Monday, November 11, 2013

ဆရာမ နှင်းပန်းအိမ်သို့

Hnin Pan Eain: “ဆရာရှင့် ကျမပုလဲကနေ အမြဲဖြတ်ပြီး ထောင်ဝင်စာတွေ့ရတိုင်း ဆရာ့မြို့လေးကို ကားပေါ်ကနေ တွေးရပါတယ်။ ဆရာ့ဇာတိမြေကို လွမ်းနေမှာပဲလို့လေ။”

RFA ရေဒီယိုကနေ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုတွေရဲ့ တကယ့်ဘဝတွေကို ဆရာမတင်ဆက်ပေးနေတာ နားထောင်ရပါတယ်။ ဒီအစီအစဉ်ထဲ ထည့်ပေးစေချင်လို့ မဟုတ်ပါ။ မှတ်တမ်းလေးတခု ကျန်ရစ်အောင် အတွက်သာ ဒီစာကိုရေးပါတယ်။ ကျွန်တော် ထွက်ပြေးရတာနဲ့ဆက်ပြီး အဖမ်းခံရ၊ ထောင်ကျရသူတွေဟာ နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲမှာ ပါ-မပါလဲ မသိပါ။ တတိယသား၊ (၉) တန်းကျောင်းသား၊ ပြည်တွင်းမှာ ပုန်းပြေးနေရတာလဲ ပုန်းပေးခဲ့သူကလွဲရင် မသိပါ။

ပုလဲ၊ မုံရွာ သတိရတာတော့ အိပ်ပျော်နေလဲ ရနေတယ်ပြောရမှာဘဲ။ ဆရာမအသံလွှင့်တာတွေ နားထောင်ရင်း မုံရွာထောင်ထဲ နေခဲ့ရတာတွေကို အန်တီက ပြန်အမှတ်ရသတဲ့။ ကျွန်တော့မိသားစုက NLD ထဲဝင်လုပ်တဲ့နိုင်ငံရေးနဲ့ စစ်အစိုးရရဲ့ ဒဏ်တွေခံနေကြရချိန်မှာ၊ ရင်းနီးနေခဲ့တဲ့ အမျိုးတွေ၊ မိတ်ဆွေတွေထဲက တချို့ဟာ ရှဲသွားကြပေမဲ့ အရင်တုံးက ခပ်လှမ်းလှမ်းမှာနေခဲ့ကြတဲ့ အမျိုးတွေ၊ မိတ်ဆွေတွေက ကျွန်တော်ပြည်ပထွက်ပြေးရပြီး ပြည်တွင်းမှာ ကျန်ရစ်တဲ့ အန်တီအနားကို ရောက်လာကြတယ်။ တခါမှမတွေ့ဘူးသူတွေက အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်လာတာဟာ တသက်တာ မမေ့နိုင်စရာတွေပေါ့ဗျာ။ သူတို့နာမည်တွေကို အန်တီအေးက ပြန်ပြန်ရွတ်ပြနေဆဲပါ။ တချို့ဆိုရင် ကျွန်တော်နဲ့ လူချင်းတခါမှ မတွေ့ဘူးကြပါ။

