Tuesday, February 26, 2013

မဟာပထဝီနိုင်ငံရေး

တိုင်းပြည်တွေကို အိမ်ထောင်စုတွေနဲ့ နှိုင်းယှဉ်ပြီးပြောတာ နီးစပ်ပါတယ်။ တဦးတည်း၊ တအိမ်တည်းနေလို့မဖြစ်သလို ပြည်နယ်တခုတည်း တိုင်းပြည်တခုတည်း ရပ်တည်မနေကြတာဟာလည်း နိုင်ငံရေးလောက နိယာမ ဖြစ်ပါတယ်။ ဒီလို လူ့ဆက်ဆံရေး၊ နိုင်ငံခြားဆက်ဆံရေးတွေကြောင့် အပြန်အလှန် အကျိုးများတာတွေရှိသလို အကျိုးဆုတ်ယုတ်တာတွေလဲ ရှိတယ်။ မြန်မာနိုင်ငံဟာ ပြည့်စုံတဲ့ အလတ်စား မိသားစုတခုနဲ့ တူတယ်။ ဆွေစဉ်မျိုးဆက်လဲ ရှည်တယ်။ အမွေရထားလို့လဲ လူချမ်းသာစာရင်းဝင်ခဲ့ဘူးတယ်။ ၁၉၆၂ ကနေ ၁၉၈၇၊ (၂၅) နှစ်အတွင်း ဆင်းရဲသွားခဲ့တာ ကိုယ်ညံ့လိုလဲပါတယ်၊ သူများ အနိုင်ကျင့်လို့လဲပါတယ်။ “အနိုင်အကျင့်ခံရအောင် ဘာတွေများ မှားခဲ့ပါသလဲ။ ဆက်မှားကြအုံးမှာလား။”

အိမ်နီးချင်းတွေထဲက အဓိက တရုပ်နိုင်ငံရဲ့သက်ရောက်မှုကနေ ကျွန်တော်တို့ တိုင်းပြည်မှာ အလွန်တရာ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်စေခဲ့တဲ့ တစိတ်တပိုင်းကို ထောက်ပြပါရစေ။ ပထဝီနိုင်ငံရေးလို့သုံးတာ ကြားဘူးသူ များမှာပါ။ သာမန်သက်ရောက်မှုတွေကိုထားပြီး အဆစ်အချိုးကြီးဖြစ်စေခဲ့တာကို ရေးမှာပါ။ “တရုပ်နဲ့ဆိုင်တာ ရေးတာဟာ တရုပ်ကို မုန်းဘို့၊ ချစ်ဘို့ မဟုတ်ပါ။” နိုင်ငံတကာဆက်ဆံရေးမှာ အချစ်-အမုန်း မပါရဘူး။ ဒီနေရာမှာတော့ လူ-လူချင်းဆက်ဆံရေးနဲ့ လုံးဝမတူပါ။

ဦးစီးခေါင်းဆောင်၊ ဥသျှောင်တွေဟာ ခပ်ဟောင်းဟောင်းဝေါဟာရသုံးရရင် ကာယဥာဏစွမ်းအားတွေကို သုံးကြရတယ်။ ထည့်မပြောကြတာက နှလုံးသားစွမ်းအားဖြစ်တယ်။ ဒီအချက်ဟာ လူလူချင်း ဆက်ဆံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ကွာတဲ့အရာဖြစ်ပါတယ်။ “ဘယ်နိုင်ငံကိုဖြစ်ဖြစ် အမျိုးလို့၊ သားချင်းပေါက်ဖေါ်လို့ သွားခေါ်ရင် မှားမယ်။” ဦးနှောက်ကို သုံးရလို့ ပညာပိုင်းတွေပါတယ်။ ထောက်လှမ်းရေး အချက်အလက်တွေလိုတယ်။ ဘက်ပေါင်းစုံက အမြင်တွေပါတယ်။ နောက်ဆုံးမှာ ကောက်ချက်ဆွဲတယ်။ ဘာလုပ်မလဲ အစီအမံ (အေ)၊ (ဘီ) ဆိုတာတွေဆွဲတယ်။ ဘက်ပေါင်းစုံ ဆိုတာ လုံခြုံရေး၊ စီးပွါးရေး စတာတွေသာမက ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ၊ လက်ရှိအစိုးရ၊ ကိုယ့်အတွက်လဲ ပါကြတယ်။

