Sunday, November 18, 2012

၁၄-၁၁-၂ဝ၁၂ ဂျဝါဟာလားနေရူး အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

ဘဝမှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျေးဇူးကြွေးရယ် ချစ်ခင်ကြင်နာခြင်းရဲ့ ကျေးဇူးကြွေးရယ်ကို ဆပ်နိုင်တာလောက် စိတ်ကျေနပ်စရာကောင်းတဲ့ အခါမျိုး ရှားပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်မှာ ကျမဟာ မြန်မာပြည် ဒီမိုကရေစီရေးမှာရော ကျမကိုပါ တစိုက်မတ်မတ် အားပေးခဲ့သူတွေ၊ အစိုးရတွေ၊ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ခွင့်များစွာ ရခဲ့ပါတယ်။ ကျမတို့ ရွေးချယ်ထားတဲ့ ဒီလမ်းခရီးမှာ ကြီးကျယ်တဲ့အခက်အခဲတွေ ကြုံရတိုင်း ကမ္ဘာတဝှမ်းက ကျမတို့ ရခဲ့တဲ့ ကိုယ်ချင်းစာ နားလည်မှုဟာ ကျမတို့ကို ရှေ့ဆက်ဖို့ အားအင်အသစ်တွေ ဖြစ်စေခဲ့တယ်လေ။ ကျမတို့ တကယ်လိုအပ်နေချိန်မှာ ရက်ရက်ရောရော ပေးခဲ့ကြတဲ့ အားပေးမှုတွေ အကူအညီတွေအတွက် ကျေးဇူးတင်စကားပြောရုံနဲ့ မလုံလောက်နိုင်ပါဘူး။

ဒီနေ့တော့ ၁၉၉၅ မှာကတည်းက ကျမကို ပေးအပ်ခဲ့တဲ့ ဂျဝါဟလာနေရူးအောက်မေ့ဖွယ်ဆုအတွက် ကျေးဇူးတင်စကား ပြောလိုပါတယ်။ ၁၉၉၅ ဆိုတာ ကျမကို ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွှတ်လိုက်တဲ့နှစ်ပါဘဲ။ လွတ်လပ်ရေး အတွက် ကြိုးပမ်းမှုကာလက အိန္ဒိယနဲ့မြန်မာကြား ဆက်နွယ်မှုရယ်၊ ကျမကိုယ်တိုင်နဲ့ အိန္ဒိယနိုင်ငံကြား ဆက်စပ်မှုတွေကြောင့် ဒီဆုဟာ ကျမအတွက်တော့ ထူးခြားလှပါတယ်။ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်တွေရဲ့ အတွေးအခေါ်တွေနဲ့ လုပ်ရပ်တွေဟာ ကျမကို စိတ်ကူးသစ်တွေ အားကျအတုယူစရာတွေ ပေးခဲ့တယ်လေ။ ဂန္ဒီဟာ အားကောင်းလှတဲ့ အတားအဆီးတွေကိုဆန့်ကျင်ပြီး အကြမ်းမဖက်ဝါဒကို ထိရောက်တဲ့ နိုင်ငံရေးအားတစ်ခုအဖြစ် ပြောင်းလဲခဲ့တယ်။ မြန်မာပြည်က ကျမတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဟာ ဂန္ဒီရဲ့ အဲဒီ အကြမ်းမဖက်ဝါဒကို စွဲစွဲမြဲမြဲ အခြေတည်ထားတာပါ။ ကျမရဲ့နိုင်ငံရေးတွေးခေါ်မှုတွေအပေါ်မှာ ဂန္ဒီ ရဲ့ လွှမ်းမိုးမှုရှိတယ်ဆိုတာ အတော်လေး လူသိများတဲ့ အချက်ပါဘဲ။ ဒါပေမယ့် ကျမအပေါ် ဂျဝါဟလာနေရူးရဲ့ လွှမ်းမိုးမှုကိုကျတော့ အဲဒီလောက် မသိကြပါဘူး။

ပန်ဒစ်ကြီး (ဂျဝါဟလာနေရူး) ဟာ ကျမ ကလေးဘဝ သိတတ်စကတည်းက ရင်းနှီးနေတဲ့ နာမည်ပါဘဲ။ ကျမအမေဟာ သူ့အကြောင်းကို လေးစားကြည်ညိုရတဲ့ မိတ်ဆွေတစ်ယောက်ကဲသို့ ပြောလေ့ရှိခဲ့ပါတယ်။ သူမအတွက်ရော ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်းအတွက်ပါ ချစ်ခင်လေးစားရတဲ့ ဖခင်တစ်ယောက်နီးပါးလောက်ကို သဘောထားခဲ့တာပါ။

ကျမအတွက်ကတော့ သူ့ဟာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်တယ်ဆိုတဲ့အချက်ကလွဲလို့ သူ့အရေးပါမှုကို အဲဒီတုန်းက သိပ်မသိခဲ့ပါဘူး။ ကလေးပီပီ ကျမရဲ့ စိတ်ထဲမှာ သူဟာ ကျမအဖေကို သူ့မှာ ရှိသမျှထဲက အကောင်းဆုံး ယူနီဖောင်း နှစ်ထည်ကို ပေးခဲ့တဲ့ သဘောကောင်းကြင်နာတတ်တဲ့ လူကြီးတစ်ယောက်လို့သာ ထင်ခဲ့မိတာပါ။

၁၉၄၇ ဂျန်နဝါရီမှာ ကျမအဖေဟာ လန်ဒန်ကို သွားရင်းနဲ့ ဒေလီမြို့ကို နှစ်ရက်ဝင်ခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ကနဦး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အင်္ဂလိပ်ဝန်ကြီးချုပ် အတ္တလီနဲ့ သွားတွေ့တာပါ။ အဖေဟာ People's Volenteer Organization ကနေ ပေးလိုက်တဲ့ ချည်ထည်အင်္ကျီနှစ်ထည်နဲ့ လန်ဒန်ကို သွားဖို့ ထွက်လာခဲ့တာပါ။ ပန်ဒစ်ကြီးဟာ ကျမအဖေရဲ့ ပါးလွှာနေတဲ့ ဝတ်စုံကို တစ်ချက်ကြည့်ပြီးတော့ ရေခဲတမျှအေးတဲ့ လန်ဒန်ဆောင်းရာသီနဲ့ မဖြစ်ချေဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနှစ်ကလည်း အင်္ဂလန်သမိုင်းမှာ အအေးဆုံးဆောင်းရာသီလေ။ ဒီနဲ့ သူဟာ နွေးထွေး သားနားပုံကျတဲ့ ယူနီဖောင်းနှစ်စုံ အဖေ့အတွက် ချက်ချင်းချုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ထူထဲတဲ့ ကုတ်အင်္ကျီ တစ်ထည်လည်း အဖေ့မှာ လိုမယ်လို့ သူက ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကိုယ်တိုင်းနဲ့ချုပ်ဖို့ဆိုတာ အချိန်ကလည်း မကျန်တော့တာနဲ့ အင်္ဂလိပ်စစ်တပ်သုံး ကုတ်ကြီးတစ်ထည်ကို ယူလာပေးကြပါတယ်။ ကျမအဖေရဲ့ လူသိအများဆုံး ဓါတ်ပုံဟာ လိုတာထက် ဆိုက်ကြီးနေတဲ့ အဲဒီကုတ်အင်္ကျီကြီးဝတ်လို့ပေါ့ရှင်။ အမှတ် ၁ဝ ဒေါင်းနင်းလမ်း (လန်ဒန် ဝန်ကြီးချုပ်ရုံး) ခြံမှာ ရိုက်ထားတာပါ။

အဖေဟာ ဂျဝါဟလာနေရူးနဲ့ တခြားအန္ဒိယခေါင်းဆောင်တွေကို ပထမဆုံးအကြိမ်တွေ့ဖူးချိန်မှာ တက္ကသိုလ် ကျောင်းသားဘဲ ရှိပါသေးတယ်။ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုမှာ ကျောင်းသားသမဂဟာ ရှေ့တန်းက ပါခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် တူညီတဲ့ရည်မှန်းချက်တွေကြောင့် ကျမတို့ နိုင်ငံနှစ်ခုကြားက ကိုလိုနီဆန့်ကျင်ရေး အင်အားစုတွေ အချင်းချင်း ခင်မင်ရင်းနှီးခဲ့ကြတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးနီးလာတော့ မြန်မာပြည်က ရွေးလိုက်ရတဲ့ လွတ်လပ်ရေး လမ်းစဉ်ဟာ ဂန္ဒီရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ ကွဲသွားခဲ့ရတယ်။ အဖေဟာ ရဲဘော်သုံးကျိပ်လို့ ခေါ်တဲ့ လူငယ်အဖွဲ့ကို ဦးဆောင်ပြီး ဂျပန်မှာ စစ်ပညာသွားသင်ခဲ့တယ်။ ဒီအဖွဲ့သစ်ကလေးဟာ ဗမာ့လွတ်လပ်ရေးတပ်မတော် Burma Independence Army အတွက် မဏ္ဍိုင်ဖြစ်လာခဲ့ပါတယ်။