ဆုံးသွားပြီဖြစ်တဲ့ သားအကြီးက မုံရွာအချုပ်ထဲရောက်ဖူးတာ သူ့အမေရဲ့ အရင်ပေါ့။ ကျွန်တော်ကတော့ မုံရွာဆေးရုံမှာ တာဝန်ကျရင်း ထောင်ဆရာဝန်ဆိုပြီး အလှည့်ကျသွားရဘူးတာနဲ့ ကျိန်းကျေသွားလား မသိဘူး။ အစ်ကိုလွတ်ပြေးသွားလို့ (၄) နှစ် အချခံရတဲ့ညီအရင်းကလဲ မုံရွာထောင်မှာဘဲ။ ညီတော်မောင်က အစိုးရဝန်ထမ်းမို့ ကျွန်တော်နဲ့ ကင်းရှင်းအောင်ကို အတော်သတိထားနေကြတာပါ။ တချက်ကလေး ပြောစရာတော့ ရှိသွားတယ်။ ညီကနေ ကျွန်တော့်ဆီကို သမတ ဘွတ်ရှ် (စီနီယာ) ရဲ့ ကိုယ်ရေးအတ္ထုပတ္တိစာအုပ် လှမ်းပို့ဘူးတယ်။ သူ့ကိုစွဲချက်တင်တော့ ကွန်မြူနစ်တဲ့ဗျာ။ ဗခ ခင်ညွန့်ရဲ့ သတင်းစာရှင်းလင်းပွဲက ဇယားထဲမှာ ညီဖြစ်သူက (ယူဂျီ) တဲ့ဗျာ။ မနေ့တနေ့က မုံရွာက တူလေးကနေ ဖေ့စ်ဘွတ်မှာ ဓါတ်ပုံတင်ပေးတယ်။ အဲဒီ (ယူဂျီ) က ဘုရားတဆူမှာ မီးလှူထားတယ်။

တဖက်နိုင်ငံကနေ သိထားရသလောက် “ဇနီးနဲ့ အမျိုးတွေ၊ မိတ်ဆွေတွေ အဖမ်းခံရတယ်။ ညီအရင်းကို ထောင် (၄) နှစ် ချတယ်။ နေအိမ်နဲ့ ဆေးခန်းကို ချိပ်ပိတ်ထားတယ်။ အိမ်ကို မနေရ၊ မပြင်ရ၊ မရောင်းရ၊ အငှားမတားရ။ ဆရာဝန်လိုင်စင် (ဆမ) လဲ သိမ်းသွားတယ်။” ဒါလောက်သာ သိခဲ့ရတယ်။ ဇနီးက အဲဒီခါးသီးဘွယ်ရာ ဘဝဒဏ်ရာကြီးကို ပြောမထွက်လို့ တစစီတစစီသာ ပေါင်းစုနေရတယ်။ အနှစ် (၂ဝ) ကျော်ပေမဲ့ ခုထိ လုံးစေ့ပတ်စေ့ ဇာတ်စုံမခင်းနိုင်သေးပါ။

အန်တီကို မဖမ်းသေးခင် လွယ်အိပ်လေးလွယ်ထားတဲ့ အရပ်ဝတ်နဲ့လူတွေ ပုလဲအိမ်မှာ တပါတ်ခါ လာလာစစ်ကြတယ်။ ဟိုဟာရှာ။ ဒီဟာမေး။ မုံရွာကိုလဲ နှစ်ခါခေါ်စစ်သေးတယ်။ နောက်တော့ လွယ်အိပ်လွယ်တယောက်က “အမကြီး ခုလို ခေါ်စစ်တာ မခံရအောင် ဒေါက်တာတင့်ဆွေကို ကွာရှင်းကြောင်း လက်မှတ်လေးထိုးပေးလိုက်ရင် အားလုံးရှင်းသွားမယ်၊ မလုပ်ချင်ဘူးလား” တဲ့။ “အခုခေတ် ပုလဲမှာ သစ်ကွက်တွေနဲ့ ချမ်းသာနေကြတာတွေ မြင်တယ်မဟုတ်လား။ အမကြီးလဲ ဒီလိုဖြစ်လာမှာပေါ့၊ ဟဲဟဲဟဲ့” တဲ့။

“ကျမနဲ့ ကွာရှင်းပြီးမှ ဆရာကထွက်သွားတာမှ မဟုတ်တာ။” နိုင်ငံရေးခံယူချက်နဲ့ သစ်ကွက်မလဲခဲ့ပါ။ အကြင်လင်မယားဘဝနဲ့ အကျဉ်းသားဘဝမလဲခဲ့ပါ။

