းလေမလား” လို့ အကောင်းမြင်သူတွေကလဲ မနည်းမနော ပေါခဲ့သလားမမေးနဲ့။

ဒိနောက်မှာ့ (ကာလ်ချာ) ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို ယဉ်ကျေးမှုလို့ ဘာသာပြန်သူက များတယ်။ အလေ့အထတခု သိသိသာသာ ကြီးကြီးမားမားဖြစ်လာတာကို ယဉ်ကျေးမှုလို့ သုံးလေ့ရှိတယ်။ ဒါမျိုးဟာ အများကကျေကျေနပ်နပ် လက်ခံ သုံးစွဲကြတာမျိုး ဖြစ်တယ်။ ဥပမာ ရိုးရာဝတ်စားဆင်ယင်မှုကနေ ခေတ်ဆန်လာတာကို လူအများစုက တစတစ လက်ခံလာကြတယ်။ အများက မကျေမနပ်နဲ့ လိုက်လုပ်ရတာမျိုးကို တိုက်ရိုက်ပြောင်းပြန်ဝေါဟာရနဲ့ “ရိုင်းစိုင်းမှု” လို့ ဆိုချင်ပါတယ်။

၁၉၈၈ မတိုင်မီမှာ လခစားမှန်သမျှ အစိုးရလက်အောက်ခံချည်းမို့ အရာထမ်းအဆင့်ဆင့်ကနေ ခိုင်းသမျှ ရုံးအလုပ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် လိုက်လုပ်ကြရမယ်ဆိုတဲ့ “ဗြူရိုကရေစီ ရိုင်းစိုင်းမှုကြီး” ကို ကျင့်သုံးခဲ့တယ်။ မဲထည့်ရာလဲ ဖြူဆို ဖြူကြရ၊ မဲဆိုမဲကြရတယ်။ ဒိနောက်မှာ ဆန်းပြားတဲ့နည်းနာတွေသုံးတော့လဲ အမှန်ခြစ်ခြစ်ဆို ခြစ်ပေးကြရပြန်ရော။ လက်ရှိနေရာလေးမြဲနေရေး အစိုးရိမ်ကြီးနေသူ အစိုးရဝန်ထမ်းတွေအပြင်၊ ဝေစားမျှစား အကြီးစား၊ အလတ်စား၊ အငယ်စားတွေ ရှိသေးတယ်။ ဒါကြောင့် “ကြိုးနီစနစ် ရိုင်စိုင်းမှု” လို့ဆိုနိုင်တယ်။

အသင်းထဲ မဝင်မနေရ အာဏာနဲ့ သိမ်းသွင်းထားတဲ့ အဖွဲ့ဝင်ဆိုတာတွေကလဲ မကြိုက်လဲ လိုက်ကြရပြန်တဲ့ “စည်းရုံးရေး ရိုင်းစိုင်းမှုကြီး” တန်ခိုးနဲ့ အဖွဲ့ဝင်ဦးရေ များစေခဲ့တယ်။ ဒါပေမဲ့ ၂ဝ၁၂ မှာတော့ ၂ဝဝ၈ နဲ့ ၂ဝ၁ဝ မှာတင်ခဲ့တဲ့ စံချိန် သိသိသာသာ ကျသွားတယ်။ ပုံပြမျဉ်းဆွဲရင် လားရာက အောက်ဘက်ဆီ ဦးတည်နေပါတယ်။

ကိုယ့်နိုင်ငံ အလားအလာတွေဟာ ဘာဖြစ်လာမလဲဆိုတာကို ကိုယ့်နိုင်ငံနောက်ခံအဖြစ်အပျက်တွေနဲ့ ဆက်စပ်မှသာ ဆီလျှော်ပါလိမ့်မယ်။ သူများနိုင်ငံတွေမှာ ဖြစ်တာတွေက လေ့လာဘို့၊ စာတမ်းရေးဘို့သာ အသုံးကျတာများတယ်။ မြန်မာပြည်မှာ လွတ်လပ်ရေးကို အရယူနိုင်တာက ထူခြားလွန်းလှတဲ့ အပြောင်းအလဲကြီးဖြစ်တယ်။ ဒိနောက်မှာ စစ်အာဏာသိမ်းတာ နှစ်ခါဖြစ်ခဲ့တာလဲ ဘယ်တော့မှ မမေ့နိုင်လှတဲ့ အပြောင်းအလဲမျိုးဖြစ်တယ်။ ၂ဝဝ၈ နောက်ပိုင်းမှာ ပြောင်းလာတာမျိုးကတော့ တမူထူးခြားတာ အမှန်ပါ။

၁၉၄၈ လွတ်လပ်ရေးကနေ အရင်အုပ်စိုးနေသူတွေဟာ လုံးဝဥဿုံ နေရာဖယ်ပေးခဲ့ကြရတယ်။ သယ်မသွားနိုင်တာ မှန်သမျှ ထားခဲ့ကြရတယ်။ စစ်အာဏာသိမ်းမှုနောက်မှာ လူတန်းစာအသစ်တခုက အရာရာကို ချုပ်ကိုင်လိုက်ပြီး၊ အရင်လူမှန်သမျှ အဖမ်းခံရ၊ ထောက်ကျခံကြရတယ်။ ဒုတိယစစ်အာဏာသိမ်းမှုကတော့ လူဟောင်းတွေဟာ နေရာကိုသာ ဖယ်ပေးရပြီး၊ ပုဂ္ဂလိကပိုင်ပစ္စည်းသာမက အများပိုင်ပစ္စည်းကိုလည်း အမွေရသေးတယ်။ ၂ဝဝဂ အလွန် အပြောင်းအလဲမှာ အရင်လူတွေက ကိုယ်ပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်းသာမက ရာထူး၊ အာဏာ၊ နေရာတွေကိုလဲ ဆက်ပိုင်ထားနိုင်ကြတယ်။ အလွန်ကြီးတော့ မဟုတ်လှပါ။

ဒါကြောင့် မရင့်တရင့် အရောင်အမည်သာပေးသင့်ပါတယ်။ Olive green သံလွင်စိမ်းကိုတော့ စစ်တပ်အရောင်ဆိုပြီး အသုံးများတယ်။ ကောင်းပါတယ်။ သံလွင်ခက်ဆိုတာ အောင်နိုင်မှု နဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုတယ် မဟုတ်ပါလား။ ဒါပေမဲ့ အောင်နိုင်မှုရပေမဲ့ ငြိမ်းချမ်းရေး မရသေးပါ။ အစိမ်းရောင်နဲ့ဆက်စပ်နေတဲ့ အရောင်ကွဲတွေ ရှိတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Forest green သစ်တောစိမ်း၊ Asparagus green ကညွတ်စိမ်း၊ Moss green ရေညှိစိမ်း၊ Pine green ထင်းရှူးစိမ်း၊ Tea green လက်ဖက်စိမ်း စသဖြင့်ရှိတယ်။

ဒါကြောင့် လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတာကို မြန်မာဆန်ဆန် “ပြောင်းဖူးစိမ်းအပြောင်းအလဲ” လို့ အမည်ပေးသင့်မလားပဲ။

ဒေါက်တာတင့်ဆွေ