၁၉၄၁ က ၁၉၄၅ အတွင်း ဂျပန်အုပ်ချုပ်မှုအောက်မှာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တွေဟာ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင်တွေနဲ့ သိပ်ပြီး အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမယ့် နေတဂျီ ဆူဘာ့စ် ချန်ဒရာ ဘိုးဆေ Netaji Subhas Chandra Bose နဲ့ အိန္ဒိယအမျိုးသားစစ်တပ်ကိုတော့ သိကျွမ်းလာကြတယ်။ စစ်အပြီးမှာ နေတဂျီရဲ့အစ်ကို Sarat chandra Bose ဟာ အိန္ဒိယအမျိုးသားတပ်ဖွဲ့ဝင်တွေရဲ့ တရားရုံးအမှုတွေအတွက် ကာကွယ်ရေး ရှေ့နေတစ်ယောက် အနေနဲ့ မြန်မာပြည်မှာ အမှုထမ်းဖို့ ရောက်လာတော့ အဖေက ရန်ကုန်မြို့တော်ခန်းမမှာ ကြိုဆိုရေး မိန့်ခွန်းပြောခဲ့ပါသေးတယ်။ အဲဒီမိန့်ခွန်းမှာ အဖေက Sarat Chandra Bose ကို”အိန္ဒိယရဲ့ ခေါင်းဆောင်များထဲက တစ်ယောက်၊ ကြီးမြတ်တဲ့ အိန္ဒိယ လူမျိုးတစ်ယောက်ရဲ့ ထူးခြားကြီးမြတ်တဲ့ အစ်ကို” လို့ ဆိုခဲ့ဖူးတယ်။

အဖေက ဆက်ပြောပါသေးတယ် “ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့က ဥက္ကဌတစ်ယောက်အနေနဲ့ ကျနော်ပြောချင်တာကတော့ အိန္ဒိယနိုင်ငံနဲ့ ပတ်သက်တဲ့ နောက်ပြီး မြန်မာပြည်ထဲက အိန္ဒိယလူမျိုးတွေနဲ့ ပတ်သက်တဲ့ ကျနော်တို့ ပေါ်လစီဟာ အင်မတန် သဘောထားကြီးပြီး ရက်ရက်ရောရော ရှိတယ်ဆိုတာပါဘဲကျနော်တို့အနေနဲ့ မကျေနပ်တာ မရှိပါဘူး။ လူမျိုးရေးနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ ခံစားမှုတွေကိုလည်း ကျနော်တို့ မထားပါဘူး။ ကမ္ဘာ့ပေါ်က ဘယ်နိုင်ငံနဲ့မဆို ရင်းနှီးချစ်ကြည်တဲ့ ဆက်သွယ်ရေးလုပ်ဖို့ အဆင့်သင့်ရှိပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုပြီး ရင်းနှီးချစ်ခင်ချင်ပါတယ် အိမ်နီးချင်းနိုင်ငံတွေနဲ့ ညီအစ်ကိုကောင်းတွေလိုကို ဆက်ဆံချင်တာပါ။ သိပ်မဝေးတဲ့ အနာဂတ်ကာလမှာ အာရှနိုင်ငံများ အဖွဲ့ကို ဖွဲ့ချင်ပါတယ်။ အိန္ဒိယ၊ မြန်မာအပါအဝင် အာရှတစ်ခုလုံးရဲ့ လွတ်လပ်မှုရယ် အပြန်အလှန် အကျိုးစီးပွားရယ်အတွက် ဘယ်မှာဘဲဖြစ်ဖြစ် ဘယ်အချိန်မှာဘဲဖြစ်ဖြစ် တတ်နိုင်သလောက် မြန်မြန် နှစ်ဦးနှစ်ဖက် နားလည်မှုတွေ၊ ပူးပေါင်းလုပ်ဆောင်မှုတွေကို လုပ်ချင်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ပန်ဒစ်ကြီးဟာ မလေးရှားကအပြန် ရန်ကုန်ကို တစ်ညဝင်တော့ ကျနော်နဲ့ တွေ့ပြီး ဒီကိစ္စတွေအတွက် နှစ်နာရီလောက် ဆွေးနွေး ဖြစ်ခဲ့ပါတယ်” တဲ့။

နောက်ထပ်အဖေနဲ့ နေရူးတွေ့တဲ့အချိန်ကတော့ ခုနကပြောတဲ့ အင်္ကျီပေးလိုက်တယ်ဆိုတဲ့ လန်ဒန်အသွားခရီးမှာပါဘဲ။ အဲဒါ အဖေနဲ့ နေရူးနောက်ဆုံးတွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။ အဖေဆုံးပြီးတဲ့နောက် နေရူးဟာ ကျမအစ်မေကို ဦးလေးတစ်ယောက်ရဲ့ ဂရုစိုက်ချစ်ခင်မှုမျိုးနဲ့ အဝေးကနေ စောင့်ရှောက်ခဲ့တယ်။ အမေ အန္ဒိယကို သွားတာဘဲဖြစ်ဖြစ်၊ သူကိုယ်တိုင် မြန်မာပြည်ကို တိုင်းရေးပြည်ရေးနဲ့လာတဲ့အခါဖြစ်ဖြစ် အမေ့ကိုရော၊ ကလေးတွေဖြစ်တဲ့ ကျမတို့ကိုပါ သူ့ ဂရုစိုက်မှုကို ပြခဲ့ပါတယ်။ သူလာစဉ်တခါက ကျမကိုတောင် ခေါ်တွေ့တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ကျမ မှတ်မိသလောက်ကတော့ သူ့ကို ကျမ ပထမဆုံးအကြိမ်မြင်ဖူးတာ ကျမအသက် ၁၆ နှစ်လောက်မှာ ဒေလီရထား ဘူတာမှာပါ။

အမေက အဲဒီတုန်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဆိုတော့ ဝန်ကြီးချုပ်ဦးနု ကလက္ကတားကနေ ရထားနဲ့ ဆင်းလာတာကိုကြိုဖို့ ဘူတာမှာ စောင့်နေခဲ့ရတယ်။ အမေရယ်၊ ကျမရယ်၊ သံရုံးအဖွဲ့လေးရယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကလူတွေရယ်ပေါ့။ နေရူးကလည်း ဦးနုကိုတွေ့ဖို့ လာပါတယ်။ ဝန်ကြီးချုပ်လာမယ်ဆိုတော့ ဘူတာရုံထဲ ပြည့်ကျပ်နေတဲ့ လူတွေကြောင့် ကြိုးတွေတားထားပြီး မဝင်ရတဲ့ နေရာကန့်သတ်ထားတယ်လေ။ အဲဒီမှာ ဘေးက ကြည့်နေတဲ့လူတွေက နေရူးလာတာကို တွေ့တော့ ဝမ်းသာအားရအော်ဟစ်နှုတ်ဆက်ကြတယ်။

နေရူးက သူ့အောက်နှုတ်ခမ်းကို စူပြီး သူ့ထုံးစံအတိုင်း မနှစ်သက်တဲ့ ပုံနဲ့ လက်ခုပ်သံတွေ ဝမ်းသာအားရအော်ဟစ်သံတွေနဲ့ ကျမအပါအဝင်အားလုံးကို လျစ်လျူရှုပြီး အမေနဲ့အတူ လူရှင်းတဲ့ ပလက်ဖောင်းပေါ် လျောက်သွားပြီး အမေတစ်ယောက်တည်းကို သီးသန့် စကားပြောပါတယ်။ ဟန်တွေပန်တွေကို မနှစ်မြို့တတ်တဲ့ သူ့ကို ကြည့်ပြီး ကျမ အံ့လည်းအံ့သြ၊ လေးလည်း လေးစားမိပါရဲ့။ နေရူးကို ထောက်ခံအားပေးသူတွေဟာ သူ့ရဲ့ အေးစက်စက် မခိုးမခန့်ပုံကို သဘောကျတာလား၊ ဒါမှမဟုတ် နေရူးနဲ့ သူတို့ကြားထဲမှာဘဲ အာလာပ သလာပနှုတ်ခွန်းဆက်သယဉ်ကျေးပြရတာတွေ မလိုလောက်အောင် နားလည်မှု သံယောဇဉ်တွေ ရှိလေသလား လို့လည်း ကျမ တွေးမိပါတယ်။

ပြီးလည်း ပြီးရော ကျမ သတိရလိုက်ပါတယ်ကျမအဖေလည်း သူ့ရဲ့ ရှူတည်တည် ခက်ထန်တဲ့ ပုံစံရယ်၊ လူမှုရေးအရ လုပ်ရတဲ့ ယဉ်ကျေးမှုတွေ ကို မလုပ်တတ်သူ အဖြစ် နာမည်ဆိုး ရှိခဲ့တာပါဘဲ။ ဒါပေမယ့် လူတွေက အဖေ့ရဲ့ ဒီချွတ်ယွင်းချက်တွေကိုဘဲ ချစ်ကြတာလေ။ ဒီချွတ်ယွင်းချက်တွေကဘဲ သူရဲ့ ရိုးသားပွင့်လင်းတဲ့ သဘောကို ပြနေကြတာကိုး။ ဒါပေမယ့် ဒီနေရာမှာ ကျမထည့်ပြောသင့်တာ တစ်ခုရှိပါတယ် အဲဒါကတော့ အဖေဟာ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ခပ်ကြမ်းကြမ်းလူငယ်တော်လှန်ရေးသမားတစ်ယောက်လို ဖိုသီဖတ်သီနေလို့ မဖြစ်တော့ဘူးဆိုတာ သူ့ဘဝနောက်ဆုံးအချိန်များမှာ ဝန်ခံသွားခဲ့ပါတယ်။

