Tuesday, January 22, 2013

မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား (မောင်ဝံသ)

ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
သည်ဆောင်းပါးရဲ့ အရင်းခံ
သမ္မတကြီး ဦးသိန်းစိန်နဲ့ အင်တာဗျူးလုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်းအခြေစိုက် အရှေ့တောင်အာရှ သတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းက ပြန်လည် အင်တာဗျူး လုပ်ထားတဲ့ ဆောင်းပါး ဇန်နဝါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အင်မတန် စိတ်ဝင်စားကောင်းတဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေဖတ်ရှုသင့်ပါတယ်။
ဂျာနယ် တချို့မှာလဲ မြန်မာပြန်ဖော်ပြခဲ့ကြပြီးပါပြီ။ ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နား ဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိတာ ဖြစ်ပါတယ်။ သူက ဘယ်လို ပြောထားလဲဆိုရင် တကယ်လို့ NLD သာ အစိုးရအဖွဲ့ထဲ ရောက်သွားပြီဆိုရင် သူတို့မှာ အဲဒီအစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အား ရှိမှာလား၊ "ကျွန်မတော့ သိပ်မထင်မိပါဘူး" တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေ ဖတ်ကြည့်ကြပါတော့။

နိုင်ငံရေးသမားနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ
အဲဒီအစကို အခြေခံပြီး ကျွန်တော် ဆက်ဆွေးနွေးပါမယ်။ ကျွန်တော်တို့နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီကျွန်ဘဝမှာ နှစ်ပေါင်း တစ်ရာကျော်နေခဲ့ရတယ်။ ၁၈၂၄ နဲ့ ၁၈၅၂ မှာ မြန်မာပြည်အောက်ပိုင်း တစ်ခြမ်းလုံးပါသွားပြီး ၁၈၈၅ မှာ တစ်ပြည်လုံး ကျွန်ဖြစ်တယ်။ ၁၉၂၃ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေးပေါ်လာတော့မှ မင်းတိုင်ပင် အမတ်လို့ခေါ်တဲ့ လူထုမဲဆန္ဒပေးပြီး ရွေးကောက်တင်မြှောက်တဲ့ စနစ်ကို စတင်မိတ်ဆက်ရတယ်။ မြန်မာပြည်ကို အပြီးသိမ်းပြီးချိန်ကစလို့ အိန္ဒိယပြည်ရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းထားရာက ၁၉၃၇ခုနှစ်ကျမှ သီးခြားနိုင်ငံအဖြစ်ခွဲပြီး ဘုရင်ခံတစ်ယောက်ကို ဦးစီး အုပ်ချုပ်စေခဲ့တယ်။ အုပ်ချုပ်ပုံစနစ်က ဟုမ်းမရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်ထက် တစ်ဆင့်နိမ့်သေးတဲ့ ၉၁ ဌာန အုပ်ချုပ်ရေးပုံစံဖြစ်တယ်။ ဒေါက်တာဘမော်တို့ ဦးပုတို့ ဂဠုန်ဦးစောတို့ ဝန်ကြီးချုပ်ဖြစ်ခဲ့ကြတယ်ဆိုတာ အဲဒီ ၉၁ဌာနအုပ်ချုပ်ရေး ပုံစံထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။အဲဒီအတိုင်း စခန်းသွားနေရာကနေပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပြီး ဂျပန်ဝင်လာကာ နိုင်ငံရေး ချိန်လျှာတွေ ပြောင်းပြီး နောက်ပိုင်းကျတော့ သခင်အောင်ဆန်းခေါင်းဆောင်တဲ့ နိုင်ငံရေးမျိုးဆက်သစ်တွေရဲ့ ခေတ်ဖြစ်လာတယ်။ သည်လိုနဲ့ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲံ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ပြည်သူတွေရဲ့ ပြည်သူတွေရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပါလီမန်ဒီမိုကရေစီနဲ့ ပါလီမန်အစိုးရပေါ်လာတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခွင့်ရခဲ့တယ်။ လွတ်လပ်ရေးခေတ်ဦး အစိုးရအာဏာရလာသူတွေဟာ တို့ဗမာအစည်းအရုံးဝင် သခင်တွေအများစုဖြစ်တယ်။ သူတို့ဟာ နယ်ချဲ့ အင်္ဂလိပ်ဆန့်ကျင်ရေး ရဲရဲတောက် နိုင်ငံရေးလှူပ်ရှားမှုအတွေ့အကြုံတွေရှိခဲ့ဖူးတယ်။ ဖက်ဆစ်ဂျပန်ခေတ် ၁၉၄၃ သြဂုတ် ၁ ရက်နေ့မှာ ဂျပန် စစ်တပ်က ဖွဲ့စည်းပေးတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ဆင်းရဲသား (ဓားမပါတီ)က ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ နိုင်ငံရေးသမား ဝါရင့်ကြီးတွေနဲ့ ပူးတွဲပါဝင်ခဲ့ကြဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း စသူတွေဟာ ဂျပန်ခေတ်အစိုးရမှာ ဝန်ကြီးတွေ ဖြစ်ခဲ့ကြတယ်။ အစိုးရ အာဏာရအဖွဲ့အစည်းကို တို့ဗမာ ဆင်းရဲသား အစည်းအရုံးကြီးလို့ ခေါ်တွင်စေပြီး အဆင့်ဆင့်သော အုပ်ချုပ်ရေး ရာထူးတွေ၊ ရဲအဖွဲ့ရာထူးတွေမှာ ဓားမတွေနဲ့ သခင်တွေ အာဏာခွဲဝေယူခဲ့ကြဖူးတယ်။ သို့သော် ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်တဲ့အခါကျတော့ ဓားမတွေမပါတော့ဘဲ သခင်တွေနဲ့ ရဲဘော်သုံးကျိပ်တွေပဲ ပါဝင်ခဲ့ကြတယ်။ သည်လိုနဲ့ တော်လှန်ရေးအပြီး အင်္ဂလိပ်ပြန်ဝင်လာတော့ ပထမဆုံး သူတို့ အလိုတော်ရိ နိုင်ငံရေးလက်ဟောင်းကြီးတွေနဲ့ အစိုးရဖွဲ့ပြီး အုပ်ချုပ်ခိုင်းသေးတယ်။ နောက်ဆုံး ဘယ်လိုမှ မဟန်တော့မှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲံ ဖဆပလအဖွဲ့ကြီးကို အာဏာခေါ်ပေးရပါတယ်။ သည်တော့ သခင်တွေနဲ့ ဖက်ဆစ်တော်လှန်ရေးသမားဟောင်းတွေဟာ အစိုးရ အာဏာ ရကြပြန်တယ်။ အဲဒီကနေ လွတ်လပ်ရေးရတော့လည်း သည်လူတွေထဲက အများစုပဲ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာကြတာပါပဲ။ သူတို့ထဲက အများစုဟာ နိုင်ငံရေးသမားကောင်းတွေ ဖြစ်ရုံမက အုပ်ချုပ်ရေးအမြော်အမြင် ရှိသူတွေလည်း ဖြစ်တယ်ဆိုတာ သူတို့သက်တမ်းအတွင် ပြည်တွင်းစစ်ကြီး ဗလောင်ဆူနေတဲ့ကြားက မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို လေ့လာနိုင်ပါတယ်။ သို့ပေမယ့် အထိအနာဆုံးကတော့ ဖဆပလကြီး နှစ်ခြမ်းကွဲပြီး ငါးကြင်းသားကို မြေခွေးက အပိုင်စီးခံလိုက်ရခြင်းပါပဲ။