နိုင်ငံရေးစနစ်အရ တဦးတည်းကနေ ဦးဆောင်တာ၊ အုပ်စုလိုက် ဦးဆောင်တာ မတူတာတွေရှိတယ်။ “စနစ်တွေမတူပေမဲ့ အဆုံးတခုကို ရောက်ရတာချည်းပဲ။” မြန်မာနိုင်ငံမှာ ၁၉၄၈ ကစခဲ့တဲ့ဖြစ်စဉ်ဟာ ၁၉၆၂ မှာ စစ်အာဏာသိမ်းပြီး ဆုံးစေခဲ့တယ်။ ၁၉၆၂ ကစတဲ့ တော်လှန်ရေးကောင်စီဟာ ၁၉၇၄ မှာ တပါတီစနစ်ခေတ်ကို ပြောင်းစေလိုက်တယ်။ ၁၉၈၇ မှာ ဦးနေဝင်းဟာ သူ့လမ်းစဉ်ကြီး သွက်သွက်ခါမှားနေတာကို ရုတ်တရက်ဆိုသလို သိသွားတယ်။ သူ့ဆီတက်လာတဲ့ အစီရင်ခံစာတွေအရ သိတာမဟုတ်ပါ။ မြန်မာနိုင်ငံ LDC (အယ်လ်ဒီစီ) ဘဝကို တရားဝင်ရောက်သွားတဲ့အခါ အမှားကို မရှာလို့ မရတော့ဘူး။ စနစ်အမှားသိသွားပြီးတဲ့နောက် သူကိုယ်တိုင်လဲ အပြစ်လို့ သိသွားပုံရပါရဲ့ သူနဲ့အတူ ထိပ်ဆုံးကလူတွေပါ ပါတီကနေ ထွက်လိုက်ကြတယ်။ “ဒီလုပ်ရပ်ဟာ စိတ်ဆိုးမာန်ဆိုးနဲ့ချခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုတာ ငြင်းလို့မရပါ။”

အချိုးအကွေ့ကြီးတိုင်းမှာ ချက်ချင်းဆက်ခံကြရသူအတော်များများ ကံဆိုးလေ့ရှိတယ်။ ၁၉၈၈ အပြောင်းအလဲမှာ နောက်ဆက်ခံသူ ဦးစိန်လွင်ဟာ လူကိုယ်တိုင်ကလဲဆိုးလို့ ဆန္ဒပြသူတွေကိုလဲ သားသတ်ရုံထဲ ဝင်ရသလို ဖြစ်တယ်လို့ ခိုင်းနှိုင်းတဲ့စကား ပြောစမှတ်ထားစရာဖြစ်လာခဲ့တယ်။ စစ်တပ်ဟာ ဒေါက်တာမောင်မောင် အုပ်ချုပ်နေတုံးမှာ ပြင်ဆင်ချိန် ယူရတယ်။ တလနဲ့ ၆ ရက်သာကြာတာမို့ ဖုတ်ပူမီးတိုက်လို့ ဆိုနိုင်ပါတယ်။ မြန်မာ့ခေတ်သမိုင်းရေးတာ မဟုတ်ပါ။ “အပြောင်းအလဲကြီးတွေမှာ အချိန်ယူနည်းတွေ နဲ့ အချိန်ယူမှုတွေ မတူကြတာကို နှိုင်းယှဉ်ဘို့ ဖြစ်ပါတယ်။”

(နအဖ) အစကာလမှာ ရှောင်လွှဲလို့မရတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပြီး၊ (နဝတ) တလျှောက်လုံးမှာတော့ ရွေးကောက်ပွဲ ရလဒ်ကို သင်္ဂြုဟ်ပြစ်ရေးလုပ်ပါတယ်။ ၁၉၉ဝ ရွေကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဂန္ခီညီလာခံကျင်းပတော့တခါ တားဆီးတိုက်ဖျက်ရေး အစီအမံတရပ် ချမှတ်ရပြန်ပါသေးတယ်။ ၁/၉ဝ လို့ လူသိများတဲ့ ကြေညာချက်ကိုဟာ သတင်းစာရှင်းလင်းပွဲ လုပ်တော့ စာချောတောင် အပြီးမသတ်သေးပါ။ တကယ့်ကို အပြေးအလွှား လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့အစီအမံဟာ အမျိုးသားညီလာခံ ဖြစ်တယ်။

