Tuesday, November 13, 2012

ဒေါ်စု ပေးမယ့် လက်ချာ ဆိုတာ

နန္ဒတင့်ဆွေ | (မဇ္ဈိမ) အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၃ ရက် ၂ဝ၁၂ ခုနှစ်

နိုဝင်ဘာလ ၁၄ ရက်နေ့ဟာ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်ကြီး တဦးဖြစ်တဲ့ ပဏ္ဍစ် ဂျဝါဟာလာ နေရူးရဲ့ မွေးနေ့ ဖြစ်ပါတယ်။

“ကျမတို့ မိဘများဟာ ပဏ္ဍစ် ဂျဝါဟာလာ နေရူးကို အထူးပဲ လေးစားအားကျခဲ့ပါတယ်။ တခြား အိန္ဒိယခေါင်းဆောင်တွေကိုလည်း လေးစားသော်လည်းပဲ ကျမ ငယ်ငယ်က ပဏ္ဍစ်ကြီးလို့ ခေါ်လေ့ရှိတဲ့ သူ့ကိုတော့ အထူးလေးစားခဲ့ရပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဖူးပါတယ်။

နေရူးဟာ လွတ်လပ်သော အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ဝန်ကြီးချုပ်ပါ။ လက်တွေ့ နိုင်ငံရေးထဲမှာ ကွယ်လွန်သည် အထိ ဆောင်ရွက်ခဲ့ရသလို စာရေးကောင်းတဲ့ အတွေးသမား တဦးလည်း ဖြစ်ပါတယ်။

မြန်မာပြည် စာဖတ်ပရိသတ်နဲ့ အရင်းနှီးဆုံး သူ့စာအုပ်ကတော့ ဆရာပါရဂူ ဘာသာပြန်ပေးခဲ့တဲ့ ‘ချစ်သမီးသို့ ပေးစာ များ’။ နောက်ပြီးတော့လည်း ‘ကမ္ဘာ့အကြောင်း တစေ့တစောင်း’ စာအုပ်ထူကြီးကို ချုံ့ပြီး ဘာသာပြန်ထားတာလည်း ရှိပါတယ်။ ဒါ့အပြင် ချင်းတွင်း မဂ္ဂဇင်းမှာ ဆရာဘိုးလှိုင် အခန်းဆက် ဘာသာပြန်ပေးတဲ့ ‘အိန္ဒိယကို ရှာဖွေတွေ့ရှိခြင်း’ ဆိုတာကလည်း နေရူးရဲ့ သမိုင်းနဲ့ ဒဿန စာပေတွေပါပဲ။

သူနဲ့ခေတ်ပြိုင်တွေရော၊ နှောင်းလူတွေထဲမှာရော သူ့နိုင်ငံရေးရပ်တည်ချက်နဲ့ စာပေကို ဝေဖန်သူတွေ မနည်းလှပေ မယ့် သူ့ကိုတော့ လေးစားကြသူချည်းပါပဲ။

သူကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်မှာပဲ သူ့ကိုချစ်ကြည်သူများက သူ့အထိမ်းအမှတ်တွေ ပြုကြပါတယ်။ ဒါတွေကတော့ သူတန်ဖိုးထားခဲ့တဲ့ လေ့လာရေး၊ သုတရှာဖွေမှု၊ ပညာတို့နဲ့ ဆက်စပ်နေတဲ့အရာတွေပါ။ ‘ဂျဝါဟာလာနေရူး ပြတိုက်နှင့် စာကြည့်တိုက်’ ရယ် ‘ဂျဝါဟာလာ နေရူး အထိမ်းအမှတ် ရန်ပုံငွေ’ အဖွဲ့တို့ကို တည်ထောင်ဖွဲ့စည်းကြပါတယ်။

သူနေထိုင်ခဲ့တဲ့ အိမ်တော်ကြီးကို ပြတိုက်ကြီးအဖြစ် ခန်းခန်းနားနား ပြန်ဆောက်ပါတယ်။ အဲလိုပဲ သူ့အထိမ်းအမှတ် စာကြည့်တိုက်ကြီးဆိုရင်လည်း စာအုပ်ပေါင်း သုံးသိန်းကျော်ထိ စုဆောင်းထားရှိပြီး ဒီဂျစ်တယ် လိုက်ဘရီလည်း သပ်သပ်လုပ်ထားနိုင်ပါပြီ။ အဲဒီမှာ လူမှုသိပ္ပံ ဘာသာရပ်ကို လေ့လာဖို့အတွက် အကောင်းဆုံးပါပဲ။ နေရူး စာပေါင်းချုပ်တွေလည်း တခုတ်တရ စုစည်းထား ထုတ်ဝေပါတယ်။

သူ့အထိမ်းအမှတ်တွေထဲက နောက်ထပ် ပညာတိုးပွားရေးလုပ်ရပ်ကတော့ နေရူးအထိမ်းအမှတ် ရန်ပုံငွေအဖွဲ့ကြီးရဲ့ ဆောင်ရွက်ချက်တွေပါ။

ဘွဲ့လွန်ပညာ သင်ယူလိုသူတွေအတွက် ပညာသင်ဆုတွေ ပေးသလို နှစ်စဉ် နေရူး မွေးနေ့တိုင်းမှာ လုပ်တဲ့ ‘ဂျဝါဟာလာနေရူး အထိမ်းအမှတ် လက်ချာ’ လို့ခေါ်တဲ့ ဟောပြော ပို့ချပွဲကြီးတွေပဲ ဖြစ်ပါတယ်။

ဒီဟောပြောပွဲတွေကိုတော့ ၁၉၆၇ ခုနှစ်ကမှ စနိုင်ခဲ့တာဆိုတော့ ခုဆို ၄၅ နှစ် တိုင်ပြီပေါ့။ နှစ်စဉ် တယောက် တယောက် ဟောပြောလေ့ရှိလို့ ဟောသူလည်း ၄၅ ဦး ရှိပါပြီ။ (ခြွင်းချက် ၁၉၈၄ ပွဲကတော့ အန္ဒီရာဂန္ဓီ လုပ်ကြံခံရလို့ ပယ်ဖျက်ခဲ့ရပါတယ်။) ဒီ ၄၅ ဦးမြောက်ကတော့ ကျနော်တို့တိုင်းပြည်က ဒေါ်အောင်ဆန်းစုကြည် ပါပဲ။

ဒီလို နေရူးလက်ချာ ပေးