Tuesday, December 11, 2012

လက်ပန်းတောင်း ကောက်ကြောင်း

(မဇ္ဈိမ) ဂျာနယ် အတွဲ (၁)၊ အမှတ် (၁၂)၊ ဒီဇင်္ဘာ (၁၁) ရက်၊ ၂ဝ၁၂။
အညာမှာ အစဉ်အလာပြောကြတာတခုရှိတယ်။ “အာလ္လကပ္ပမှမပြီးသေးဘူး၊ သခွတ္တနယ်ကလာပြန်ပြီ” တဲ့။ အသံထွက်ရော၊ စာလုံးပေါင်းပါ မလွယ်တာတွေချည်းမို့ တဂိုဏ်းတည်းထားကြတယ်။ ဒီခေတ်ရောက်လာတော့ ဒီပဲယင်း နဲ့ လက်ပန်းတောင်း။ အဖြစ်အပျက်တွေက “အစိုးရလက်ထက်” ဆိုတာတော့ မတူဘူးပေါ့။ တဂိုဏ်းတည်းပါဘဲ။

ဒီပဲယင်း ဖြစ်တော့မှ အသံထွက်မှန်ကို တဖြေးဖြေး သိလာကြတယ်။ ဖြစ်ဖြစ်ချင်း ရေဒီယိုတချို့က “ဒဗယင်း” အသံမျိုး မှန်အောင် မထွက်တတ်ကြဘူး။ လက်ပန်းတောင်း၊ လက်ပံတောင်း (လက်ပဒေါင်း) သံတော့ မှန်ကြတယ်။ အင်္ဂလိပ်လိုလဲ အမျိုးမျိုး ပေါင်းကြတယ်။ လူထုက သဘောကောင်းပါတယ်။ အသံထွက်လွဲတာ၊ အင်္ဂလိပ်လို မတူတာအတွက် သူများတွေလို စောဒကမတက်ပါ။ အမှန်ကိုသာ အများသူငါ သိရင်ပြီးရော၊ အဖြစ်မှန်ဖေါ်စေချင်တာသာ အဓိကထားကြတယ်။ နောင်ထပ်မဖြစ်ဘို့ ဦးတည်တယ်။

လက်ပန်းတောင်းအရေးဟာ ကြီးမားတယ်။ ကျယ်ပြန့်တယ်။ နက်ရှိုင်းတယ်။ ဆက်ပါအုံးမယ်။ စဖြစ်နေခဲ့တာကြာပါပြီ။ ဆိုရှယ်-မီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေချိန်မှာ ဖြစ်လာတယ်။ အစဖြစ်တဲ့သမိုင်းကြောင်းကို (ဖေ့စ်-ဘွတ်) ကို ပြန်လှန်ရင် တွေ့ပါလိမ့်မယ်။ စတုံးက သေးသေးဖွဲဖွဲလေးပါ။ စလုပ်တဲ့သူတွေက နာမည်မထွက်ကြပေမဲ့ မနာလိုမှုလည်း ရှိပုံမရပါ။ ဘယ်အရာမဆို ငြမ်းလိုတယ် မဟုတ်ပါလား။ သတိပေးပါရစေ၊ ဘုရားမပြီးသေးပါ၊ ငြမ်းလဲမဖျက်ကြသေးပါ။

မြန်မာပြည်မှာ တချို့အရာတွေကို ဖွင့်ပေးလိုက်တော့ ပွင့်လာတာတွေထဲမှာ တောနေလူတွေပါ ပါဝင်လာကြတာဟာ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ အားတက်စရာကြီးဖြစ်တယ်။ စလိုက်ရင် ရန်ကုန်၊ ဆက်လုပ်တာက မန္တလေး၊ အစဉ်အလာနဲ့ ရှိနေခဲ့တာ၊ အခုတခါက တောမှာစတယ်။

လက်ပန်းတောင်းဒေသဟာ တကယ့်တောပါ။ အုပ်ချုပ်ရေးအရ ဆားလင်းကြီးနယ်ဖြစ်ပေမဲ့ လမ်းပန်းဆက်သွယ်ရေးအရ ကြေးစင်၊ စပယ်၊ လက်ပန်းတောင်း၊ တောင်သုံးလုံးဟာ မုံရွာ-ဂန့်ဂေါလမ်းမကြီးရဲ့ တဘက်တချက်မှာပါ။ မုံရွာကနေ ချင်းတွင်းမြစ်ကိုကူးပြီး၊ ခရီးဆက်ရင် ယင်းမာပင်၊ ပုလဲဖြတ်ပြီးမှ ပုံတောင်၊ ပုံညာကို တက်-ဆင်းပြီးနောက် ယောနယ်ကတဆင့် ဂန့်ဂေါရောက်တယ်။ ဆက်ချင်သေးရင် ဟားခါးရောက်တယ်။ မြိုင်၊ ရေစကြိုကို မုံရွာကသွားရင်လဲ ကြေးနီမြေကိုဘဲ ဖြတ်သွားရတယ်။ ဒါကြောင့် ယောသားတွေရော၊ ချင်းတောင်တန်းသားတွေရော၊ မြေလတ်သားတွေပါ ကြေးနီမြေကို ဖြတ်ကြရပါမယ်။ ဖိုးဝင်းတောင်ဘုရားဖူးလာသူတွေလဲ ဒီမြေကိုဖြတ်ကြရပါတယ်။