ကျမ အောက်စ်ဖို့ဒ်တက္ကသိုလ်သွားတက်တဲ့ ၁၉၆၄ ဟာ ကျမဘဝရဲ့ အရေးပါတဲ့ အချိုးအကွေ့တစ်ခုပါဘဲ။ အဲဒီနှစ်ဟာ နေရူးကွယ်လွန်တဲ့နှစ်လည်း ဖြစ်ပါတယ်။ အိန္ဒိယသာမက တကမ္ဘာလုံးက ပြည်သူတွေရဲ့ ကြေကွဲဝမ်းနည်းမှုနဲ့အတူ ကျမ သေချာ မှတ်မိနေတာတစ်ခုလည်း ရှိပါသေးတယ် အဲဒါကတော့ နေရူးရဲ့ စားပွဲပေါ်မှာ တွေ့ရတဲ့ ရောဘတ်ဖရော့ Robert Frost ရဲ့ ကဗျာလေးပါဘဲ။

အောက်စ်ဖို့ဟာ ကျမကို အန္ဒိယနဲ့ မခွဲခွာပစ်နိုင်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျမ အဲဒီမှာလည်း အိန္ဒိယလူမျိုး မိတ်ဆွေ သူငယ်ချင်းတွေ အများကြီး ရခဲ့တယ်လေ။ ကျမအိမ်ထောင်ကျပြီးတော့ ကျမခင်ပွန်းက ဟိမဝန္တာနဲ့ဆိုင်တဲ့ လေ့လာမှုတွေကြောင့် ကျမတို့ မိသားစုကို မကြာခဏဆိုသလို အိန္ဒိယမြောက်ပိုင်းက Shimla မြို့ ကို သွားဖြစ်ခဲ့ကြတယ်။ ကျမ နောက်ဆုံး အိန္ဒိယမှာနေခဲ့တာကတော့ သုတေသနကျောင်းသူတစ်ယောက်အနေနဲ့ Research Institute of Advanced studies မှာ ၁၉၈၇ ကနေ ၈၈ ထိပါဘဲ။

နေရူးရဲ့ နှစ်တရာပြည့်မွေးနေ့ဖြစ်တဲ့ ၁၉၈၉ ဟာ ပထမအကြိမ် ကျမ အိမ်အကျယ်ချုပ် ကျတဲ့နှစ်ပါ။ နိုင်ငံရေးမှာ ကျမ အရွယ်ရောက်လာတဲ့ နှစ်လို့ ပြောရင် မမှားပါဘူး။ ၁၉၈၈ ဒီမိုကရေလှုပ်ရှားမှုမှာ စပါဝင်စဉ်တုန်းက တနိုင်ငံလုံး အုံးအုံးကျွက်ကျွက်နဲ့ မငြိမ်မသက်ပါဘဲ။ အဲဒီတုန်းက ကျမ အဓိက လုပ်ချင်ခဲ့တာက အာဏာရှင် လက်အောက်ကနေ ထိုးထွက်လာတဲ့ များစွာသော နိုင်ငံရေးအင်အားစုတွေကို စုစည်းပြီး ညီညွတ်ခိုင်မာတဲ့ ဒီမိုကရေစီအင်အားတစ်ရပ် လုပ်ချင်ခဲ့တာပါ။ ဆွေးနွေးပွဲတွေ၊ ငြင်းခုံမှုတွေ၊ ပြည်သူတွေနဲ့စည်းဝေးပွဲတွေ၊ NLD ကို ဖွဲ့စည်းရမှုတွေ၊ ပါတီရည်ရွယ်ချက်တွေကို ပြည်သူတွေ သိအောင် ရှင်းပြဖို့ ခရီးထွက်ရတာတွေနဲ့ တနေ့တနေ့ကို အဖြစ်အပျက်တွေဆိုတာ စုံနေတာပါဘဲ။

၁၉၉ဝ မှာ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကြေငြာခဲ့တယ်။ ၁၉၈၉ ဧပြီမှာ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာတယ်။ ရွေးကောက်ပွဲဝင်သင့်မဝင်သင့်နဲ့ ပတ်သက်ပြီး NLD ဗဟိုကော်မတီလည်း နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။ အဲဒီဥပဒေတွေမှာ အာဏာလွှဲပြောင်းပေးဖို့ စီစဉ်ထားတာမရှိဘူးလို့ ကျမထောက်ပြခဲ့တယ်၊ အရင် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်တာမဟုတ်ဘဲနဲ့ (ကျန်တဲ့ ပါတီတခုခုက နိုင်ခဲ့ရင်) စစ်အစိုးရက ဆင်းပေးမှာ မဟုတ်ဘူးဆိုတာ ကျမထောက်ပြခဲ့တယ်။ ကျမကို အဲဒီနှစ် ဂျူလိုင်လမှာ အကျယ်ချုပ် ချလိုက်တော့ ရွေးကောက်ပွဲကိစ္စကို ကျမတို့ ဆုံးဖြတ်ချက်မချရသေးပါဘူး။

ဂျူလိုင် ၂ဝ ရက်နေ့မနက်မှာ မြို့နယ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌဟာ ကျမခြံတခါးဝကို ဖမ်းမိန့်ကိုင်ပြီး ရောက်လာပါတယ်။ သူက စစ်ဗိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူနဲ့အတူ ရဲအရာရှိတွေ၊ အရပ်ဝတ် လူတွေ၊ စစ်သားတွေလည်း ပါလာတယ်။ ကျမထင်တာက ကျမကို ထောင်ကို ခေါ်သွားတော့မယ် ပေါ့။ NLD ပါတီဝင်တိုင်းဟာ တနေ့ဒီလိုဖြစ်လာနိုင်တယ်ဆိုတာကို သိပြီး ပြင်ဆင်ထားရတော့ ကျမလည်း ထောင်ထဲမှာလိုမယ့် ပစ္စည်းလေးတွေကို အိတ်သေးသေးတစ်အိတ်ထဲကို ထည့်ထားပြီးသားပါ။ ကျမသားတွေက နွေရာသီကျောင်းပိတ်ရက်မို့ ရောက်နေကြတယ်။ သူတို့ကလည်း ကျမအဖမ်းခံရမယ်ဆိုတာကို နားလည်နေကြပါတယ်။

သူတို့အဲလို ခြံတံခါးဝမှာ ရောက်လာတော့ ကျမသားငယ် ကင်မ် Kim က မေးတယ် မေမေ့ကို ပထမတန်းစား အကျဉ်းသား A Class Prisoner အဖြစ် ထားမှာလား၊ ဒုတိယတန်းစား B Class Prisoner အဖြစ်ထားမှာလားတဲ့။ ကြည့်ရတာတော့ ကိုလိုနီခေတ်တုန်းက အကျဉ်းသားတစ်ယောက်ရဲ့ ဘဝကို တစ်ယောက်ယောက်က သူ့ကို ပြောပြလိုက်ပုံပါဘဲ။ အဲဒီတုန်းက နိုင်ငံရေးအကျဉ်းသားဆိုရင် B Status ပေးတယ်လေ။ ရာဇဝတ်အကျဉ်းသားကို ပေးတဲ့ C ထက် မြင့်ပြီး ကောင်းကောင်း ဆက်ဆံခြင်းခံရတယ်၊ အခွင့်အရေးတွေလည်း ပိုရတာပေါ့။ A Class ဆိုတာကတော့ အငြိမ်းစား ဝန်ကြီးချုပ်တို့ ဘာတို့လို့ အရေးကြီးတဲ့ အကျဉ်းသားတွေကို ပေးတာပါ။ အဲဒီတော့ နအဖဥက္ကဌက ကျမသားမေးတာကို အံသြပြီး နည်းနည်းရှက်သွားပုံရပါတယ်။ ပြီးတော့ ကျမကို အကျဉ်းထောင်ကိုခေါ်သွားမှာ မဟုတ်ဘူး လို့ ဖြေပါတယ်။ ဒီလိုနဲ့ဘဲ ကျမကို အိမ်အကျယ်ချုပ်ထားမယ်ဆိုတာရယ်၊ ကျမကို ဖမ်းတဲ့ဥပဒေဟာ အရင်က တခါမှမသုံးဖူးတဲ့ ဥပဒေ ဆိုတာရယ်ကို သိခဲ့ရတယ်။

အိမ်အကျယ်ချုပ်ကျတယ်ဆိုတော့ ပြင်ပလှုပ်ရှားမှုတွေ ရပ်တန်းက ရပ်သွားရတာပါဘဲ။ အဲဒါဟာ ကျမတို့ တိုက်ပွဲ ခက်ခဲဦးမယ်၊ ကြာရှည်ဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဆောင်တယ်လေ။ ဒီတော့ ကျမလည်း ရှေ့လာမယ့် ခန့်မှန်းလို့ ရသလောက် အနာဂတ်အတွက် အစီအစဉ်တွေ ချရတော့တာပေါ့။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ဒီအချိန်တွေကို ဖြတ်သန်းဖို့ ကျမ သုံးခဲ့တဲ့ နည်းလမ်းတွေထဲမှာ နေရူးရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိနဲ့ သူရေးခဲ့တဲ့ “အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်း Discovery of India” ဆိုတာလည်း ပါ ပါတယ်။