နှစ်ငါးဆယ်နီးပါး စစ်အစိုးရ အုပ်ချုပ်ရေး
ပါလီမန်ဒီမိုကရေစီစနစ်ဟာ ၁၄ နှစ်ပဲ သက်တမ်းရှည်လိုက်တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ အာဏာသိမ်းမှုကြောင့် နိဂုံးချုပ်သွားခဲ့ရတယ်။ အဲဒီ ၁၉၆၂က စပြီး နာမည်အမျိုးမျိုးနဲ့ စစ်အစိုးရတွေရဲ့ အမိန့်ပေးစနစ်နဲ့ အုပ်ချုပ်မှု အောက်မှာ နေလာခဲ့ရတာ နှစ်ငါးဆယ်နီးပါးကြာခဲ့ပါသဗျာ။ အခု ၂ဝ၁၁ခု မတ်လက စပြီး ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရသည်ပင်လျှင် ယခင်အစိုးရရဲ့ စစ်ဗိုလ်ချုပ်တွေ အများစု ယူနီဖောင်းချွတ်၊ ပုဆိုးဝတ်၊ ခေါင်းပေါင်းထားကြတာ ဖြစ်တယ်ဆိုတဲ့ အနေအထားကို ငြင်းလို့မရသေးဘူးဗျ။ အဲဒီစစ်အစိုးရ အဆက်ဆက် လက်အောက်နေခဲ့ရတဲ့ကာလအတွင်း ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ခဲ့သလား၊ ဆုတ်ယုတ် ကျဆင်းခဲ့သလားဆိုတာကိုတော့ ကျွန်တော် စစ်တမ်းထုတ်မပြလိုတော့ ဘူးဗျ။ များစွာသော ပြည်သူထူထုအားလုံးလိုလို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ကြရပြီး ဖြစ်တဲ့အပြင် ပိုင်းခြားစိတ်ဖြာ သုံးသပ်သူ ပညာရှင် များက ရှုထောင့်မျိုးစုံကကြည့်ပြီး ပြောဆို ရေးသားတင်ပြခဲ့ကြပြီဖြစ်လို့ ကျွန်တော်က စကားတန်ရှည်ပြီး ဝိတ္ထာရ ချဲ့နေစရာ မလိုတော့ ဘူးထင်တယ်ဗျ။

