Friday, November 16, 2012

“ပြည်ထောင်စုအမြင်နဲ့ ကြည့်စေချင်တယ်” ဟု ဒေလီရောက် မြန်မာများကို ဒေါ်စု မိန့်ခွန်းပြော

နယူးဒေလီ (မဇ္ဈိမ) ။ ။ နယူးဒေလီရှိ မြန်မာဒုက္ခသည်များအား ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိ Oxford Senior Secondary School သို့ သွားရောက်တွေ့ဆုံကာ နာရီဝက်ကြာ မိန့်ခွန်းပြောကြားသွားခဲ့သည်။

“ကျမ အခု အိန္ဒိယနိုင်ငံကို လာတဲ့အခါမှာ သမိုင်းအစဉ်အလာအရ မိတ်ဆွေနိုင်ငံတခုကို လာတယ်လို့ ဒီလိုပဲ စိတ်ထားပါတယ်။ အခု အန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ကျမတို့ရဲ့ မိသားစုတွေသဖွယ်၊ ညီအကိုတွေ၊ တူတွေ တူမတွေ၊ သားသမီးတွေသဖွယ်ဖြစ်တဲ့ အားလုံးဟာ မိသားစုတွေလို့ပဲ စိတ်ထားစေချင်ပါတယ်။ ကျမတို့နိုင်ငံ ဟာ ပြည်ထောင်စုဖြစ်တယ်ဆိုတာ အထူးအလေးထားပြီး ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အိန္ဒိယနိုင်ငံ မှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ပုဂ္ဂိုလ် တော်တော်များများဟာ တိုင်းရင်းသားအသီးသီးက ဖြစ်ပါတယ်။ ဗမာ လူများစုကတော့ ဒီမှာ လူနည်းစု ဖြစ်နေတာ ကောင်းကိုကောင်းတယ်လို့ ထင်ပါတယ်။ တခါတလေ လူများစု ဆိုတာဟာ လူနည်းစုရဲ့ မျက်စိနဲ့ မြင်တတ်ဖို့လိုတယ်” ဟု ထည့်သွင်းပြောကြားသွားသည်။

နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည် တသောင်းကျော်ရှိရာ ဗမာလူမျိုးမှာ ၁ဝဝ ပင် မပြည့်ပေ။ ချင်းတိုင်းရင်းသား များမှာ အများစုဖြစ်သည်။

ဒေလီမြို့နှင့် မိုင် ၂,ဝဝဝ ကျော် ဝေးသော နယ်စပ်ဒေသရှိ တိုင်းရင်းသားများလည်း ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံကြသည်။ သောကြာနေ့ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသား ၈,ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

“နောက်ဆုံး ကျမတို့ ကျမတို့ရဲ့နိုင်ငံဟာ အားလုံးအတွက် ခိုလှုံစရာ၊ လုံခြုံစရာ ပြည်ထောင်စုကြီး ကျမ ဖြစ်စေ ချင်တယ်။ အဲလိုပြည်ထောင်စုမျိုးဖြစ်ဖို့ဆိုတာ အားလုံးဝိုင်းပြီး ကြိုးစားဖို့လိုပါတယ်။ တိုင်းရင်းသားများအကြားမှာ ယဉ်ကျေးမှု မတူတာရှိတယ်၊ မျှော်မှန်းချက်တွေ မတူတာရှိတယ်၊ ဘာသာစကားတွေ မတူတူရှိတယ်၊ ကိုးကွယ်တဲ့ ဘာသာတွေ မတူတာရှိတယ်။ ဒီလို မတူကွဲပြားတဲ့အထဲက ကျမတို့ဟာ ညီညွတ်မှုကို တည်ဆောက်ရမှဖြစ်တယ်။ ဒီလို ညီညွတ်မှု တည်ဆောက်ဖို့ဆိုတာဟာ တယောက်နဲ့တယောက် နားလည်မှုယူဖို့လိုတယ်။ အပြန်အလှန် လေးစားဖို့လိုတယ်။ နားလည်မှုရဖို့၊ အပြန်အလှန် လေးစားနိုင်ဖို့ဆိုတာဟာ တယောက်နဲ့တယောက် ပြောတာကို နားထောင်ဖို့လိုတယ်။ ကိုယ်တဖက်က ကိုယ်ပြောချင်တာပဲ၊ ကိုယ်ဖြစ်စေချင်တာပဲကို မီးမောင်းထိုးနေလို့ မရဘူး။ ဟိုဘက်ကအသံလည်း နားထောင်ရတယ်၊ ဒီဘက်ကအသံလည်း နားထောင်ရတယ်” ဟု လည်း ဆက်ပြောသည်။

အဆိုပါ Oxford တက္ကသိုလ်ဝင်တန်းကျောင်းမှာ မြန်မာဒုက္ခသည် ကလေးများအား ခွတြန်းစနစ်ဖြင့် အခမဲ့ ပညာသင်ကြားပေးနေရာ ကျောင်းတကျောင်း ဖြစ်ပြီး မြန်မာများ နေထိုင်ရာ Vikas Puri ရပ်ကွက်တွင် တည်ရှိသည်။

