Tuesday, January 15, 2013

ခရိုဖြူ ခရိုနီ

ကနေ့ ကျွန်တော်တို့နိုင်ငံမှာ လူမှုရေးလို့ သိမ်းကျုံးခေါ်ရမဲ့ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စတွေမှာ အများကြီးနဲ့ အကြီးအကျယ် လိုအပ်နေပါတယ်။ ကျောင်းမထားနိုင်တဲ့ကလေးတွေ၊ ဆေးမကုနိုင်သူတွေ၊ အာဟာရ ပြည့်ဝအောင် မစားရသူတွေ သိန်းနဲ့ ရှိနေတယ်။ အစိုးရဘတ်ဂျက်ဆိုတာ သိတဲ့အတိုင်း အဲလိုနေရာတွေအတွက် ဆင့်ပါးစပ် နှမ်းပက်သာ ရတယ်။ ဒီတော့ စေတနာ့ရှင်တွေကနေ ကူနေကြရတာဟာ အလွန်မတန် အားကျ၊ ချီးကျူးဘို့ကောင်းတယ်။ ဘုန်းကြီးဆိုရင် အလှူခံပုဂ္ဂိုလ်လို့ သတ်မှတ်ထားပေမဲ့ လှူတဲ့ ငွေနဲ့ ဝတ္ထုတွေကို လူမှုရေးအတွက် ဘုန်းကြီးတွေက ပြန်လှူတာဟာ နည်းနည်းနောနော မဟုတ်ပါ။

တိုင်းပြည်က ချမ်းသာနေပေမဲ့ ပုဂ္ဂလိကအလှူငွေတွေနဲ့ Charity (ချာရတီ) ခေါ်တဲ့ လူမှုရေးလုပ်ငန်းတွေမှာ သုံးကြတယ်။ အမေရိကားမှာ ဒေါ်လာဘီလျန်နဲ့ လှူကြသူတွေကို Philanthropist မဟာစေတနာရှင်တွေလို့ ခေါ်ကြတယ်။ နာမည်အကြီးဆုံးတွေထဲမှာ Warren Buffett နဲ့ Bill Gates တို့က ထိပ်ဆုံးမှာရှိတယ်။ သူတို့နိုင်ငံမှာ စီးပွးရေးလုပ်ရာမယ် သိသာမြင်သာမှုနဲ့ ဥပဒေစည်းမျဉ်းတွေနဲ့လုပ်ရတာမို့ ချမ်းသာသူတွေရတဲ့ ဝင်ငွေအတွက် အငြင်းပွါးတာက နည်းပါးတယ်။ အဲလို Donations to charity (ချာရတီ) အလှူငွေအတွက် အစိုးရက အခွန်လျှော့ပေါ့တဲ့ ဥပဒေဆိုတာ ပြဋ္ဌာန်းပေးတယ်။ Qualified organizations လက်သင့်ခံဘို့ထိုက်တဲ့ အသင်းအပင်းတွေကိုသာ ပေးလှူကြရတယ်။

လှူမဲ့သူတွေဆီကနေ လိုအပ်သူတွေဆီရောက်စေအောင် ကောက်ယူဖြန့်ဖြူးတာအတွက် လုပ်ပေးတာမျိုးလဲရှိတယ်။ ဥပမာ Vietnam Veterans of America ဗီယက်နမ် စစ်ပြန်အဖွဲ့က အိမ်အသုံးအဆောင်တွေနဲ့ အဝတ်အစားတွေကို လိုက်ကောက်တယ်။ Goodwill Industries International, Inc. ပရဟိတ နိုင်ငံတကာစက်မှုအသင်းကြီးကနေ ပရိဘောဂ အကြီးစားတွေ၊ လေးလံတဲ့ပစ္စည်းတွေ လိုက်ကောက်တယ်။ Salvation Army (ဆယ်လ်ဗေးရှင်း-အာမီ) ကနေ ပရိဘောဂတွေ၊ အိမ်သုံးပစ္စည်းတွေ၊ မောတော်ကားဟောင်းတွေ လိုက်ကောက်ပေးတယ်။

ကျွန်တော်တို့နိုင်ငံမှာတော့ စီးပွါးရေးသမားတွေက အဲလိုနေရာတွေမှာ ကူညီလာနေတာအတွက် စဉ်းစားစရာတွေ ဖြစ်လာတယ်။ လတ်တလော “NLD ကနေစီစဉ်တဲ့ ပညာရေးရံပုံငွေရှာပွဲမှာ ခရိုနီက ကူညီတာကို လက်သင့်ခံတာဟာ သင့်လျှော်မှန်ကန်ပါရဲ့လား” ဆိုတဲ့မေးခွန်းကို ဝေဖန်ထောက်ပြလာနေတယ်။ ဒီအကြောင်းအရာမျိုးကို အလုပ်ရုံဆွေးနွေးပွဲ လုပ်ရင်တော့ တသဘောတည်း ပြောကြမှာမဟုတ်ပါ။ ဆင်ခြေကောင်းတွေ နှစ်ဖက်လုံးမှာ ရှိနေပါလိမ့်မယ်။