အုပ်ချုပ်ရေး ကိုင်တွယ်နိုင်စွမ်းရှိကြပြီလား ဒီဆောင်းပါးမှာ ကျွန်တော် ဆွေးနွေးချင်တာက အခုလို ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေက နိုင်ငံတော်အာဏာကို အမှန် တကယ် ပိုင်စိုးတဲ့ ဒီမိုကရေစီစနစ် တစ်ကျော့ပြန် ရှင်သန်လာဖို့ အားယူ နေတဲ့အချိန်မှာ ပြည်သူလူထုရဲ့ တပ်ဦးနေရာမှာ ရှိနေကြတဲ့ အဆင့်ဆင့်သော ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင်များဟာ နိုင်ငံတော်ရဲ့ အရေးအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်တဲ့ (တစ်နည်း) နိုင်ငံတော်အာဏာကို ပါးနပ်လိမ်မာစွာ ကိုင်တွယ် သုံးစွဲနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီလား။ ဒါမှမဟုတ် မရှိသေးဘူးလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်တယ်ဗျ။ ဒီကနေ့ အတိုက်အခံလို့ ခေါ်ဝေါ် သုံးနှုန်းခြင်းခံနေကြရတဲ့ နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံတော် အာဏာရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးယန္တရားတွေကို စေစားမောင်းနှင်ရမယ့် နေရာများကို ရောက်လာကြတဲ့အခါ နိုင်ငံတော်အကျိုးစီးပွားဆိုတဲ့ ပန်းတိုင်ဆီသို့ လမ်းချော်တိမ်းစောင်းခြင်းမရှိစေဘဲ မောင်းနှင်နိုင်စွမ်းရှိကြပြီလား၊ အဲဒီလို အရည်အချင်းတွေကို ပိုင်ဆိုင်ထားဖို့ကော လေ့ကျင့် ပြင်ဆင်ထားကြရဲ့လား ဆိုတဲ့မေးခွန်းဟာ ဒီကနေ့ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ် လာပြီလို့ ကျွန်တော် ယူဆတယ်ဗျ။