စစ်အုပ်ချုပ်ရေးရဲ့ ကိုယ်ထဲမှာ စူးဝင်လာနေတာက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်လို့ သုံးသပ်ကြပါလိမ့်မယ်။ ဒါကြောင့် ၂ဝဝ၃ မေလ ၃ဝ ရက်မှာ ဒီပဲယင်း လုပ်ကြံမှုကြီးဖန်တီးလိုက်တယ်။ နောက်ဆုံးလက်နက်ဖြစ်ပါတယ်။ စစ်သူကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေဟာ တိုက်ပွဲတိုင်းကိုနိုင်ကြသူ အလွန်ရှားပါတယ်။ “ဒီပဲယင်း အော်ပရေးရှင်းမှာ ဆေးပညာစကားနဲ့ပြောရရင် ခွဲစိတ်မှုလဲ မအောင်မြင် လူနာလဲ အသက်ဆုံးတာမျိုးဖြစ်ပါတယ်။” ဒီသွေးထွက်သံယိုမှုကြီးရဲ့ နောက်မနက်မှာပဲ ရေဖြန်းသန့်ထားပြီးသား မှုခင်းဖြစ်ရာနေရာကို အမေရိကန်သံရုံးက လာကြည့်ဘို့ ခွင့်ပြုခဲ့တာဟာ အလွန်ထူးခြားတယ်။ “ဒီအချက်ဟာ နောင်ဆက်ဖြစ်လာတော့မဲ့ မြန်မာပြည်အဖြစ်အပျက်တွေအတွက် အချက်ပြတာဖြစ်ပါတယ်။” ၇ ဆင့်ပါ လမ်းပြမြေပုံဆိုတာ ပြည်တွင်းအခြေအနေကိုထိန်းဘို့ရာ ဖြစ်ပါတယ်။ ဒီအတွက် ၃ လတိတိ အချိန်ယူခဲ့ပါတယ်။ ကသောကမြော သဘောပါပဲ။ ဒီအစီအမံလုပ်တုံးက ထောက်လှမ်းရေးကနေ ဦးစီးဖွဲ့ထားခဲ့တဲ့ ပညာရှင်တွေက အချက်အလက်တွေ စုဆောင်းပေးပြီး စစ်ဗိုလ်ချုပ်တွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

• ၁၉၆၂ အာဏာသိမ်းခြင်း၊ တာဝန်ရှိသူ ဗခက နေဝင်း၊ အချိန်ယူမှု = တလအတွင်း။
• ၁၉၈၈ အာဏာသိမ်းခြင်း၊ တာဝန်ရှိသူ တပ်မတော်၊ အချိန်ယူမှု = တလနဲ့ ၆ ရက်။
• ၁၉၉ဝ ၁/၉ဝ ကြေညာချက်၊ တာဝန်ရှိသူ အမျိုးသားထောက်လှမ်းရေး၊ အချိန်ယူမှု = ရက်ပိုင်းမျှသာ။
• ၂ဝဝ၃ ဒီပဲယင်းလုပ်ကြံမှုကြီး၊ တာဝန်ရှိသူ ဗခမက သန်းရွှေ၊ အချိန်ယူမှု = လပိုင်းအတွင်း။
• ၂ဝဝ၃ လမ်းပြမြေပုံ၊ တာဝန်ရှိသူ ဗခက ခင်ညွန့်၊ အချိန်ယူမှု = (၃ဝ-၅-၂ဝဝ၃ မှ ၃ဝ-၈-၂ဝဝ၃) ၃ လတိတိ။
• အမျိုးသားညီလာခံ၊ တာဝန်ရှိသူ (နအဖ)၊ အချိန်ယူမှု = (၉-၁-၁၉၉၆ မှ ၁၇-၁၂-၂ဝဝ၇) ၁၄ နှစ် ၁၁ လ၊ ၁၃ ရက်။