အဲဒီထဲက ကိုးကားချက်တစ်ခုကို ဖတ်ပြပါရစေ။ “ထောင်ထဲမှာ အချိန်ရဲ့သဘောသဘာဝဟာ ပြောင်းလဲသွားသလို ထင်ရတယ်။ လက်ရှိပစ္စုပ္ပါန်ဆိုတာ ထောင်ထဲမှာ မရှိသလိုပါဘဲ ဘာကြောင့်လည်းဆိုတော့ ခံစားချက် အထိအတွေ့တွေ ကင်းမဲ့နေတယ်လေ။ အဲဒီအဆက်ပြတ်မှုကဘဲ ပစ္စုပ်ပ္ပါန်ကို သေဆုံးသွားပြီဖြစ်တဲ့ အတိတ်နဲ့ ခွဲခြားလိုက်တာ ဖြစ်မယ်။ အပြင်ဘက်ကမ္ဘာက ရှင်သန်လှုပ်ရှားနေသူတွေ သေဆုံးနေသူတွေရဲ့ သတင်းတွေကို ကြားရရင်တောင်မှ အိပ်မက်လိုလိုနဲ့ တကယ်ရှိတယ်လို့ မထင်ရပါဘူး။ အတိတ်နဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ မရွေ့ရှား မပြောင်းလဲကြသလိုပါဘဲ။”

နေရူးရဲ့ ဒီစာတွေကိုဖတ်ပြီး ကျမအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မိတယ်။ ကျမကတော့ အတိတ်နဲ့ ပစ္စုပ္ပါန်ဆိုတာ ရောထွေးနေတယ်လို့တော့ မမြင်မိခဲ့ပါဘူး။ ဒါကလည်း ကျမမှာ လှိုင်းတိုရေဒီယိုလေးတစ်လုံးရှိနေတာကြောင့်နဲ့ တူပါတယ်။ အဲဒီရေဒီယိုလေးက ကျမကို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးထားတယ်လေ။ အဲဒါလေးကဘဲ ပြင်ပကမ္ဘာကို ကျမအတွက် အသက်သွင်းပေးခဲ့တယ်။

ဒါမှမဟုတ်လည်း “လူ့လောကနဲ့ အဆက်ပြတ်နေခြင်း”ဆိုတဲ့ အပေါ်မှာ ကျမတို့တတွေ အမြင် မတူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ၂ဝဝ၃ တုန်းက ကျမ ထောင်ခဏကျလိုက်တဲ့ ကာလမှာတောင် အတိတ်နဲ့ ပစ္စုပ္ပါန်ဆိုတာ ရောသွားတယ်လို့ ကျမ မထင်ခဲ့ပါဘူး။ နေ့စဉ်ဘဝဆိုတာ တူညီတာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် နေ့တိုင်း နေ့တိုင်းဟာ ကွဲပြားကြပါတယ်။ ညီနေအောင် စီထားတဲ့ စိန်တွေဟာ မူလက မရွယ်အစားမတူညီတဲ့ ကျောက်တုန်းတွေက လာသလိုပေါ့။ ဒီ စိန်တင်စားချက်ကို ကျမ တမင်တကာ သုံးရတာက ဘာကြောင့်လဲဆိုတော့ ကျမတို့ ရွေးချယ်ထားတဲ့ လမ်းစဉ်ကို ဆက်လိုက်ဖို့အတွက် (စိန်ကဲ့သို့) ခိုင်မာမြဲမြံတဲ့ သန္နိဋ္ဌာန်ရှင်သန်နေအောင် နေစဉ်နေ့တိုင်းကို အသုံးချခဲ့ရလို့ပါဘဲ။

ဒါပေမယ့် ကျမနဲ့ နေရူးမှာ တူညီမှု များစွာ ရှိနေကြတာကိုလည်း သူ့စာအုပ်ထဲမှာ အများကြီးတွေ့ရပါတယ်။ Discovery of India စာအုပ်မှာ သူပထမဆုံး ကိုးကားလိုက်တဲ့ ကဗျာဟာ ကျမ အကြိုက်ဆုံး ကဗျာတစ်ပုဒ် ဖြစ်နေတာတွေ့ရတော့ ကျမ သိပ်ကို အံသြခဲ့မိတယ်။ ပထမဆုံးအကြိမ် စဖတ်ကတည်းက ကျမခေါင်းထဲမှာ စွဲနေတဲ့ ကဗျာဆိုပါတော့ Yeat ရေးတဲ့ “သေမင်းကို ကြိုမြင်တဲ့ အိုင်းရစ်ရှ် လေသူရဲ” ဆိုတဲ့ကဗျာပါ။

ကျမရော နေရူးပါ အဲဒီကဗျာက စာကြောင်းအကြိုက်ချင်းတူတယ်၊ ဒါပေမယ့် ဒီလိုအကြိုက်ချင်းတူတာမှာတောင် ကွဲပြားမှု ရှိနေပါသေးတယ်။ နေရူးက (ကဗျာကို ကိုးကားပြီး) အန္တရာယ် ရှိတဲ့၊ သေခြင်းတရားကို ပျက်ရယ်ပြုနိုင်စွမ်းရှိတဲ့ အဲဒီ “နှစ်လိုကြည်နူးဖွယ် တွန်းအားဆန္ဒ Lovely impulse of delight” ကို ပြန်ပြီး ခံစားကြည့်ချင်တယ် လို့ ရေးထားတယ်။ ကျမ အဲဒီစာကြောင်းကို Lonely impulse of delight လို့ မှတ်မိနေမိခဲ့တယ်။ ဘယ်ဟာ အမှန်လဲဆိုတာ စစ်ကြည့်ချင်ပေမယ့်လည်း စာအုပ်ကလည်း လက်ထဲမှာ အလွယ်တကူမရှိခဲ့တော့ တိုက်ကြည့်လို့ မရခဲ့ဘူး။ ကျမအတွက်ကတော့ Lovely ဆိုတဲ့ စကားလုံးဟာ ကဗျာရဲ့ အဓိပ္ပါယ်တစ်ခုလုံးကို ပြောင်းသွားစေပါတယ်။ နေရူးကိုယ်တိုင်နဲ့တောင် ဒီစကားလုံးကိစ္စကို ဆွေးနွေးခွင့်ရချင်ခဲ့မိပါရဲ့။ ကိုယ့်ပတ်ဝန်းကျင်က လူတွေက လုံးဝ မလိုလားအပ်ဘူးလို့ သတ်မှတ်ထားတာ မဟုတ်ရင်အောင် အနည်းဆုံးတော့ ရှင်းပြလို့ မရနိုင်ဘူးလို့ ထင်ရတဲ့ အရာတွေ ရှိနေတယ်လေ။ အဲဒါတွေကို သဘောကျနှစ်သက်နိုင်ဖို့ရာအတွက် “နှစ်လိုဖွယ်ကောင်းတယ်” ဆိုတဲ့ စကားထက် “အထီးကျန်ဆန်နေတယ်” ဆိုတဲ့ စကားက ပိုပြီး မသင့်တော်ဘူးလား။

နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ကျပြီးတဲ့နောက် အဲဒီကဗျာကို ကျမ ပြန်ကြည့်မိတော့ တကယ်ဘဲ “Lonely” ဆိုတာက စာလုံးမှန်ဖြစ်နေတာ တွေ့ရတယ်။ ဒါဆိုရင် Lovely ဆိုတာက ကျမဆီမှာရှိတဲ့ နေရူးစာအုပ်က ပုံနှိပ်အမှားလား၊ ဒါမှမဟုတ်ရင် နေရူးကဘဲ အဲဒီစာကြောင်းကို အဖတ်မှားတာလား မသိပါဘူး။

ဒီလို စကားတလုံးရဲ့ အဓိပ္ပါယ်ကို တွေးတောဆင်ခြင်တာတွေ၊ ကဗျာတစ်ပုဒ်ရဲ့ အဓိပ္ပါယ်ကို ဖော်ဖို့ အတွေးအခေါ် တစ်ရပ်လုံး တည်ဆောက်တာတွေ ဒါတွေဟာ အကျဉ်းသားတွေအထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ ဝါသနာအရ လုပ်လေ့ရှိတဲ့ ကိစ္စတွေပါဘဲ။ ဘာမှလုပ်စရာမရှိတဲ့ အချိန်တွေကို ကုန်အောင်သက်သက်ဘဲ လုပ်တာတော့ မဟုတ်ဘူး ပေါ့လေ။ ကျန်တဲ့လူ့အသိုင်းအဝိုင်းနဲ့ ကိုယ့်ကို ဝေးကွာသွားစေတဲ့ မိမိတို့ရဲ့ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေအပေါ် ပိုနားလည်လာဖို့၊ ဒါမှမဟုတ်လည်း ယုံကြည်နေဖို့ အတွက် လုပ်ကြရတာပါ။