ကမ္ဘာပျက်ခါနီး လူလာဖြစ်ရသလို
ကျွန်တော် ဒီကိစကို စဉ်းစားဖြစ်ခဲ့တာရဲ့ အကြောင်းရင်းက နှစ်ပေါင်းငါးဆယ်လောက် နိုင်ငံရေးကို အဖွဲ့အစည်း တစ်ခုထဲက အပိုင်စီးထားတာခံခဲ့ရတဲ့အခြေအနေမှာ နေထိုင်ခဲ့ကြရတဲ့အရပ်သား အတိုက်အခံ ခေါင်းဆောင်တွေအတွက် နိုင်ငံတော် အာဏာ သုံးရပ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက လို ကမ္ဘာပျက်ခါနီးမှ ယောင်တီးယောင်န လူလာဖြစ်ရသူကဲ့သို့ ဆိုသလို ဖြစ်နေလောက်တယ်လို့ တွေးတောခဲ့မိခြင်းဖြစ်တယ်ဗျ။ နှစ်ပေါင်းငါး ဆယ်ကျော် နိုင်ငံ အုပ်ချုပ်ရေးကိစ္စတွေကို စစ်ဗိုလ်တွေကပဲ လုပ်ကိုင် ဆောင်ရွက်လာခဲ့တာဆိုတော့ ကျွန်တော်တို့ အရပ်သား တွေဟာ စစ်တုရင်ခုံပေါ်က အရုပ်တွေလို စစ်ဗိုလ်တွေ ရွှေ့တဲ့ နေရာမှာပဲမလှုပ် မရှားနေတတ်တဲ့ အလေ့အထက အရိုးစွဲနေခဲ့ပြီဗျ။ စစ်အစိုးရခေတ် ကနဦးပိုင်းမှာ အရပ်ဘက် အုပ်ချုပ်ရေးပညာရှင်တွေ၊ ဥပဒေပြုရေးပညာရှင်တွေ၊ တရားစီရင်ရေးပညာရှင်၊ ပညာရေးသမား ပညာရှင်တွေကို အထိုက်အလျောက် နေရာပေးခဲ့သေးပေမယ့် စစ်အစိုးရသက်တမ်းရင့်ညောင်းလာတာနဲ့ အမျှ နယ်ပယ်ကဏ္ဍ အားလုံးရဲ့ ထိပ်ဆုံးက နေရာတွေကို မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကချည်း သိမ်းပိုက်လာခဲ့ကြတာမို့ အဲဒီပညာရှင်တွေဟာလည်း နိုင်ငံခြားထွက်သူတွေ ထွက်၊ မထွက်ဘဲ ပြည်တွင်းမှာ ပေတေပြီး နေသူတွေဟာလည်း သံချေးတက်အသွားတုံး (ဓားမတုံး)တွေ ဖြစ်ကုန်ခဲ့ကြတာ ဖြစ်တယ်ဗျာ။ အဲဒီခေတ်မှာ လူပြောများတဲ့ နေနည်းထိုင်နည်းတွေတောင် ပေါ်ခဲ့သေးတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ "ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့" ဆိုတဲ့ "ခသုံးလုံး" နဲ့ "မလုပ်၊ မရှုပ်၊ မပြုတ်" ဆိုတဲ့ "မသုံးလုံး" တဲ့ဗျ။

အတိုက်အခံဆိုတာ နောက်တက်မယ့် အစိုးရလောင်း
အခု ကျွန်တော်တို့နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံခေါင်းဆောင် opposition leader NLD ကို အတိုက်ခံပါတီ main opposition party လို့ နိုင်ငံခြားက စာနယ်ဇင်း တွေမှာ ခေါ်ဝေါ်သုံးစွဲနေကြပေမယ့် ကျွန်တော်တို့ဆီက အတိုက်အခံ ဆိုတာဟာ အနောက်ကမ္ဘာဆီက အတိုက်အခံဆိုတာနဲ့ မတူဘူး ဆိုတာကို စေ့စေ့စပ်စပ်လေ့လာထားသူတွေ သိကြတယ်ဗျ။ သူတို့ဆီမှာက အတိုက်အခံ ခေါင်းဆောင်ဆိုတာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတစ်ခုခုမှာ အနိုင်ရပြီး သမ္မတ သို့မဟုတ် ဝန်ကြီးချုပ် ဖြစ်လာနိုင်တဲ့သူ၊ အတိုက်အခံပါတီဆိုတာလည်း အာဏာရပါတီ ဖြစ်လာနိုင်တဲ့ပါတီ ဖြစ်တယ်ဗျ။ ဒါကြောင့် အတိုက်အခံ ခေါင်းဆောင်၊ အတိုက်အခံပါတီတွေဟာ ကိုယ်အာဏာရနေချိန်မှာ နိုင်ငံတော် အာဏာကို ကိုင်တွယ် သုံးစွဲ စီမံခန့်ခွဲ၊ ကိုယ်အတိုက်အခံဘဝ ကျရောက်သွားတော့လည်း ကိုယ်အာဏာပြန်ရလာမယ့်အချိန်အတွက် မျှော်မှန်းပြီး အာဏာသုံးရပ် ကိုင်တွယ်သုံးစွဲမှုဆိုင်ရာ အလေ့အကျင့်တွေကို မပြတ်မလပ် ဆက်လက် လုပ်ဆောင်နေကြ ရတာဖြစ်တယ်ဗျ။ ဗြိတိန်နိုင်ငံက အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ လေဘာနဲ့ ကွန်ဆာဗေးတစ် တို့ဆိုရင် တစ်ပါတီက အာဏာရနေရင် ကျန်ပါတီကလည်း အစိုးရဝန်ကြီးဌာနတွေအတိုင်း သူ့ပါတီထဲမှာ ဝန်ကြီးဌာနတွေ ဖွဲ့စည်းထားပြီး၊ တာဝန်ခံတွေ ခန့်အပ်ကာ အာဏာရပါတီက ဝန်ကြီးတွေ လုပ်သလို နိုင်ငံ့အရေးအရာတွေကို shadow cabinet အဖြစ် လေ့လာသုံးသပ် မူဝါဒတွေ ချမှတ်ဖော်စပ်နေတာ ဖြစ်တယ်ဗျ။ အင်အားကြီးမားတဲ့ အတိုက်အခံပါတီတွေကို သူတို့ဆီမှာ Would-be next government လို့တောင် မီဒီယာတွေက ဂုဏ်တင်ရေးသားထုတ်လွှင့် လေ့ရှိတယ်ဗျ။ အကျိုးဆက်ကတော့ အတိုက်အခံပါတီဟာ ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရပါတီ ပြန်ဖြစ် သွားတာနဲ့ နိုင်ငံတော်အာဏာ စီမံခန့်ခွဲရေးလုပ်ငန်းများကို အဆင်သင့် လွယ်လင့်တကူ လွှဲပြောင်းရယူ လုပ်ဆောင်သွားရုံပေါ့ဗျာ။ သည်နေရာမှာ အလျဉ်းသင့်လို့ ပြောရရင် ၁၉၉ဝ ရွေးကောက်ပွဲနိုင်ပြီးတော့ အနိုင်ရပါတီ NLD က ထုံးစံအတိုင်း နှစ်လအကြာမှာ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ်။ နဝတအစိုးရက ခေါ်မပေးတဲ့အပြင် အခြေခံဥပဒေ ရေးဆွဲပြီး သည်အထိ သူတို့ပဲ အာဏာကြီးသုံးရပ်ကို ဆက်ယူထားမယ်လို့ ကြေညာတယ်။ သည်အချိန်မှာ NLD ထဲက အစိတ်အပိုင်းတချို့က စိတ်မရှည်တော့ဘဲ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့ကြတော့ အားလုံး သိမ်းကျုံးဖမ်းပြီး ထောင် နှစ် ၂ဝ နှစ်အစိတ်တွေ ချခံခဲ့ရသဗျ။ အခြေခံဥပဒေရေးဆွဲခဲ့တာကလည်း ကမ္ဘာမှာ စံချိန်တင်ပြီး ၂ဝဝ၈ ခုနှစ်ကြာမှ ပြီးဆုံးခဲ့တယ်ဗျာ။)