၁၉၈၈ အာဏာသိမ်းစဉ်က (နဝတ) ကို အသက်ဆက်ပေးခဲ့တာ တရုပ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ငွေ၊ လက်နက်၊ သံတမန်ရေးရာ အကာအကွယ် အကုန်အောပေးခဲ့ပါတယ်။ တရုပ်လူမျိုးများ စီးပွါးရေးလုပ်နည်းကို မြန်မာတွေနောကျေအောင်သိကြတယ်။ ချိုသာပြူငါနည်း၊ လက်ဆောင်ပဏ္ဍာနည်းကို သုံးတယ်။

၂ဝဝ၃ မေလ လုပ်ကြံမှုကြီးအပြီး ပြည်တွင်းနဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို မဖြစ်မနေသုံးသပ်မှု လုပ်လာရတော့တယ်။ နိုင်ငံတကာက အပြစ်ပြောနေတာကြာလှပြီ။ ပြောတာလောက်တော့ မမှုပါ။ ကုလသမဂ္ဂရဲ့ စာရွက်ပေါ်က ဆုံးဖြတ်ချက်မျိုးလဲ လှည့်ကြည့်စရာမလိုပါ။ ဒဏ်ခတ်ထားလို့ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှားနဲ့ အိန္ဒိယတွေရှိနေကြလို့ မထောင်းတာပေမဲ့ ရေရှည်မရတော့ဘူး။ အာဏာကို အကြာကြီး ဆုပ်ကိုင်ထားသူတိုင်းအတွက် အာရပ်နွေးဦးကလဲ ရူးချင်ချင်ဖြစ်လာစေတယ်။ ဒါအတွက်လဲ မဖြုံသေးပါ။ ဘာကို ဖြုံပါသလဲ။ "၂ဝဝ၄ မှာ နောက်ကြောင်းပြန်သုံးသပ်မှု လုပ်တော့ ၁၉၈၈ ကနေ ၂ဝဝ၃ အထိ ၁၅ နှစ်တာ နိုင်ငံတကာ ဆက်ဆံရေးကို ဒီအတိုင်း ဆက်သွားမရတော့ကာ သိလာခဲ့တယ်။"

ဘေးထွက်ထိခိုက်မှုသဘော ဆောင်တာလဲ သူတို့တတွေပေးရပါတယ်။ ဗခမက သန်းရွှေက တရားဝင် နံပါတ်တစ် နေရာက ဖယ်ပေးရတယ်။ ထိပ်ပိုင်းကလူတွေဟာ ယူနီဖေါင်းချွတ်လိုက်ကြရတယ်။ ဆုံးဖြတ်ချက် အတော်များများ (အားလုံး မဟုတ်ပါ) ချရာမှာ လူသစ်နည်းနည်းပါးပါးကို ပါစေဘို့ ခွင့်ပေးလာရတယ်။ “အခုအပြောင်းအလဲတွေဟာ ကောင်းစချေင်လို့ စီစဉ်လုပ်ရတာတွေမဟုတ်ပဲ ပထဝီနိုင်ငံရေးအပြောင်းအလဲရဲ့ ဘေးထွက်ကောင်းကျိုးလို့ သတ်မှတ်သင့်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်။ နိုင်ငံရေးပါတီတွေ ဖွဲ့လို့ရလာပြီး၊ ရွေးကောက်ပွဲ ဝင်နိုင်လာတယ်။ လူမှုအသင်းအပင်းတွေ ဖွဲ့လာ၊ လှုတ်ရှားနိုင်လာကြတယ်။ စာနယ်ဇင်း လွတ်လပ်မှုတွေ ရလာတယ်။ “၂ဝ နှစ်တာ မရှိခဲ့တဲ့ ဖွဲ့စည်းပုံတခု ရှိလာတာကတော့ ဘေးထွက်ကောင်းကျိုး အသေအချာ မဟုတ်ပါ။”