တချို့ကပြောကြတယ် ကြေးနီမိုင်းဟာ ဦးနေဝင်းလက်ထက် ကတည်းကလုပ်နေတာ၊ အခုမှမဟုတ်ဘူး။ “ဘာလို့အခုမှ ထလုပ်သလဲ” လို့ မေးချင်တာလား မသိပါ။ မကျေနပ်ချက်ဆိုတာ အခုပြောပြော၊ နောက်မှပြောပြော တရားဝင်ပါတယ်။ ဒေလီကို ဒေါ်အောင်ဆန်းစုကြည်လာတုံးက ပြောသွားတာ တချက်ရှိပါတယ်။ “မကျေနပ်တာကို မြိုသိပ်ထားရင် ကြာလေကြာလေ တိုးတိုးလာတတ်တယ်” တဲ့။ ကြေးနီမိုင်းကွင်းက လူထုအဖို့ မြိုသိပ်ထားခဲ့ရတာ ဆယ်စုနှစ်တွေ ကြာခဲ့ပြီ မဟုတ်ပါလား။

ခံရတာတွေကြားကနေ အမျိုးသမီး လူငယ်သူရဲကောင်းတွေ ထွက်လာတယ်။ ကွယ်လွန်သူ ခေါင်းဆောင်တယောက်ကို ပြန်အမှတ်ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အမျိုးသမီးတွေအတွက် ရာခိုင်နှုန်း သတ်မှတ်ပြီး နေရာပေးဘို့အရေး ဆွေးနွေးတုံးမှာ “မစုစုနွေးလို အမျိုးသမီးမျိုးကို ခေါင်းပေါ်တင်ပေးမယ်” တဲ့။ သူပြောချင်တာက ကိုယ့်အသိစိတ်၊ ကိုယ်တိုင်အနစ်နာခံမှုနဲ့ လုပ်သူဆိုရင် ကျားရယ်၊ မရယ်မရွေးဘဲ တင်ပေးမှာပါလို့ ဖြစ်ပါမယ်။ လက်ပန်းတောင်း အရေးကနေ မသွဲ့သွဲဝင်း စသူတွေကို မွေးထုတ်နိုင်ခဲ့တယ်။

ပြည်ပနိုင်ငံရေးလှုတ်ရှားမှုထဲမှာ တိုင်းရင်းသားဆိုပြီး သီးခြားခွဲထုတ်လေ့ရှိတဲ့ကြားထဲမှာ အများလေးစားခံရတဲ့ ကရင် အမျိုးသားခေါင်းဆောင်တဦးက သူနဲ့တိုင်းရင်းသားတူ မဟုတ်သူ အမျိုးသမီး တယောက်အတွက် ထောက်ခံချက် ပေးခဲ့သလို လက်ပန်းတောင်းကိစ္စမှာလဲ ကရင်၊ ကချင်၊ ရခိုင် အဖွဲ့အစည်းတွေကနေ ထောက်ခံအားပေးကြတာဟာ တကယ့် “ပြည်ထောင်စုချစ်စိတ်” ကို ဖေါ်ပြတာဖြစ်တယ်။ ကျန်တိုင်းရင်းသားတွေလဲ အတူရပ်တည်ကြမှာ အမှန်ပါ။

မြန်မာပြည်က ဗုဒ္ဓဘာသာအစဉ်အလာမှာ ဘုန်းကြီးတွေနိုင်ငံရေးထဲ ဘယ်လိုအထိ ပါဝင်သင့်သလဲဆိုတာ မေးနေ၊ ဆွေးနွေးနေကြတယ်။ သီရိလင်္ကာနမူနာကို ထောက်ပြကြတာလဲရှိတယ်။ ကာလ၊ ဒေသ၊ ပယောဂတွေ မတူကြပါ။ ဒါပေမဲ့ “နိုင်ငံရေးထဲ” ဆိုတာဘာလဲ။ သံဃာတော်တွေ ထိပ်ကနေပါတဲ့အရေးကိစ္စတိုင်းမှာ သံဃာ့မဟာနာယကကို အမြဲတမ်း ထောက်ပြကြတယ်။ ဒီအဖွဲ့ကြီးက နိုင်ငံရေးမှာ မသိကျိုးကျွံပြုနေတာကများတယ်။ အဲဒါလဲ နိုင်ငံရေးဘဲမဟုတ်ပါလား။ ၂ဝဝ၇ သံဃာ့အရေးအခင်းသာမက လက်ပန်းတောင်းအရေးအခင်းတွေမှာ ဘုန်းကြီးတွေပါလာခြင်းဟာ နောင်တချိန်မှာ နိုင်ငံရေးထဲမှာ ဘယ်ကဏ္ဍကနေပါနိုင်လာမလဲဆိုတာအတွက် အားဖြည့်ချက်ကြီးတခုဆိုရင် မမှားပါ။ နိုင်ငံရေးဆိုတာ ပါတီထဲဝင်မှ၊ တိုင်းပြည်ထဲဝင်မှ၊ လွှတ်တော်ထဲနေမှ မဟုတ်ပါ။ ခုလိုအချိန်မျိုးမှာ အဲလိုလုပ်ဘို့က ပိုလိုနေပါတယ်။

