Sunday, November 25, 2012

ကံ့ကော်မြေ အိပ်မက်များနှင့် အိုဘားမား

နန္ဒတင့်ဆွေ
(မဇ္ဈိမ) ဂျာနယ်

(၁)
အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ ပထမ ကျောင်းသားသပိတ်တို့အကြောင်း အလယ်တန်း သမိုင်းမှာ စပြီး လေ့လာကျက်မှတ်ခဲ့ရပါတယ်။ အိန္ဒိယ ကာလကတ္တား တက္ကသိုလ်ရဲ့ လက်အောက်ခံ ယုဒဿန် ကောလိပ်နဲ့ ရန်ကုန်ကောလိပ်က ကျောင်းသားကြီးတွေ ကိုလိုနီ ကျွန်ပညာရေးစနစ်ကို စတင် သပိတ်မှောက်လိုက်ကြတဲ့ ၁၉၂၀ ကျောင်းသား သပိတ်ဟာ နောင် မြန်မာနိုင်ငံရဲ့ အမျိုးသားအောင်ပွဲနေ့အဖြစ် ဂုဏ်ပြုခံခဲ့ရတာဟာ ဂုဏ်နဲ့ဒြပ် ဟပ်မိပါတယ်။ ‘အစုန်အကျ’ မဟုတ်ဘဲ ‘အဆန်အတက်’မို့ ရွေးချယ်ရတယ်လို့လည်း သိရပါတယ်။

စင်စစ် ရန်ကုန်တက္ကသိုလ် ဆိုတာ နယ်ချဲ့ဆန့်ကျင်ရေး သင်္ကေတ၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကို ရှေ့ဆောင်နိုင်ခဲ့တဲ့ ဌာနန္တရ၊ တကသ၊ ဗကသတို့ရဲ့ ချက်ကျလှတဲ့ ဗဟိုပင်မကြီးဆိုလည်း မမှားပါဘူး။

ကိုအောင်ကျော်၊ ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်းတို့မှသည် ကိုဗဆွေလေး၊ ကိုသက်၊ ကိုလှရွှေ တို့အပြင် ကိုညိုဝင်း၊ ကိုခင်မောင်မြင့်၊ ကိုတင်မောင်ဝင်းတို့ရဲ့ ခွပ်ဒေါင်းတို့ တွန်ကြူးသံတွေထဲမှာ နယ်ချဲ့ဆန့်ကျင်ရေး အစဉ်အလာ ကြီးမားခဲ့ပါတယ်။ (ဒီလို နယ်ချဲ့ဆန့်ကျင်ရေး အစဉ်အလာထဲမှာ ဗမာ့တပ်မတော်လည်း ပါခဲ့တယ်ဆိုတာ မခြွင်းမချန် ပြောလိုပါတယ်။ ဘီအိုင်အေမှသည် တရုတ်ဖြူ မောင်းထုတ်ခဲ့သည်အထိ။)

လွတ်လပ်ရေးတိုက်ပွဲနောက် လွတ်လပ်သောခေတ်မှာလည်း နယ်ချဲ့အန္တရာယ်ကို ပြည်တွင်းမှာသာမက ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်ထိ သိမြင်တပ်လှန့်နိုင်ခဲ့ကြပါတယ်။ ၁၉၆၂ သမဂ္ဂအဆောက်အဦနဲ့ သမဂ္ဂတည်ရှိမှု အဖြိုခံရလို့ ရုပ်ပိုင်းဆိုင်ရာ ချိနဲ့သွားခဲ့ရပေမယ့် စိတ်ဓာတ်ကတော့ မြေအောက်သဏ္ဍာန်နဲ့ ကြံ့ခိုင်နိုင်ခဲ့ကြပါတယ်။

“ဟေ… ညီညီညာညာ လွတ်လပ်ရေး ထိန်းသိမ်းမည် နယ်ချဲ့ဝါဒီ တိုက်ဖျက်မည်…” ဆိုတဲ့ သမဂ္ဂတေးပါ စာသားဟာ ကျောင်းသားအခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီ ပညာရေးတို့နဲ့ ထပ်တူတဲ့ ကြွေးကြော်သံတရပ် ဖြစ်ပါတယ်။ မပြီးဆုံးသေးတဲ့ ကံ့ကော်ရိပ် အိပ်မက်တွေပါပဲ။