ဒါနဲ့ ကျမတို့ရဲ့ အသိစိတ်လိပ်ပြာ Conscience ဆိုတာ ဘာကို အတိအကျ ပြောတာလဲ။ အဖေကတော့ မိမိရဲ့ လိပ်ပြာခုံရုံးမှာ ရဲရဲကြီး အစစ်ခံဝံ့ဖို့ လိုကြောင်း တခါက ပြောဖူးပါတယ်။ ဒါပေမယ့် အဲဒီ လိပ်ပြာခုံရုံးက စစ်ဆေးမှု အတိုင်းအတာဟာ ဘယ်လောက် ကြီးမားကျယ်ပြန့်ပါသလဲ။ အဲဒီလိပ်ပြာခုံရုံးဟာ သူ့ရဲ့ စစ်ဆေးမှုအာဏာကို ကျမတို့ရဲ့ ခံယူချက်တွေ၊ ပြည်သူအတွက် ကျမရဲ့ ကြိုးပမ်းမှုတွေလောက်မှာဘဲ ကန့်သတ်ထားသလား။ ဒါမှမဟုတ် ကျမတို့ရဲ့ ပုဂိုလ်ရေး ပတ်သက်မှုတွေအပေါ် ထားရမယ့် ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေကိုပါ စစ်မှာလား။ မိတ်ဆွေ သူငယ်ချင်းတွေ၊ မိသားစုတွေအပေါ် ထားရှိရမယ့်တာဝန်တွေကိုပါ မချွင်းမချန် ဘက်မလိုက်ဘဲ စစ်မှာလား။ အန္တရာယ်နဲ့ စိတ်ညစ်စရာတွေရှိနိုင်တာကို လက်ခံထားပြီး ယုံကြည်ချက်တစ်ခု၊ လမ်းစဉ်တစ်ခုကို ရွေးထားပြီးတဲ့ လူတိုင်းအတွက် ဒီမေးခွန်းဟာ တကယ်ဘဲ စဉ်းစားရကျပ်လှပါတယ်။ ကိုယ်ချစ်ခင်ရသူတွေ ကိုယ့်အနားမှာ ရှိသူတွေရဲ့ အခြေအနေ ဘယ်လိုပင် ရှိပစေပေါ့လေ။

နေရူးက ဒီအကျပ်အတည်းကို သူ့ဇနီး ကာမလာ Kamala အကြောင်း ရေးပြီး စဉ်းစားသုံးသပ်ခဲ့တယ်။ ၁၉၃၄ ခုနှစ် ထောင်အကျဉ်းကျမှုများစွာထဲက တစ်ခုအတွင်းမှာ ကြားလူတွေလွှတ်ပြီး သူ့ကို ပြောခိုင်းကြသတဲ့သူသာ နိုင်ငံရေးကနေ ကင်းကင်းနေမယ်လို့ ကတိပေးရင် (တိုးတိုးတိတ်တိတ်ကတိပင် ဖြစ်ပါစေ ရတယ်) နေမကောင်းတဲ့ ဇနီးကို ပြုစုဖို့ သူ့ကို လွှတ်ပေးမယ်။ ဒါပေမယ့် သူ့ကို ချထားတဲ့ ပြစ်ဒဏ်သက်တမ်းအတွင်း (အပြင်မှာနေပြီး ဇနီးကိုပြုစုနိုင်ပေမယ့်) နိုင်ငံရေး မလုပ်ရဘူးတဲ့။ ဒီလို ပြောတာကြားတော့ မာနကြီးတဲ့ နေရူးတစ်ယောက် တော်တော်စိတ်ဆိုးသွားပါတယ်။

“အဲဒီအချိန်တုန်းက ကျနော့်အတွေးတွေဟာ နိုင်ငံရေးဆိုတာနဲ့ အဝေးကြီးပါ။ ကျနော် လွတ်ခဲ့တဲ့ (၁၁) ရက်အတွင်း မြင်ခဲ့ရတဲ့ နိုင်ငံရေးဆိုတာကို ရွံ့လွန်းလို့ဒါပေမယ့် နိုင်ငံရေးမလုပ်ပါဘူး လို့ ကတိပေးရမယ် ဟုတ်လား။ ကျနော်ရဲ့ သစ္စာတရား၊ လမ်းစဉ်၊ ရဲဘော်ရဲဘက် နောက်ပြီး ကျနော့်ကိုယ်ကျနော် သစ္စာဖောက်ရမယ်ပေါ့လေ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲလိုလုပ်ဖို့ဆိုတာ ကျနော်ရဲ့ ဖြစ်တည်မှုကို သေလောက်အောင် ဒဏ်ရာ ရသွားစေနိုင်တယ်။ ကျနော် တလေးတမြတ် တန်ဖိုးထားရတဲ့ အရာမှန်သမျှကိုလည်း ထိခိုက်သွားနိုင်တယ်။ ကာမလာရဲ့ အခြေအနေ တနေ့တခြား ဆိုးလာတယ်လို့ ကျနော်ကို ပြောကြတယ်။ ကျနော်သာ သူ့အနားမှာရှိနေရင် သူ့အခြေအနေဟာ အတော်ကြီး ပြောင်းသွားနိုင်တယ်လို့လည်း ဆိုကြတယ်။ ကျနော့်ရဲ့ မာနနဲ့ အတ္တကဘဲ သူမကို ဒီအခွင့်အရေး ပေးချင်တဲ့ စိတ်ထက် ကြီးမားနေခဲ့ပြီလား။ ဒါဟာ ကျနော့အတွက် တကယ့်ကို ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်သွားခဲ့နိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာဘဲ ဒီပြသာနာဟာ ဒီလိုပုံစံနဲ့တော့ ရောက်ချမလာခဲ့ဘူး။ ကျနော်သိတယ်လေ ကာမလာကိုယ်တိုင်က ကျနော် ဒီလို ကတိတာမျိုးကို လုံးဝကန့်ကွက်မယ် ဆိုတာကို။ ကျနော်သာ အဲလို ကတိပေးတာမျိုး လုပ်မိရင် သူမ အတော်လေး အံသြသွားပြီး စိတ်ထိခိုက်မယ်ဆိုတာ ကျနော် သိနေခဲ့တယ်။

အောက်တိုဘာအစပိုင်းမှာ ကာမလာနဲ့ တွေ့ဖို့ ကျနော်ကို ခေါ်သွားခဲ့ကြတယ်။ သူ့ခမျာကတော့ ကိုယ်ပူတွေ တက်ပြီး သတိမရတချက် ရတချက်ပါဘဲဗျာ။ ကျနော့်ကို သူ့အနားမှာ သိပ်ရှိစေချင်ရှာတာ ဒါပေမယ့် ကျနော်လည်း ထောင်ကိုပြန်ဖို့ အထွက်မှာ သူက ကျနော့်ကို သတ္တိရှိရှိ ပြုံးပြပြီး သူ့နားကို ကပ်လာဖို့ လက်ယပ်ခေါ်တယ်။ ပြီတော့ တိုးတိုးပြောရှာတယ် ရှင်က အစိုးရကို ကတိပေးတယ်ဆိုတာ ဘာကိစ္စတုန်း မပေးနဲ့နော် တဲ့ဗျာ။”

ဒီစာပိုဒ်တွေဟာ ကျမကို အံ့အားသင့် မှင်သက် သဘောကျမိစေပါတယ်။ ကြီးမားလိုက်တဲ့ အတ္တပါလား ငါ့သစ္စာတရား၊ ငါ့ရဲဘော်ရဲဘက်တွေ၊ ငါရဲ့ ဖြစ်တည်မှုဇစ်မြစ်၊ ငါအလေးအမြတ်တန်ဖိုးထားရတဲ့ အရာတွေဆိုပါလား။ သူ့ရဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ကို လုပ်ရင် ကာမလာအတွက် ကောင်းတာထက် ဆိုးတာသာ ဖြစ်စေမယ်လို့ မဆုံးဖြတ်လိုက်နိုင်ခင် နေရူးတစ်ယောက် ဘက်မလိုက်တတ်တဲ့ လိပ်ပြာခုံရုံးရှေ့မှာ အဲသလို ခဏလေး အစစ်ခံလိုက်ရလေရဲ့။ နောက်ဆုံးတော့ ကာမလာရဲ့ စကားတွေကဘဲ သူ့ဆုံးဖြတ်ချက်ကို အတည်ဖြစ်သွားစေတာပေါ့လေ။

နေရူးရဲ့ အတ္တကို လုံးဝ သဘောပေါက်မိသလို နေရူးတစ်ယောက် ကိုယ့်ကိုယ်ကို တစိတ်တပိုင်း လှည့်ဖျားတာလည်း ဖြစ်နိုင်တယ် ဆိုတာ ကျမ သိပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာ နေရူးကို ကျမ လုံးဝ သဘောကျထောက်ခံခဲ့ပါတယ်။ ကျမ ထောင်ကနေ ပထမဆုံးအကြိမ်လွတ်လာတော့ စနေတနင်္ဂနွေတွေမှာ ကျမခြံရှေ့ မိန့်ခွန်းပြောလေ့ရှိခဲ့တယ်။ အဲဒီမှာ ကျမ နေရူးရဲ့ အဲဒီအဖြစ်ကို ပြောပြပြီး ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ မိသားစုတွေကို ကာမလာလို ဇွဲ၊ ကာမလာကို ခံနိုင်ရည်သတ္တိ မွေးဖို့ တိုက်တွန်းခဲ့တယ်။