၉-၁-၂ဝ၁၃ နေ့က ဖတ်ရတယ်။ NLD ပါတီနဲ့ ခရိုနီတွေရဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "ခရိုနီတွေဆိုတာ တစ်ချိန်က ဆိုးခဲ့ချင်ဆိုးခဲ့မယ်၊ ဒါပေမယ့် သူတို့ အမြဲတမ်းတော့ ဆိုးမနေနိုင်ဘူး၊ နောက်ပြီး သူတို့ရဲ့ ပိုက်ဆံတွေကို တစ်ခြားနေရာမှာ သုံးမဲ့အစား အကျိုးရှိတဲ့ နေရာတွေမှာ သုံးတာက ပိုကောင်းတာပေါ့" လို့ ပြောပါတယ်။

သန်းပေါင်းများစွာ ရင်းနှီးမြှုတ်နှံထားတဲ့ နိုင်ငံခြား ဖက်စပ်-ပရောဂျက်လုပ်ရာနေရာက လူတွေမှာ ရွာတွေ ရွေ့ပေးရ၊ အသက်မွေးလုပ်ငန်းတွေ ရာသက်ပန်စွန့်ရတာတွေကို ထောက်ပြကြတဲ့အခါ (ထောက်မပြရင်တော့ ဖါသိဖါသာ နေကြပါတယ်။) ဆေးခန်း၊ ဆေးရုံ၊ ကျောင်းစသဖြင့် ဆောက်ပေးကြတယ်။ ဒီအကူအညီမျိုးကိုတော့ မေးခွန်းထုတ်သူ မများလှပါ။

အလှူဆိုတာ မြန်မာလူမျိုးအများစုအတွက် စေတနာသုံးတန် ပြဋ္ဌာန်းရတယ် စသဖြင့် ထူးပြီးရှင်းပြစရာတော့မလိုပါ။ နည်းလမ်းကျကျပြောရရင် “လှူလိုက်တာအတွက် အလှူပြန်ကို မျှော်မှန်းစရာမလိုတာ” ဖြစ်ပါတယ်။ Common law ယေဘုယျဥပဒေတခု ဖြစ်တယ်။ Civil law jurisdictions တရားမကြောင်းအရ တရားဝင်တယ်။ Valid contracts တရားဝင်ကန်ထရိုက်လို့ သတ်မှတ်တယ်။ တချို့နေရာတွေမှာသာ အသိအမှတ်ပြုစာ ရေးကြတယ်။

နိုင်ငံရေးပါတီကို လှူတာကတော့ ဥပဒေတွေလုပ်ထားပေမဲ့၊ မျှော်မှန်းချက်ကြီးကြီးနဲ့ ထည့်ဝင်တတ်ကြတယ်။ ပေးတာနည်းနည်း ရချင်တာ ပိုများတာလဲ ရှိတတ်တယ်။ ရွေးကောက်ပွဲ အသုံးစရိတ်ကို မြန်မာနိုင်ငံမှာတော့ ပြိုင်ဘက်ပါတီကို အနိုင်မရအောင် တမင်တကာ အသုံးစရိတ်ကို ကန့်သတ်ထားတယ်။ (မဆလ) ပါတီဟာ ၁၉၉ဝ မှာ သူတို့ကိုယ်တိုင်ကတော့ တပြည်လုံးမှာ ပြည်သူပိုင်ငွေတွေနဲ့ ဆောက်ထား၊ ဝယ်ထားတဲ့ ရုံးတွေရုံးအသုံးအဆောင်တွေကို သိမ်းယူပြီးမှ ဒီဥပဒေမျိုးထုတ်ခဲ့တယ်။ တခြားပါတီတွေကို လှူမဲ့သူတွေဟာ စေတနာနဲ့ အန္တရာယ်ကိုပါ ချင့်ချိန်ကြရတယ်။

စစ်အစိုးရစစ်စစ် လက်ထက်ကတည်းက မူးယစ်ဆေးဝါးနဲ့ ကျိကျိတက်ချမ်းသာလာသူတွေရဲ့ ငွေတွေကို ငွေဖြူခဝါချပြီး ကောင်းရောင်း ကောင်းဝယ်လုပ်ဘို့ သိသိကြီးနဲ့ ခွင့်ပြုထားခဲ့တယ်။ အခုအစိုးရကတော့ အဲလိုပုဂ္ဂိုလ်မျိုးကို ပြောင်ကျကျ လွှတ်တော်မှာ ထိုင်စေတယ်။ ဒီလိုလူတွေက လူမှုရေးအလုပ်မှာ တပြားတချပ်မှ ကူညီတယ်လို့ မကြားဘူးသေးပါ။ ကူလာရင်ကော လက်သင့်ခံမလားဆိုတာအတွက် ထောက်ခံမဲပေးသူ အလွန်ကိုနည်းမှာ သေချာတယ်။ ဒီလိုလူတွေဟာ “ငွေမဲက ငွေဖြူဖြစ်၊ စီးပွါးရေးလဲဆက်လုပ်နိုင်၊ အရောင်ပြအလှူငွေတောင် ထည့်စရာမလိုတဲ့ သုံးပွင့်ပန်တွေ၊ ခရိုဖြူတွေ ဖြစ်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၁-၂ဝ၁၃ MIZZIMA-JOURNAL-NO-17 Page 16