Sunday, May 18, 2014

Civics ပေါ်လက်တစ်အစ စစ်ဗစ်က

“နိုင်ငံရေး” လို့ပြောရင် တယောက်တမျိုး မြင်ကြ၊ ပြောကြ၊ လုပ်ကြတာမို့ ခေါင်းစဉ်တပ်ရာမှာတောင် သတိထားပါမယ်။ “ပေါ်လက်တစ်” ဆိုတာ တမျိုးတဘာသာနဲ့ ခေတ်စားလာပါပြီ။ အဟောင်းတွေ မကောင်းဘူးဆိုကြရင် ဘယ်လို ဆန်းသစ်ကြမလဲ။ ဒီမိုကရေစီစကားလဲ များများကြားလာရတယ်။ ကမ္ဘာမှာ ဒီမိုကရေစီပဂေးလို့ သတ်မှတ်ပေးထားတဲ့ အင်္ဂလန်၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေ ရှိတယ်။ အဲဒီမှာရှိတဲ့ ပါလီမာန်တွေ၊ အာဏာရပါတီတွေ၊ အတိုက်အခံတွေကို အသာထားပြီး အခြေခံကျတာလေး ရေးပါရစေ။

Civics is the study of the great theoretical and practical aspects of citizenship, its rights and duties; the duties of citizens to each other as members of a political body and to the government. It includes the study of civil law and civil code, and the study of government with attention to the role of citizens ― as opposed to external factors ― in the operation and oversight of government.

အိန္ဒိယမှာ နိုင်ငံရေးကို စာသင်ကျောင်းကနေစတယ်။ “ပေါ်လက်တစ်” လို့မခေါ်သေးဘဲ၊ “စစ်ဗစ်” ကို စသင်ပေးတယ်။ Civics “စစ်ဗစ်” ဆိုတာ ဘာ-ညာ ပညာရှင်တွေက အဓိပ္ပါယ်ဖွင့်ထားတာတွေတော့ရှိတယ်။ ပညာရှင်တွေ၊ ပညာစကားတွေ ပါလာတိုင်းတော့ နေရာတကာမှာ ကောင်းတာမဟုတ်ပါ။ စာမတတ်လဲ နိုင်ငံရေးလုပ်လို့ရတယ် မဟုတ်လား။ ပညာ မတတ်တတတ်တွေလဲ လွှတ်တော်ထဲရောက်နိုင်တယ်။ ဒါက နိုင်ငံအတော်များများမှာ ရှိတာပါ။ မြန်မာပြည်မှာတော့ ပညာတန်ဘိုး မသိသူတွေက အာဏာယူထားစဉ်ကာလ ပညာဆိုတာကို ရစရာမရှိအောင် နှိမ်တယ်။ လွတ်လပ်ရေး မရခင်က “ပစ္စည်းမဲ့ဆိုမှ နိုင်ငံရေး” လို့ ထင်မှတ်စေခဲ့ရာကနေ (မဆလ) ခေတ်ကြတော့ “ပညာမဲ့မှဆိုရှယ်လစ်” ဖြစ်ခဲ့ရပြန်တယ်။ ဒိနောက်မှာတော့ ပညာရပ်တခုတည်းသာ တတ်မှတဲ့။ “စစ်ပညာ” တဲ့။ ကျွန်တော်တို့နိုင်ငံမှာ ပညာနဲ့ ဒုက္ခရောက်နေခဲ့တာ ကြာပါပကော။

“စစ်ဗစ်” ဆိုတာ “နိုင်ငံသားတိုင်းအတွက် ရပိုင်ခွင့်တွေနဲ့ ဝတ္တရားတွေအကြောင်း” သင်တဲ့ဘာသာရပ်ဖြစ်တယ်။ Rights and Duties လို့လဲရေးပါတယ်။ ပိုသင့်တော်တာက Privileges and Obligations ဖြစ်ပါတယ်။ ခေတ်စားလာတဲ့ “ရိုက်” အခွင့်အရေးများ မဟုတ်ပါ။ “ပရစ်ဗလေ့ခ်ျ” ရပိုင်ခွင့်များကို ဆိုလိုတယ်။ “ရိုက်” လို့ ဆိုလိုက်ရင် ခေတ်ရှေ့ သိပ်ရောက်နေတဲ့ တိုင်းပြည်တွေဆီက အခွင့်အရေးတွေရော၊ ယဉ်ကျေးမှုတွေကိုပါ ကူးချချင်နေကြတာတွေ တွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ၂ဝ၁၃ ကာလအနေအထားနဲ့ဆိုရင် မအပ်စပ်တာတွေ အများကြီးရှိနေသေးပါတယ်။ အပြင်ကနေ ရတိုင်းမယူကြဘို့ သတိပေးပါရစေ။ “ဂျူတီ” ဆိုတဲ့တာဝန်လဲမဟုတ်ဘဲ၊ “အော်ဘလီဂေးရှင်း” ဝတ္တရား ဖြစ်ပါတယ်။ ဂျူတီ သဘောက လုပ်ကိုလုပ်ရမယ်လို့ အမိန့်နဲ့ စည်းမျဉ်းနဲ့ တူပြန်သေးလို့ မအပ်စပ်ပါ။

ဒီပညာရပ်သမိုင်းကို ပြန်လှန်သူတွေက ဂရိက ပလေတိုနဲ့ တရုတ်က ကွန်ဖြူးရှပ်စ် လို့ မှတ်ယူကြတယ်။ “စစ်ဗစ်” ထဲမှာ Citizens နိုင်ငံသားတွေအတွက်တင်မကဘူး Political body နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ Government အစိုးရ အတွက်လဲပါတယ်။ Civil law တရားမဥပဒေ နဲ့ Civil code ကိုဓဥပဒေတွေလဲ မိတ်ဆက်ပေးပါတယ်။ အစိုးရလို့ ဆိုတာမှာ အစိုးရနဲ့ လူထုကြားဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးသာပါပြီး၊ Foreign relations နိုင်ငံတကာအရေး မပါသေးဘူး။

အသေးစားနိုင်ငံရေး ခေါင်းစဉ်အောက်မှာ မြို့ပြစီးပွါးရေး၊ ကျေးလက်စီးပွါးရေး ဆိုတာတွေ၊ လူသူမနေတဲ့ ဒေသသဘာဝ၊ သက်ရှိသက်မဲ့လောကဆိုတာတွေလဲ ထည့်တွက်ရတယ်။ ဒါပေမဲ့ Extreme decentralization အစွန်းတဖက်ရောက် အာဏာဖြန့်ကျက်ခြင်း အထိတော့ ထောက်ခံတဲ့သူ အင်မတန်နည်းတာ တွေ့ရတယ်။

အစိုးရပိုင်းကို သင်ပေးတဲ့အခါ ရွေးကောက်ပွဲစနစ်၊ ရွေးချယ်နည်းတွေပါမယ်။ မဲပေးစနစ်တွေကို နှိုင်းယှဉ်လေ့လာမှုအပြင် ဓနဥစ္စာဖြန့်ဝေမှုလဲပါတယ်။ နိုင်ငံရေးအာဏာနဲ့ တရားဥပဒေအာဏာတွေကို ခွဲဝေသုံးစွဲနည်းလဲပါတယ်။ ဒီလိုလုပ်ရတာက Social dystrophy “လူမှုရေးကြုံလှီမှု” ဖြစ်မလာစေဘို့ ရည်ရွယ်တာဖြစ်တယ်။ တနည်းပြောရရင် လူထုက လုပ်နိုင်ကိုင်နိုင် စွမ်းတွေ နည်းပါးပြီး၊ အစိုးရက Dictator “ဒစ်တေတာ” နဲ့ Theocracy “သီယိုကရေစီ” ဖြစ်လာမှာကို တားဘို့ဖြစ်ပါတယ်။