ဒါတွေဟာ အန္တရာယ်များတဲ့ လမ်းစဉ်တွေအတွက် တကယ်အရေးတကြီးလိုအပ်ချက်တွေဘဲလေ။ ကျမ ရလိုက်တဲ့ သင်ခန်းစာက ငါတို့ဟာ ကိုယ့်အသိစိတ်လိပ်ပြာနောက်ကို လိုက်ကြရင်း စွန့်လွှတ်အနစ်နာခံမှုတွေကို လုပ်နေပါတယ် လို့ ကြွေးကြော်ပြီး ကိုယ်ကိုယ်ကို လှည့်စားဖို့ မဟုတ်ပါဘူး၊ အဲလိုပြောပြီး သူများကို လိမ်လည်ဖို့လည်း မဟုတ်ဘူး။ ကျမတို့ဟာ ရွေးချယ်မှုတစ်ခုကို လုပ်နေကြတာသာ ဖြစ်ပါတယ်။ အဲလို လုပ်ရာမှာ အတ္တကို ရှေ့တန်းတင်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့အရာကို စွန့်လွှတ်လိုက်ရတာဟာ တခါတလေမှာ ကိုယ့်ကိုယ်ကို ပိုကြံ့ခိုင်လာစေဖို့ လုပ်ကြတာဘဲ မဟုတ်လား။ တကယ်တမ်း အနစ်နာခံလိုက်တဲ့သူတွေကတော့ ကျမတို့ကို ကံစီမံရာ လွတ်လွတ်လပ်လပ် သွားခွင့်ပေးလိုက်ကြတဲ့ သူတွေပါဘဲလေ။

နိုင်ငံရေးဆိုတာ လူ့အရေးပါဘဲ။ လူ့အရေးဆိုတာကတော့ လူအချင်းချင်းဆက်ဆံရေးတွေပေါ့လေ။ ပုဂိုလ်ရေး ဆက်ဆံတာဘဲဖြစ်ဖြစ် သို့မဟုတ် လူအများနဲ့ဆက်ဆံတာဖြစ်ဖြစ်ပေါ့။ အိန္ဒိယခေါင်းဆောင်တွေထဲမှာ ကျမ အရင်းနှီးဆုံး ခံစားရတာကတော့ ဂန္ဒီနဲ့ နေရူးဆိုတာ သံသယရှိစရာမလိုပါဘူး။ ဘာကြောင့်လည်းဆိုတော့ လွတ်လပ်ရေးကြိုးပမ်းမှု လမ်းမှာ သူတို့ ကြုံရတဲ့ စိန်ခေါ်မှုတွေများစွာဟာ ကျမတို့ လျှောက်နေတဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ကြုံတွေနေရတာတွေနဲ့ အတူတူပါဘဲ အဲဒီတိုက်ပွဲဟာ နောက်နှစ်ဆိုရင်ဘဲ နှစ်ဆယ့်ငါးနှစ်တင်းတင်းပြည့်ပါပြီ။

အိန္ဒိယနိုင်ငံရေးရဲ့ အောင်မြင်မှုတစ်ခုကို ပြောရရင် ဂန္ဒီနဲ့ နေရူးတို့ရဲ့ နိုင်ငံရေးမှာရော လူမှုရေးမှာရော ကွဲပြားချက်တွေ များစွာရှိတဲ့ကြားက ဆက်ဆံရေးရှင်သန်နေမှုပါဘဲ။ ဂန္ဒီက”အမိန့်မနာခံရေး လှုပ်ရှားမှု”ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တော့ နေရူးဟာ အတော် စိတ်ဆိုးသွားခဲ့တယ်။”ကျနော်စိတ်မဝင်စားခဲ့တဲ့ ရှုပ်ရှုပ်ထွေးထွေး သဘာဝမကျတဲ့ အကြောင်းတွေအတွက် ကျနော်တို့က ဘာကြောင့် ဟိုယိမ်းလိုက် ဒီယိမ်းလိုက် ဖြစ်ရမှာလဲ။ ဒီအပေါ်အခြေခံပြီး နိုင်ငံရေးလုပ်ဖို့ဆိုတာ ဖြစ်နိုင်စရာလား”လို့ နေရူးက ခါးခါးသီသီး ဆိုခဲ့တယ်။ ဂန္ဒီရဲ့ နည်းတွေအပေါ်မှာ သံသယရှိမှုဟာ နေရူးကို အတော်လေး စိတ်ဆင်းရဲစေခဲ့တယ်လေ။ Alipore ထောင်ထဲက သူ့အကျဉ်းခန်းလေးမှာနေရင်း ဘဝဟာ ကြောက်မက်စိတ်ပျက်ဖွယ် ကိစ္စကြီတခု၊ အထီးကျန်စိတ်ဆင်းရဲဖွယ် တောနက်ကြီးတစ်ခုလိုပါဘဲ လို့ သူတွေးမိတယ်။ သူက ဆိုတယ်။ “ကျနော် သင်ယူလာမိတဲ့ ခက်ခဲတဲ့ သင်ခန်းစာများစွာထဲမှာ အခက်ဆုံးနဲ့ အနာကျင်ဆုံးကို အခု ရင်ဆိုင်နေရပါတယ်၊ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စရှိပြီဆိုရင် ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူးဆိုတာပါဘဲ။ ဘဝဆိုတဲ့ ခရီးကို တစ်ယောက်တည်း ဖြတ်သန်းရမှာပါလား၊ သူများကို အားကိုးတာဟာ ကိုယ့်အသည်းကို ကိုယ်ခွဲတာနဲ့ အတူတူပါဘဲ” တဲ့။

နေရူးသင်ယူခဲ့တဲ့ ဒီအတွေ့အကြုံဟာ အလုပ်ကြိုးစားမှုရယ် ဇွဲသတ္တိတွေရယ်နဲ့သွားမှ ရောက်မယ့် ပန်းတိုင်တွေကို သွားရင်း လမ်းခရီးရှည်ကြီးမှာ ကျမတို့အားလုံးထပ်ခါတလဲလဲ သင်ယူရမယ့် သင်ခန်းစာပါဘဲလေ။ တချိန်တည်းမှာဘဲ တဖက်ကလည်း ကျမတို့ နှလုံးသားတွေဟာ ရဲဘော်ရဲဘက်တွေကိုမှ မတွယ်ကပ်ထားဘူးဆိုရင်၊ ရည်ရွယ်ချက်တူတဲ့ တန်ဖိုးထားတာချင်းတူတဲ့လူတွေကို ကျမတို့ သစ္စာမရှိဘူးဆိုရင် ဒါမှမဟုတ် သူတို့ရဲ့ သစ္စာရှိမှုအပေါ်မှာ ကျမတို့ သံသယရှိနေမယ်ဆိုရင် ကျမတို့ဟာ မသေချာမရေရာတဲ့ တောနက်ကြီးထဲ လမ်းပျောက်သလိုပါဘဲ။ ကျမရဲ့ အကျယ်ချုပ်ကာလတစ်ခုအတွင်းမှာ ဘယ်သူတစ်ယောက်ကိုများ သေချာယုံကြည်ရမလဲဆိုတာ စာရွက်တစ်ရွက်ပေါ်မှာ ချရေးကြည့်ဖူးတယ်၊ လုံးဝဥသုံယုံကြည်ရတဲ့၊ ယုံကြည်ထိုက်တဲ့၊ လုံးဝဥသုံနားလည်နိုင်စွမ်းရှိတဲ့၊ လုံးဝဥသုံ သန္နိဌာန်ပြင်းပြတဲ့၊ ကျမအပေါ်သစ္စာရှိမယ့်၊ လောကဓံကိုအာခံပြီး ယုံကြည်ခဲ့ရတဲ့ ကျမတို့လမ်းစဉ်အပေါ် သစ္စာရှိမယ့် ရဲဘော်ရဲဘက်တစ်ယောက်လောက်များ ရှိမလားလို့ပါ။ အဲဒီလမ်းစဉ်အတွက် လောကကြီးတစ်ခုလုံးရဲ့ ပေါင်းစပ်အားတွေကိုတောင် ကျမ စိန်ခေါ်ပစ်နိုင်ပါရဲ့။ တစ်ယောက်တည်း အထီးကျန်နေရတဲ့အခါ လူဆိုတာ ဒီလိုဘဲ ခံစားချက်ကဲ၊ စိတ်ကူးယဉ်ဆန်တတ်ကြတယ်နဲ့ တူပါတယ်လေ။