စားဖို့တောင် မစဉ်းစားကောင်းတဲ့ အသီး
အဲဒီကာလတစ်လျှောက်မှာတော့ အားလုံးသိကြတဲ့ အတိုင်းပဲဗျ။ နှစ်ငါးဆယ်လုံးလုံး စစ်အစိုးရအဆက်ဆက်ဟာ သူတို့နဲ့ သဘောထား ကွဲလွဲသူတွေကို အမှုန့်ကြိတ်မပစ်ရုံတမယ် ပြင်းပြင်းထန်ထန် ဖိနှိပ် ဆက်ဆံခဲ့တာ မဟုတ်လားဗျာ။ ဒီတော့လည်း အဲဒီကာလအတွင်း စစ်အစိုးရတွေရဲ့ အတိုက်အခံတွေဟာ တစ်နေ့နေ့မှာ နိုင်ငံတော်အာဏာသုံးရပ်ကို ကိုင်တွယ် သုံးစွဲရမယ့် သူများအဖြစ် ကိုယ့်ကိုယ်ကိုရှုမြင်ပြီး လေ့လာ ဖြည့်ဆည်းဖို့ဝေးစွ၊ ထောက်လှမ်းရေးတွေ ဘယ်အချိန်လာခေါ်မှာလဲ ဆိုတာကိုပဲ အချိန်ရှိသရွေ့ တွေးပူနေရပြီး စစ်အစိုးရနဲ့ "ပြေးတမ်း ပြေးတမ်း" (လိုက်တမ်း ပြေးတမ်းမဟုတ်) ကစားနေခဲ့ကြရတာချည်း ဖြစ်တယ်ဗျ။ နှစ်ငါးဆယ်လောက် အဲသလို စိုးထိတ်ရင်ဖိုဘဝမှာ နေလာ ခဲ့ကြရတော့ လည်း နိုင်ငံတော် အာဏာသုံးရပ်ဆိုတာ စစ်အစိုးရအဆက်ဆက်ရဲ့ အတိုက်အခံများအတွက် "စားချင်ပါတယ်လို့တောင် မစဉ်းစားကောင်းတဲ့အသီး" လို ဖြစ်ခဲ့တာပေါ့ဗျာ။

ခုတော့ အလားအလာတွေရှိနေပါပြီ
အခုတော့ အခြေအနေတွေက ပြောင်းလဲစပြုနေပြီ ဖြစ် တယ်ဗျ။ တကယ်လို့ မမျှော်လင့်အပ်တဲ့ မုန်တိုင်းတစ်ခုမတိုက်ဘဲ ဒီအတိုင်း ကျွန်တော်တို့နိုင်ငံ ရှေ့ကို မှန်မှန်ဆက်သွားနိုင်ခဲ့မယ်ဆိုရင် သိပ်မဝေးတဲ့တစ်နေ့မှာ မြန်မာအတိုက်အခံတွေဟာ နိုင်ငံတော် အာဏာသုံးရပ်ကို ကိုယ်တိုင် ကိုင်တွယ် စီမံခန့်ခွဲနိုင်တော့မယ့် အလားအလာများကို မြင်တွေ့နေရတယ်ဗျ။ ဒီလိုအချိန်မျိုးမှာ ကိုယ်ဘာလုပ်ကြရမယ်ဆိုတာကို အဆင့်ဆင့်သော အတိုက်အခံ ခေါင်းဆောင်တွေ သိနေကြလိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်ဗျာ။

အမေရိကန်မှာ တွေးခဲ့မိတာလေးတွေ
ကျွန်တော် ၂ဝ၁ဝ-၂ဝ၁၁ က ဖဲလိုးရှစ် အစီအစဉ်တစ်ခုနဲ့ အမေရိကန်နိုင်ငံကို ရောက်တုန်း တွေးမိတဲ့ အတွေးတစ်ခုအကြောင်း ပြောပြချင်တယ်ဗျ။ ကျွန်တော့် လေ့လာရေးအစီအစဉ်အရ ဝါရှင်တန်ဒီစီက ကွန်ဂရက်လွှတ်တော် စာကြည့်တိုက်မှာ အသင်းဝင်ထားရပြီး တစ်ပတ်မှာ နှစ်ရက်လောက် စာသွားသွား ဖတ်ရတယ်။ ကွန်ဂရက်လွှတ်တော်ရယ်၊ ကွန်ဂရက်စာကြည့်တိုက်ရယ်၊ တရားလွှတ်တော်ချုပ်ရယ် သုံးပွင့်ဆိုင် လမ်းလျှောက်သွားလို့ ရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ အနေအထားကို ကြည့်ပြီး ကျွန်တော် သိပ်သဘောကျခဲ့တယ်။ အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကွန်ဂရက်စာကြည့်တိုက်မှာ အသိပညာ ဗဟုသုတတွေ လေ့လာ ဆည်းပူး၊ ပြီးတော့ လွှတ်တော်ကို သွားပြီး ဥပဒေတွေ ပြုကြ၊ အဲဒီ ဥပဒေများနဲ့အညီ မတိမ်းမစောင်း တရားစီရင်ကြဖို့ အဆင့်ဆင့်သော တရားရုံးများကို လွှတ်တော်ကပဲ ခန့်အပ်ထားတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေက ထိန်းကျောင်းပေးကြ။ ဒီလိုနဲ့ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံကြီးအဖြစ်ကို ရောက်ရှိခဲ့တယ်။

ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးခေါင်း ဆောင်များဟာလည်း အဲသလိုပဲ ပညာဗဟုသုတတွေ ကြွယ်ဝကြ၊ ဥာဏ်ပညာ အမြော်အမြင်တွေ ကြီးမားကြ၊ နိုင်ငံ့အကျိုးကို ဦးထိပ်ထား ပြီး နိုင်ငံ့ရေးရာတွေကို စုပေါင်း တိုင်ပင်ဆွေးနွေး ညှိနှိုင်းကြတဲ့ အခြေအနေကို ဘာကြောင့် မရောက်နိုင်ရမှာလဲ။ ကျွန်တော်တို့ နိုင်ငံကမ္ဘာ့ အလယ်မှာ ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်တဲ့ အနေအထားကို ရယူပိုင်ဆိုင်နိုင်မယ့် အဲဒီတစ်နေ့ကို ဘာကြောင့် မရောက်နိုင်ရမှာလဲဆိုတဲ့ အတွေးကို လေးလေးနက်နက် တွေးမိခဲ့ကြောင်းပါဗျာ။

၂ဝ ဝ၁ ၂ဝ၁၃
maungwuntha@gmail.com