"နိုင်ငံတကာဆက်ဆံရေးမှာ တကယ့်အမှားကြီးတရပ်လုပ်ခဲ့ကြတယ်။" အနောက်နိုင်ငံတွေက ဝိုင်းပယ်ဒဏ်ခတ်လို့ တရုပ်ဆီ ဦးတည်ရတယ်ဆိုတာ ကလေးကလားဆန်တယ်။ ဒီအမှားဟာ ကလေးတွေလို ဘွာခတ်လို့မရပါ။ စစ်ခေါင်းဆောင်တွေ ချည်းတော့ အပြစ်မတင်သင့်ပါ။ ပထဝီနိုင်ငံရေးမှာ တိမ်းစောင်းသွားတာ ၂၃ နှစ်ပိုင်းတပိုင်း မကဘူး။ ချိန်ခွင်လျှာ ညီစေချင်ရင် လေးတဲ့အရာကို ဖယ်မလား၊ ပေါ့တာထဲထပ်ထည့်မလား လုပ်ရတယ်။ အခုအခြေအနေက လေးတာကို ဖယ်ဘို့ မရနိုင်တဲ့အခြေအနေ ဖြစ်နေသေးတယ်။ ပေါ့တာထဲထပ်ဖြည့်တော့ ချိန်ခွင်ကိုင်ထားသူ သန်မာမှ ဖြစ်ပါလိမ့်မယ်။ မြန်မာတွေ မြန်ကြ မာကြပါသလား။

မြန်မာစစ်ခေါင်းဆောင်တွေက မမြန်ခဲ့ပါ။ တရုတ်က အနှစ် ၂ဝ စောပြီး မြန်မာ့ပထဝီကိုလေ့လာခဲ့တာကို မကြာသေးခင်ကမှ ပေါ်ထွက်လာတယ်။ ၁၉၈၅ တုံးက မြန်မာပြည်မြေပုံမှာ အရှေ့မြောက်ကနေ အနောက်တောင်ကို ဒေါင့်ဖြတ်ဆွဲထားတဲ့ တရုတ်စက္ကူပေါ်က မျဉ်းကြောင်းဟာ ကနေ့ မြန်မာ့ပထဝီမြေသားထဲမှာ နက်နက်ကြီး တူးထားပြီး ဖြစ်နေပါပြီ။

“မဟာပထဝီမြေကြီးနိုင်ငံရေး” လို့သာပြောရပါတော့မယ်။ ကိုယ့်မြို့တော်ရဲ့ အလည်ခေါင်က ကိုယ့်လူမျိုးတွေရဲ့ နှလုံးသား ဗိမ္မာန်မှာ ဗုံးလာခွဲတဲ့နိုင်ငံကို မြေကြီးထူးတဲ့ပညာမှာ ဆရာတင်လိုက်တယ်။ တဖက်စောင်းနေတဲ့ချိန်ခွင်ဟာ စောက်ထိုး ငရဲမျှော် ဖြစ်လာတော့တယ်။

မှားတာကိုသိလာတာ တော်ပါတယ်။ အမှားကိုပြင်တာလဲ ပညာရှိပါပဲ။ မှားမှန်သိတာ နောက်ကျတော့ ပေးဆပ်ရတာ များမယ်၊ နစ်နာမှုကြီးမားတယ်။ ဥမင်လှိုင်ခေါင်းတွေထဲမှာ လူတထောင်လောက်သာ နှစ်လတာနေနိုင်တယ်။ အမှန်က သန်း ၆ဝ အတွက် ရာသက်ပန် လုံလုံခြုံခြုံနေနိုင်မဲ့ အစီအမံလိုတာဖြစ်ပါတယ်။ ဒိအတွက် ရသမျှစွမ်းအား အသုံးချရမယ်။ စွမ်းအားဆိုတာ တအိမ်တည်းနေသူထဲက ဗလကောင်းသူတယောက်တည်းနဲ့ မလုံလောက်ဘူး။ အိမ်ရှိလူကုန်ရဲ့ ဦးနှောက်တွေကိုပါ သုံးရတယ်။ အချိန်ဘယ်လောက်ယူမှာလဲ။ မြန်ရမယ်၊ မှန်ရမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၃
(၂၆-၂-၂ဝ၁၃ နေ့ထုတ် မဇ္ဈိမဂျာနယ်)