တနေ့မှာ ရေဒီယိုကနေ ရုတ်တရက် မမျှော်လင့်ဘဲ ကြားလိုက်ရတယ်။ NLD ဗဟိုအဖွဲ့က ကျမကို ထုတ်လိုက်ပြီတဲ့။ ထုတ်လိုက်တဲ့ အကြောင်းကတော့ ကျမက အကျယ်ချုပ်ချနေတယ်ဆိုတာကြောင့်ပါတဲ့။ အဲဒီလိုကြားလိုက်ရတော့ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုကို ကျမရောက်သွားသလို ခံစားလိုက်ရတယ် အရာအားလုံးနဲ့ဝေးပြီး ကျမနဲ့အတူပါလာတာ ဆိုလို့ ကျမရဲ့ အသိစိတ်လိပ်ပြာတစ်ခုသာပါ။ ပါတီတော့ ဖိအားပေးခြင်းခံလိုက်ရပြီဆိုတာ ကျမ သဘောပေါက်ပါတယ်။ ခက်ခဲတဲ့ အချိန်တစ်ခုကို ရင်ဆိုင်နေရပြီဆိုတာကိုရောပေါ့။ နောက်ဆုံးတော့ ကျမ ဆုံးဖြတ်လိုက်ပါတယ် ကျမကဘဲ ပါတီအပေါ်မှာ သစ္စာဆက်ရှိမယ်လို့ပါ။ တရားဝင်အားဖြင့် ပါတီနဲ့ ကျမက အခြေအနေဟာ ဘယ်လိုဘဲဖြစ်ပါစေ၊ ပါတီက ကျမတို့ရွေးထားတဲ့လမ်းကို ဆက်လျှောက်နေသေးသရွေ့တော့ ကျမ ပါတီအပေါ်မှာ သစ္စာရှိပါ့မယ်။ နေရူးနဲ့ ဂန္ဒီကြားက ဘယ်လောက်ဘဲ ကြီးမားတဲ့ ကွာဟမှုတွေ ရှိပါစေ နေရူးရဲ့ ဂန္ဒီအပေါ်မှာ သစ္စာထားနိုင်စွမ်းကို ကျမတွေးမိတယ်။ ဒါကဘဲ သဘောမတိုက်ဆိုင်တာတွေ ရှိရင်တောင် ရဲဘော်ရဲဘက်တွေအပေါ်မှာ စွဲစွဲမြဲမြဲ သစ္စာထားရမယ်ဆိုတဲ့ ကျမရဲ့ ခံယူချက်ကို ပိုပြီးအားကောင်းရှင်သန်စေခဲ့ပါတယ်။

၁၉၈၉ နိုဝင်ဘာ ၁၄ ရက် နေရူးရဲ့ နှစ်တစ်ရာပြည့် နီးလာတော့ နေရူးရဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိထဲက စာပိုဒ်ရှည်တစ်ခုကို ကျမ စာရွက်ကြီးတစ်ခုပေါ်ကူးထားလိုက်တယ်။ အဲဒီစာကဒီလိုပါ -
“တရားဥပဒေနဲ့ငြိမ်ဝပ်မှုပိပြားမှုရှိခြင်းဟာ အိန္ဒိယမှာ အင်္ဂလိပ်တွေရဲ့ ဂုဏ်ယူဖွယ်အောင်နိုင်ခြင်းတစ်ခုဘဲလို ဆိုကြတယ်။ ကျနော်ရဲ မွေးရာပါအသိစိတ်က အဲဒါကို လုံးဝလက်ခံပါတယ်။ ဘဝမှာ စည်းကမ်းရှိတာကို ကျနော် သဘောကျပြီး မင်းမဲ့စရိုက်မျိုး၊ မငြိမ်မသက်ဖြစ်တာမျိုး၊ ထိထိရောက်ရောက်မစွမ်းဆောင်နိုင်ကြတာမျိုးတွေကို ကျနော် မကြိုက်ပါဘူး။ ဒါပေမယ့် ခါးသီးတဲ့အတွေ့အကြုံတွေဟာ အစိုးရတွေက ပြည်သူတွေအပေါ်ချမှတ်တဲ့ တရားဥပဒေတွေနဲ့ ငြိမ်ဝပ်ပိပြားမှု ဆိုတာကို သံသယရှိစေခဲ့ပါပြီ။ တခါတလေမှာ အဲဒါတွေအတွက် ပေးဆပ်ရမှုဟာ များလွန်းလှပါတယ်။ ဥပဒေဆိုတာလည်း လက်ရှိအုပ်ချုပ်နေတဲ့ ပါတီရဲ့ သဘောထားဘဲမဟုတ်လား။ ငြိမ်ဝပ်ပိပြားမှုဆိုတာကတော့ နေရာအနှံ့ကို စိမ့်ဝင်နေတဲ့ အကြောက်တရားရဲ့ပုံရိပ်ဘဲလေ။ တခါတလေတော့လည်း အဲဒီ ဥပဒေတို့ ငြိမ်ဝပ်ပိပြားမှုတို့ဆိုတာဟာ တရားဥပဒေမဲ့ပြီး မငြိမ်ဝပ်တာ ဖြစ်ရင်ဖြစ်နေတတ်တယ်။ လူထုကြားထဲ လွှမ်းမိုးနေတဲ့ အကြောက်တရားပေါ် အခြေခံပြီး ရလာတဲ့ ဘယ်အောင်မြင်မှုမှ လိုချင်စရာမကောင်းသလို တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်အနေနဲ့ ခြိမ်းခြောက်မှု အတင်းအကျပ်ပြုမှုတွေရှိမယ်ဆိုရင်၊ အဲဒါတွေနဲ့မှဘဲ တိုင်းပြည်ဟာ ရပ်တည်နိုင်မယ်ဆိုရင်လည်း ဒါဟာ ပြည်သူအုပ်ချုပ်မှုထက် စစ်အုပ်ချုပ်မှုအသွင်ဆောင်နေပြန်ပါတယ်။

ကဗျာဆရာ Kalhana ရဲ့ နှစ်ထောင်ချီကြာပြီဖြစ်တဲ့ Rajatarangini ဇာတ်တော်ထဲမှာ ကျနော်တွေ့မိတယ် အုပ်ချုပ်သူ တစ်ယောက်ရဲ့ တာဝန်နဲ့ နိုင်ငံတခုစောင့်ထိန်းရမယ့်အရာဟာ ဓမ္မနဲ့ အဘယဆိုတဲ့ ဖြောင့်မှန်ခြင်းနဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း ဆိုတာပါတဲ့။ အဲဒီ ဓမ္မနဲ့ အဘယ ဆိုတဲ့ စကားကို တရားဥပဒေ နဲ့ ငြိမ်ဝပ်မှုဆိုတဲ့ အဓိပ္ပါယ်နဲ့ ထပ်တလဲလဲ သုံးထားပါတယ်။ သူပြောတဲ့ ဥပဒေဆိုတာ မည်ကာမတ္တ ဥပဒေ ဖြစ်ရုံထက် ပိုအဓိပ္ပါယ်ရှိပြီး ငြိမ်ဝပ်ပိပြားတယ်ဆိုတာလည်း လူတွေရဲ့ အကြောက်တရားကင်းတာကို ရည်ညွှန်းတာပါ။ ကြောက်နေပြီးသား လူထုအပေါ်မှာ ထပ်ပြီး ငြိမ်ဝပ်ပိပြားမှု ဆိုတာ ပြဌာန်းတာထက် မကြောက်အောင် သင်ပေးရတာက ဘယ်လောက် ကောင်းသလဲဗျာ။

နေရူးရဲ့ စကားတွေဟာ ကျမရဲ့ ခံစားမှုနဲ့ လုံးဝ ထပ်တူကျရုံမကဘဲ နဝတ အစိုးရက မြန်မာပြည်မှာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့အချိန်ဆိုတော့ ကွက်တိကို ဖြစ်နေတော့တာပါဘဲ။ ကျမလည်း အဲဒီစာရွက်ကြီးကို လုံခြုံရေးအစောင့်တွေပါ ထင်ထင်ရှားရှားမြင်နိုင်မယ့် အိမ်ပေါက်ဝမှာ ချိတ်ထားပေးလိုက်တယ်။ စာရွက်ရဲ့ အောက်ခြေမှာ “ဂျဝါဟလာနေရူး” ဆိုတဲ့ နာမည်ကို စာလုံးနီနီကြီးနဲ့ ရေးထားလိုက်တယ်။ သူရေးတယ်ဆိုတာ သိအောင်တင်မကဘဲ တရားဥပဒေနဲ့ ငြိမ်ဝပ်ပိပြားမှု ပေါ်မှာ တည့်တည့်မတ်မတ် မမြင်တတ်တဲ့လူတွေအားလုံးကို အံတုတဲ့ နာမည်တစ်ခုအနေနဲ့ရောပေါ့။