ဒေါ်မြမြအေးခင်မြာ သားသမီး လေးယောက်ကို ကျောင်းဆက်ထားရမှာမို့ အရောင်းအဝယ်လေး လုပ်ကြည့်ပါတယ်။ ဈေးဝယ်တွေ ဖေါက်သည်တွေပါ ထောက်လှမ်းရေးဆိုသူတွေက ခြိမ်းခြောက်တာ ခံကြရတော့ ဘာစီးပွါးရေးမှ လုပ်မရပါ။ စုထားတာလေးတွေ ထုတ်ရောင်းပြီး၊ လေးနှစ်ကြာ အသက်ဆက်ခဲ့ပါတယ်။ မုံရွာ အထက်တန်းကျောင်း အမှတ် (၃) မှာ တက်နေရတဲ့ (၁ဝ) တန်းကျောင်းသူ သမီးကို စစ်တပ်ကဘောလုံးပွဲလုပ်ရင် ပန်းစီးဆက်ဘို့ရာ လူရွေးပါတယ်။ ကွမ်းတောင်ကိုင်တွေလို ရုပ်ရည်ကြောင့် မဟုတ်ပါ။ (အင်နယ်လ်ဒီ) အမတ်ကို နာမ်နှိမ်တာသက်သက်ဖြစ်ပါတယ်။ အဲလိုနေ့များမှာ သမီး ကျောင်းမသွားတော့ပါ။

ဒေါ်မြမြအေးကို မုံရွာထောင်ကနေ ရုံးထုတ်တော့ (၃၈ဝ) လို့ရေးထားတဲ့ စာရွက်တခုကို အကိုင်ခိုင်းသတဲ့။ “ဘာလဲ မသိဘူး။ ကိုယ်ပိုင်နံပါတ်လား။” ပေါ့။ ရှေ့နေကပြောမှ အဲဒါ “ခိုးမှု” တဲ့။ “ဟာ့ ဘာခိုးလို့လဲ။” စက်ဘီးတဲ့။ သားသမီးနဲ့ ကူတဲ့သူတွေကလဲများတော့ အိမ်မှာ စက်ဘီးဘယ်နှစ်စီးရှိလဲတောင် ကျွန်တော်မသိပါ။

နောက်တခေါက် ရုံးထုတ်တော့ (၆/၁) ရော ပါပြန်သတဲ့။ “ဟာ့ ဘယ်ပြည်သူပိုင်ပစ္စည်းကို အလွဲသုံးစားလို့လဲ”။ ထောက်လှမ်းရေးဆိုသူက “ဘုတလင်က ရေစုပ်စက်၊ နောက်ထပ်ဘာမှ မမေးနဲ့တော့။ ဒါဘဲ။” တဲ့။ အမျိုးတွေကနေ စက်ဘီးအခိုးခံရသူ၊ ရေစုပ်စက်ပျောက်သူလို့ဆိုတာ လိုက်မေးတော့ ဘယ်မှာရှာမတွေ့ကြပါ။

ထောင်ထဲမှာ ခိုးတာရော ပြည်သူပိုင်ပစ္စည်းဆိုတာပါ ဘာတခွန်းမှ မမေးပါ။ ကျွန်တော် ဘယ်လိုဘယ်ပုံထွက်ပြေးသလဲ။ ဘယ်သူတွေက ကူညီသလဲသာ မေးတယ်။ မေးဘို့ရာ၊ စစ်ဘို့ရာ ညဥ့်နက်သန်းခေါင်မှာ ခေါ်တယ်။ အရပ်ဝတ်နဲ့ ရဲလား၊ ဘာလား၊ မိန်းတယောက်တော့ရှိပါရဲ့၊ သူများတွေက ဘာထင်ကြမလဲ။ အဲဒီတုံးက အသက် (၄ဝ) ဝန်းကျင်လောက်၊ အရွယ်ရှိပါသေးတယ် ပြောရမလား။ “ဒီအမျိုးသမီး ညကြီးသန်းခေါင် တယောက်ထဲ ခေါ်ခေါ်ထုတ်သွားတယ်၊ ဘာလဲ။” တွေးစေဘို့ တမင်တကာ လုပ်ကြံတာပေါ့။