တိုင်းပြည်အုပ်ချုပ်သူများဟာ အစဉ်အဆက် ကြိုတင်အကွက်ချပြီးမှ ကိုင်တွယ်ဆောင်ရွက်လေ့ရှိပါတယ်။ လက်ပန်းတောင်း ဆန္ဒထုတ်ဖေါ်နေသူတွေကို ဖြိုခွင်းဘို့ရာ ရက်ရာဇာ၊ ပြဿဒါးရွေးမှာ သေချာတယ်။ (ပလင်-အေ)၊ (ပလင်-ဘီ) ထားမှာလဲ မေးစရာမလိုဘူး။ ဒီနေ့ဒီရက် ဒေါ်အောင်ဆန်းစုကြည် လာစရာရှိတာကိုလဲ တကမ္ဘာလုံးက သိကြတာမို့ တမင်တကာ ရက်ရာဇာသတ်မှတ်မယ်လို့ ယူဆနိုင်ပါတယ်။ တရက်စောင့်တာနဲ့ ကွက်တိလုပ်တာကိုလဲ တွက်ချက်မှာပါဘဲ။ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကနေ အကျိုးသင့်အကြောင်းသင့် စည်းရုံးနားချရင် အေးချမ်း တည်ငြိမ်စွာနဲ့ လူစုခွဲကြမှာလဲ သေခြာပါတယ်။ ဒါဖြင့် ဘာလို့ ဒီလမ်းကို မရွေးပါသလဲ။ အဓိကရုဏ်းဖြိုခွင်းနည်းသစ်တခုကို စမ်းချင်တာလားလို့ မေးခွန်းမေးတာ မှားမယ်မထင်ပါ။ ဆေးပညာမှာလဲ ဓါတ်ခွဲခန်းနဲ့ တိရစ္ဆာန်တွေစမ်းပြီး လူတွေကို စမ်းပါတယ်။ လူတွေကိုတော့ ကာယကံရှင်သဘောတူညီချက် ယူပြီးမှ ဆရာဝန်တွေကတော့လုပ်ကြရတယ်။

သတင်းထုတ်ပြန်တာ၊ ဟိုမှာသည်မှာ ဝန်ချသလိုလုပ်တာ၊ ကော်မရှင်ဖွဲ့တာတွေမှာ ပြောစရာတွေ၊ မေးစရာတွေ ရှိနေပေမဲ့ တိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။ စုံစမ်းရေးကော်မရှင်ကတော့ ဥပဒေရှုဒေါင့် နိုင်ငံရေးရှုဒေါင့်တွေကနေသာ လုပ်နိုင်ပါလိမ့်မယ်။ မလုံလောက်သေးပါ။ ဒီအရေးကိစ္စကြီးဟာ ထူးခြားတာတွေ၊ ထူးဆန်းတာတွေပါနေလို့ အတူးစစ်ဆေးမှုတွေ လိုပါမယ်။ ပညာခန်းတွေပါတယ်။ ကိုယ့်ဆီကပညာရှင်တွေနဲ့ မလုံလောက်ရင် တခြားနိုင်ငံက အကူအညီတွေလိုတယ်။ ဒီနေရာမှာ မျိုးချစ်မာန မထားသင့်ပါ။ နာဂစ်တုံးကလို ယူနီဖေါင်းဝတ်ပညာရှင်သာ လာရတာမျိုး မဖြစ်သင့်တော့ပါ။

ဒီအရေးမှာ တောကလူတွေနဲ့အတူ မုံရွာကလူတွေ လာကူကြတယ်။ မနီးမဝေးကနေလဲ လာဝိုင်းပေးတယ်။ ဒါတွေက တုန်လှုပ်ခြောက်ခြားဘွယ်ရာ ဖြိုခွင်းမှုကြီး မတိုင်ခင်ကပါ။ သံဃာတော်တွေမီးသင့်လောင်ပြီး အုတ်အော်သောင်းနင်း ဖြစ်လာပြီးတော့ ဘယ်သူတွေလာကြသလဲ၊ ပါကြသလဲ၊ မလာကြသလဲ၊ မပါကြသလဲ။ ဒီကာလမှာ ချင်းတွင်းမြေကို ဘယ်သူတွေနင်းသလဲဆိုတဲ့ အချက်ဟာ သမိုင်းတွင်ပါမယ်။ ဒေသခံလူတွေက ရှေ့ရေးကိုပါ မျှော်တွေးနေကြပြီ။

ဒေါက်တာတင့်ဆွေ