“စစ်ဗစ်” ရဲ့ အချုပ်က အစိုးရ၊ နိုင်ငံရေးနဲ့ စီးပွါးရေးတွေကို ဘယ်လိုဘယ်ပုံစီမံမလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီပညာ သင်ထားသူတွေဟာ ကြီမားပြီး တွန်းတွန်းတိုက်တိုက်လုပ်တဲ့ အစိုးရမျိုးနဲ့ ခပ်သေးသေးနဲ့ ကန့်သတ်မှုရှိတဲ့ အစိုးရမျိုးမှာ ဘယ်ဟာနဲ့ သင့်တော်သလဲဆိုတာကို ကောင်းကောင်းအကဲဖြတ်နိုင်ကြပါမယ်။ နောက်ပြီး နိုင်ငံကို ထူထောင်ခဲ့သူ တိုင်းပြည်ဖခင်လို ခေါင်းဆောင်တွေက ဘာဖြစ်စေချင်ခဲ့သလဲဆိုတာကိုပါ မမေ့စေဘူး။ ပေါ်ပေါက်လာမဲ့ အရေးအရာ (အစ်ရှူး) တိုင်းမှာလဲ အကောင်းဆုံးကို ရွေးချယ်တတ်စေမယ်။

သတိမူဘို့ကောင်းတဲ့တချက်က ဒီလိုစနစ်တကျလုပ်ခြင်းဟာ ပဋိညာဉ်နဲ့အညီ၊ စည်းမျဉ်းနဲ့အညီ၊ နိုင်ငံရေးစနစ်နဲ့အညီ၊ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရမင်းအတွက် အာဏာပါဝါအာဏာဆိုတာ ရလာစေဘို့ မဟုတ်ပါ။ ဘယ်နည်း ဘယ်ပုံ ရွေးချယ်မှုပြုသလဲ၊ ဘာတွေကိုလိုက်နာရမလဲ၊ ဘယ်လိုကျင့်သုံးရမလဲဆိုတဲ့ ပြဋ္ဌာန်းချက်တွေသာဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရတိုင်း လက်မ မထောင်ရသလို မရသေးသူကလဲ ဝမ်းနည်းပက်လက်မဖြစ်ရပါ။ အဲလို ဖြစ်နေရသေးရင် ဒီမိုကရေစီမဟုတ်ဘူး။ ကနေ့ကာလက ဒီအဆင့်မှာသာရှိပါသေးတယ်။

အိန္ဒိယစာသင်ကျောင်းတွေမှာ အလယ်တန်းကတည်းက “စစ်ဗစ်” သင်ရပြီ။ “နိုင်ငံရေးပါတီတခုကို ဘယ်လိုထောင်မလဲ”။ “ရွေးကောက်ပွဲ (ကင့်ပိန်း) ဘယ်လိုလုပ်မလဲ” စတာတွေဟာ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေရဲ့ (အဆိုင်းမင့်) ခေါ်တဲ့ ကိုယ်ပိုင်အိမ်စာ ဖြစ်ပါတယ်။

၂၁ ရာစုထဲမှာ အယူအဆတခု တင်လာတာရှိတယ်။ Concept of global civics “တကမ္ဘာလုံးအတွက် စစ်ဗစ်” တဲ့။ ဘယ်အရာမှာမဆို အမြင်မတူတာ ရှိစမြဲပါ။ “စစ်ဗစ်” ကိုသင်စရာမလို ဆိုသူတွေလဲ ရှိတာဘဲ။ အရစ္စတိုတယ်ကလည်း “ဘာမဆိုလုပ်ကြည့်ပြီးမှ သင်္ခန်းစာယူရမယ်” တဲ့။

ဒါပေမဲ့ဗျာ တပါတီစနစ်လုပ်ကြည့်တာ ၂၆ နှစ်ကြာ နာခဲ့ပြီးပြီ။ စစ်အုပ်ချုပ်ရေးလုပ်ခဲ့တာလဲ အနှစ်နှစ်ဆယ်ကျော်ကြာ အတော်ကို နာခဲ့တယ်။ အခုလဲ တဝက်တပျက် ဒီမိုကရေစီ စမ်းနေပြန်ပြီ။ ကျွန်တော်အမြင်ကတော့ “စစ်ဗစ်” ကို သင်ပါ။ ဒါမှ လူတိုင်း “ပေါ်လက်တစ်” လုပ်တတ်လာကြမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၃