ဆရာဝန်ကတော်ကို ထားတော့လဲ (အိတ်ခ်ျအိုင်ဗွီ) ရှိလောက်မဲ့ ကိုယ်ခန္ဓာရောင်းစားရရှာသူတွေနဲ့ တွဲထားတယ်။ ထောင်ထဲမှာ အဲဒီမိန်းကလေးတွေက “အမကြီးက ဘယ်ရပ်ကွက်ကလဲ” တဲ့။ မသိသူတွေက အန်တီကို “ခေါင်း” ဘဲ ထင်ကြတယ်။ ရောဂါပိုးတော့ ပါမလာပါ။ ဂုဏ်သိက္ခာကျစေအောင် နှိပ်စက်လိုက်တယ်ဆိုတာ နှစ်တွေအတော်ကြီးကြာမှ ကိုယ့်အဖြစ်ကို သိလာသတဲ့။

လွှတ်ခါနီးတော့ “မန္တလေးအိုဘိုထောင်ကြိုက်လား၊ အင်းစိန်ထောင်ကြိုက်လား။ အဲဒီမှာ ခင်များတို့လို နိုင်ငံရေးသမားတွေ အများကြီးရှိတယ်” တဲ့။ လွှတ်မဲ့ဟာတောင် စိတ်ကို နှိပ်စက်သေးတာ။ ကားကိုလှည့်ပတ်မောင်းပြီး၊ မုံရွာမြို့လည်ခေါင် ဗိုလ်ချုပ်ကြေးရုပ်နားမှာ ကားပေါ်ကအဆင်းခိုင်းတယ်။ ထောင်ထဲမှာ တလနီးပါး ဝတ်စားထားရတဲ့ ဟောင်းနွမ်း ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ လူရုပ်ကို သူများတွေ အမြင်မခံချင်တာမို့ ယောက္ခမအိမ်အထိ အပို့ခိုင်းရတယ်။

ကျွန်တော့် အမှုနဲ့ဆက်ပြီး အန်တီနဲ့အတူ သူ့အမျိုးကိုယ့်အမျိုးနဲ့ မိတ်ဆွေ (၇) ဦးကိုလဲ မုံရွာထောင်ကြီးချုပ်မှာ ထားတယ်။ မိန်းမသားလဲဖြစ် ယောက်ျားနဲ့ သားတယောက်ကလဲ တိုင်းပြည်ကနေထွက်ပြေးကြရပြီဆိုတော့ အန်တီဟာ တရားဓမ္မ ဘယ်မှာသတိရနိုင်မလဲ။ ငိုယိုတယ်။ ဒေါသထွက်တယ်။ သောကမီးလောင်ပါတယ်။ ဒါပေမဲ့ သတ္တိလား၊ မာနလား၊ ဇာတိပြတာလား မပြောတတ်ပါ၊ “အတူအချုပ်ခံနေရသူတွေက ဖြောင့်ချက်ပေးကြပြီ၊ တယောက်ကို (၂) နှစ်စီချမယ်။” ဆိုတော့ အန်တီက ငိုရင်းပြန်ပြောလိုက်တယ်။

“အဲဒီ (၇) ယောက်စာ (၁၄) နှစ်လုံးကို ငါတယောက်တည်း ကျခံမယ်ဟေ့” တဲ့။

ဒီမိုကရေစီနိုင်ငံရေးအတွက် အကျဉ်းကျသူတိုင်း၊ အချုပ်ကျသူတိုင်း၊ ပုန်းရှောင်ရသူတိုင်းကို လေးစားလျက်ပါခင်ဗျား။

(ပုလဲအိမ်နဲ့ မုံရွာထောင် ဓါတ်ပုံတွေရိုက်ပို့ပေးကြသူနှစ်ဦးလုံးကို ကျေးဇူးတင်ပါတယ်။)

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၂