၁၉၅၀-၆၀-၇၀ လှုပ်ရှားမှုတွေမှာ အုပ်ချုပ်သူတွေရဲ့ မတရားမှုတွေကို ဖွင့်ချဖော်ထုတ် တိုက်ပွဲဝင်တိုင်း နယ်ချဲ့အန္တရာယ်ကို မျက်ချည်မပြတ်ခဲ့ကြပါဘူး။ ဗီယက်နမ်နဲ့ ကိုရီးယားစစ်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။

(၂)
ဗီယက်နမ်စစ်မှာ နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ရတဲ့ အမေရိကန်ဟာ ဒီတချီတော့ အတော်စေ့စပ် သေချာချင်ပုံ ရပါတယ်။ အိုဘားမားဟာ ဖနွမ်းပင် အစည်းအဝေး မတက်ခင် ဗမာပြည်မှာ ဝင်အားယူသွားခဲ့ပါပြီ။ အစိုးရနဲ့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့တွင်မက အခြားအခြားသော ပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ၊ ၈၈ တို့၊ ဗကသတို့၊ ကွန်ယက်တို့ရဲ့ ကြိုဆိုကြောင်း ပြသမှုကို အရယူသွားခဲ့တာပါ။

တကယ်တော့ အာရှပစိဖိတ်ဒေသဟာ သမ္မတ အိုဘားမား ပထမသက်တမ်း တဝက်လောက်ကတည်းက အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အချက်အချာ မဟာဗျူဟာဒေသ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ကာကွယ်ရေးဘတ်ဂျက် လျှော့ချမှုမှာ ဒီဒေသ စစ်သုံးစရိတ်တွေ မပါခဲ့ပါဘူး။ ဒီဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်က ခေါင်းဆောင်ရမယ်၊ ပြိုင်ဖက်ကင်း စူပါ-မဂ္ဂါပါဝါကို ထိန်းဖို့ ဒီဒေသဟာ သူတို့အကျိုးစီးပွားနဲ့ ဆက်စပ်နေတာပါ။

ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ ဂူအမ်ကျွန်းတို့မှာ အမေရိကန် စစ်အခြေစိုက် စခန်းတွေ ရှိထားပြီး ဖိလစ်ပိုင်နဲ့ ထိုင်းတို့အတွက် ကမ်းခြေစောင့်သင်္ဘောတွေပို့၊ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေသလို ဗီယက်နမ်၊ စင်္ကာပူ၊ အင်ဒိုနီးရှားတို့ကိုလည်း ကမ်းခြေစောင့် သင်္ဘာတွေ၊ ဖိုက်တာတွေ ပေးဖို့နဲ့ ဒိထက်အဆင့်ပိုရဖို့ ကြိုးစားနေတာတွေ ရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးက ဦးတည်နေတဲ့ အာရှပစိဖိတ်ဒေသဟာ အငြင်းပွားမှုတွေ၊ ရှုတ်ထွေးမှုတွေ ဖြစ်နေတာပါ။ ကြာလှပြီဖြစ်တဲ့ ထိုင်ဝမ်ပြဿနာအပြင်၊ တရုတ်-ဂျပန် ကျွန်းပိုင်ဆိုင်မှုပြဿနာ၊ နိုင်ငံတကာ ရေကြောင်းပြဿနာ စတဲ့ နယ်မြေ ပိုင်ဆိုင်မှု ပြဿနာတွေမှာ အမေရိကန်က ကြားနေပြီး စေ့စပ်ဖြေရှင်းပေးမယ်လို့ ဆိုထားပေမယ့် လက်တွေ့လုပ်ရပ်တွေမှာကတော့ အငြင်းပွားဖွယ်ရာတွေ ဖြစ်နေပါတယ်။