အကျယ်ချုပ်ကျခံ နှစ်များအတွင်းမှာ ကျမဟာ ကျမနဲ့ နိုင်ငံရေးအရ၊ ဥာဏ်ပညာအရ၊ စိတ်ဓါတ်ရေးရာအရ တူတဲ့ လူတွေနဲ့ သူတို့အတွေးအခေါ်တွေကတဆင့် ရင်းနှီးလာခဲ့တယ်။ သူတို့ဟာ တကယ်တော့ ကျမနဲ့ အပြင်မှတခါမှ မဆုံဖူးတဲ့ တစိမ်းတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ်လည်း အခုသက်ရှိထင်ရှားမရှိတော့တဲ့ အတိတ်ကလူတွေ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် သူတို့အတွေးအခေါ်တွေကတဆင့် တကယ်သိကျွမ်းရင်းနှီးပြီးသားလူတွေထက်ကို သူတို့နဲ့ ပိုပြီး နီးနီးကပ်ကပ်ခံစားရပါတယ်။ ကျမအထင်တော့ ဒါဟာ မိမိရဲ့ အသိစိတ်လိပ်ပြာကလွဲလို့ အဖော်မရှိဘဲ ထောင်ကျ ခံလူနေရသူတွေရဲ့ မှန်းလို့ရတဲ့ စိတ်လို့ ထင်မိပါတယ်။ ကျမ မထင်မှတ်ထားတာလည်း ရှိပါသေးတယ်။ အဲဒါကတော့ အဲဒီစိတ်ဟာ အသက်ရှိတဲ့ အပင်တစ်ပင်လို ရှင်သန်အမြစ်တွယ်လာတာကိုပါဘဲ။ နေ့စဉ်ဘဝကို အခြေခံပြီး အမြင့်ဆုံး ရည်မှန်းချက်ပန်းတိုင်ကို ဆက်ပေးတဲ့ သက်ရှိသစ်ပင်တစ်ပင်လို့ပေါ့။

ဂန္ဒီက တစ်ခါပြောဖူးပါတယ်။ မိုတီလာ နေရူး (ဂျဝါဟလာနေရူးရဲ့ ဖခင်) ရဲ့ အထူးခြားဆုံးအရည်အသွေးကတော့ သူ့သားအပေါ်ထားတဲ့ မေတ္တာဘဲတဲ့။ “အိန္ဒိယနိုင်ငံအပေါ်ထားတဲ့ မိုတီလာရဲ့ မေတ္တာဟာ ဂျဝါဟာလာအပေါ်ထားတဲ့ မေတ္တာကနေ ဆင်းသက်လာတာ ဖြစ်တယ်” တဲ့။ ဒီစကားကဘဲ ကျမကို တွေးမိစေပြန်ပါတယ် မြန်မာပြည်အပေါ်ထားတဲ့ ကျမရဲ့ မေတ္တာဟာ ကျမမမှတ်မိလိုက်တဲ့ အဖေ့အပေါ်ထားတဲ့ မေတ္တာက ဆင်းသက်လာလေသလား လို့ ပါ။ ကျမ စိတ်ထဲ မကြာခဏပေါ်လာတတ်တဲ့ အဖေပုံရိပ်ဟာ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲမှာ ပါခဲ့သူရဲ့ အခန်းကဏ္ဍနဲ့ ခွဲခြားမရပါဘူး။ ဆုံးခန်းမတိုင်သေးတဲ့ ကျမတို့ရဲ့ဒီမိုကရေစီတိုက်ပွဲဟာ ကျမစိတ်ထဲမှာ လွတ်လပ်ရေးတိုက်ပွဲနဲ့ ယှဉ်တွဲ ပေါ်လာတတ်တယ်။ နေရူးနဲ့ သူ့အဖေ မိုတီလာကြားက ခိုင်မြဲတဲ့မေတ္တာ၊ စိတ်နေစိတ်ထား နဲ့ သွေးသားသံယောဇဉ်တွေ ရှိပေမယ့် နေရူးဟာ ပြည်သူ့ မီးရှုးတန်ဆောင်လို့ သူသဘောထားတဲ့ ဂန္ဒီကိုလည်း အဖေ တစ်ယောက်လို သဘောထားနိုင်ခဲ့တယ် ဒီနိုင်ငံရေး စိတ်ဓါတ်ရေးသဘောသဘာဝတွေဟာ ကျမတို့နှစ်ယောက်ကြားက ဒီ နိုင်ငံရေးနဲ့ စိတ်ဓါတ်ရေးတူညီမှုတွေဟာ ကျမနဲ့ နေရူးကို ပြောပြလို့မရတဲ့ ခိုင်မြဲမှုမျိုးနဲ့ ချည်နှောင်ထားပါတယ်။ အဲဒီခိုင်မြဲမှုဟာ “တို့တွေ အချင်းချင်း မစည်းလုံးရင် ကျဆုံးမှာဘဲ”ဆိုတဲ့ ဓမ္မဌိဌာန်ကျတဲ့ တွက်ချက်မှုတစ်ခုလို သေချာလှပါတယ်။” တို့ဘဝတွေရဲ့ အနှစ်သာရတွေ ရှင်သန်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်လိုအပ်တယ်” ဆိုတဲ့ ပုဂိုလ်ရေး ချစ်ခင်မှုထက်လည်း နွေးထွေးလှပါတယ်။

နိုင်ငံရေးကြိုးပမ်းမှုတွေနဲ့ ကျမရဲ့ ပုဂိုလ်ရေးဘဝဟာ ခွဲခြားလို့ မရတော့ပါဘူးး။ မကြာသေးခင်က ဗာကလပ်ဟာဗဲလ်ရဲ့ အမှတ်တရတစ်ခုမှာ ဘာကြောင့် ဟာဗဲလ်ရယ်၊ တခြားသော မိတ်ဆွေ သူငယ်ချင်းတွေ၊ ကျမတခါမှ အပြင်မှာ မမြင်ဖူးတဲ့ လမ်းညွှန်မှုပေးသူတွေ ဟာ ကျမရဲ့ နိုင်ငံရေးကြိုးပမ်းမှုတွေမှာ တွန်းအားတွေ ဖြစ်စေသလဲဆိုတာ ကျမ ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီလို ရှင်းပြရာမှာ ဟိုးအောက်စ်ဖို့ဒ်မှာနေတုန်းက ခင်မင်ခဲ့ရသူ သူငယ်ချင်း Ann ရဲ့ ကျမအကြောင်းရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ရည်ညွှန်းခဲ့တယ်။

Ann က ကျမကို ရည်ရွယ်ပြီး ကဗျာတစ်ပုဒ်က စာသားတချို့ကို သုံးခဲ့ပါတယ်။ အဲဒီကဗျာကို အိုင်းရစ်စ် တော်လှန်ရေးသမား Maud Gonne အတွက် ကဗျားဆရာ Yeats က ရေးခဲ့တာပါ။

“မင်းရဲ့ ကျက်သရေခ ရွှင်ပြတဲ့အချိန်ကာလတွေကို ဘယ်နှစ်ယောက်လောက်များ ခင်တွယ် ခဲ့ဖူးပြီလဲကွယ်။ မင်းရဲ့ အလှတရားကိုရော မေတ္တာစစ် ဒါမှမဟုတ်လည်း မေတ္တာယောင်နဲ့ ချစ်ခဲ့သူ ဘယ်နှစ်ယောက်များရှိခဲ့ပြီလဲ။ ဒါပေမယ့်လူတစ်ယောက်ကတော့ သစ္စာတရားကိုမမောမပန်းရှာနေတဲ့ မင်းရဲ့ စိတ်ဓါတ်ကလေးကို မြတ်နိုးနေဆဲပါ။ ရင့်ရော်ပြောင်းလဲလာတဲ့ မင်းမျက်နှာပေါ်က ဝမ်းနည်းကြေကွဲမှုတွေကို အမြတ်တနိုးရှိဆဲပါ” တဲ့။

Ann က နောက်ဆုံးစာကြောင်းကို ချန်ထားခဲ့ပါတယ်။ ကြည့်ရတာ သိပ်မင်္ဂလာမရှိဘူးလို့ ထင်လို့ နေမယ်ကျမကတော့ အခု အဲဒီစာကြောင်းကိုပါ ထည့်ဆိုလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ခုလုံးဆိုမှဘဲ စာပိုဒ်အဓိပ္ပါယ်က အင်မတန် နူးညံ့ချိုသာတဲ့ ခံစားမှုကို ဖြစ်စေတဲ့ ခင်မင်မှုဆိုတဲ့ အနက် သက်ရောက်သွားစေတယ်လေ။ သစ္စာတရား ရှာဖွေတဲ့ စိတ်ဓါတ်အတွက် အချစ်ခံရတာဟာ အချစ်ခင်ခံရမှုတွေထဲမှာ အကောင်းဆုံးပါဘဲလေ။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းမှာ နားလည်ပေးခြင်းခံရတာ၊ အားပေးခြင်းခံရတာဟာလည်း ဘယ်တော့မှ အထီးကျန်မှုကို မဖြစ်စေဘူးပေါ့။

ဒီနေ့ ကျမကို ဂျဝါဟလာနေရူး အထိမ်းအမှတ်ဆုပေးတဲ့အတွက် လူကြီးမင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမရဲ့ အဖိုးတန် မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ အိန္ဒိယခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဘဝတွေဟာ မသေချာမရေရာတဲ့ လမ်းခရီးမှာ ကျမကို လမ်းမပျောက်အောင် စောင့်ရှောက်ခဲ့ကြလို့ပါဘဲ။ နေရူးကို ရှာဖွေတွေ့ရှိခြင်းဟာ ကျမကိုယ်ကျမ ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်တယ်ဆိုရင် မမှားပါဘူးလို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

ဘာသာပြန် Spring Flowers နှင့် ကိုသန်းထွန်းအောင်၊ ဒေါင်းမာန်ဟုန်