“ကျမတို့ဟာ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် လုပ်မယ်ဆိုပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲကို ဝင်လာ တာပါ။ ဒီလို ပြန်လည်သွေးစည်းညီညွတ်ရေးအတွက် လုပ်တဲ့အခါမှာ တဦးနဲ့တဦး နားလည်မှု ယူဖို့ဆိုတာဟာ တဖက်သတ် ကြည့်လို့ မရပါဘူး။ ဟိုဘက် ဒီဘက်ကိုလည်း ကြည့်ရတယ်၊ ပြည်ထောင်စုတခုလုံးရဲ့ အခြေအနေ ကိုလည်း ကြည့်ရတယ်။ ကျမတို့ ပြည်ထောင်စုထဲမှာ တနေရာမှာဖြစ်နေတဲ့ကိစ္စတွေ၊ ပြဿနာတွေဟာ တခြားနေရာတွေနဲ့ မဆိုင်ဘူးဆိုပြီး မြင်လို့မဖြစ်ပါဘူး။ တိုင်းပြည် တပြည်လုံးနဲ့ ဆိုင်ပါတယ်။ ဘယ်နေရာမှပဲ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ကျမတို့ပြည်ထောင်စုတခုလုံးနဲ့ ဆိုင်တယ်ဆိုတဲ့စိတ်ဓာတ် ထားဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ တနေရာမှာဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်တဲ့အခါမှာ ပြည်ထောင်စုအမြင်နဲ့ ကြည့်စေချင်တယ်” ဟုလည်း ပြောကြားသွားသည်။

ဆက်လက်၍ ““ဒါ ကျမတို့ဟာ ဒုတိယ ပင်လုံကဲ့သို့သော တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်မှု၊ တကယ့်နှလုံးသားထဲကလာတဲ့ စည်းလုံးညီညွတ်မှုဖြစ်စေမယ့် ညီလာခံမျိုးလိုတယ်ဆိုတာ ကျမတို့ ပြောတာပါ။ ပင်လုံ စိတ်ဓာတ်ကို ပိုပြီးတော့ ရှင်သန်စေမယ့် ညီလာခံမျိုးကို ပြောတာပါ။ ၁၉၄၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာ ဆိုရင် တိုင်းရင်းသားတွေ အစုံပါတာ မဟုတ်ပါဘူး။ ဒါလည်း ကျမတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း အဲဒီပင်လုံညီလာခံဟာ ပြည်ထောင်စုစိတ်ဓာတ်ကို အမြစ်တွယ်အောင်လို့ အစပျိုးလိုက်တဲ့ ညီလာခံ ဖြစ်ပါတယ်။ အမြစ်တွယ်ရုံနဲ့ အပင်ကြီးကနေ ရှင်သန်လာတာ မဟုတ်ပါဘူး။ ဟိုးတုန်းက တွယ်ခဲ့တဲ့ အမြစ်လေးဟာ ရှင်သန်ပိုင်ခွင့် မရှိတဲ့အခါကျတော့ အခု ကျမတို့ရဲ့ ပြည်ထောင်စုဟာ အင်မတန်မှ သန်မာပြီးတော့ အသီးတွေ၊ အပွင့်တွေ ဝေဆာနေတဲ့အပင်ကြီး ဖြစ်လာတယ်လို့ မပြောနိုင်သေးပါဘူး။ ဒီလိုဖြစ်လာအောင်လို့ ကျမတို့ ဆက်ပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူရမယ်၊ အားပေးရမယ်။ အမြစ်ကလေးတွေကို ရေလောင်းပေးရ မယ်၊ မြေဖို့ပေးရမယ်။ ဒါဟာ ကျမတို့ခေတ် လက်ရှိရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး လုပ်ဖို့ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ဂလိုမြို့ရှိ အိန္ဒိယ နည်းပညာနှင့် သိပ္ပံကျောင်းသို့ သွားရောက်လေ့လာရန် အတွက် ဒေလီမြို့မှ သောကြာနေ့ ညနေတွင် လေကြောင်းခရီးဖြင့် ထွက်ခွါမည် ဖြစ်သည်။

မြန်မာနှင့် အိန္ဒိယ ပရိတ်သတ် ၈ဝဝ ကျော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က နယူးဒေလီ ဗီးကပ်စ်ပူရီအရပ်ရှိ အောက်စ်ဖို့ဒ်ကျောင်းတွင် နိုဝင်ဘာ ၁၆ ရက်နေ့က မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နာရီဝက်ခန့်ကြာ ပြောကြားမှုတွင် သူမက မြန်မာနိုင်ငံတွင် ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံသားများ ပြန်လာချင်ရင် ပြန်လာလို့ရအောင် ကြိုးစားနေသည်ဟု ထည့်သွင်းပြောဆိုသွားသည်။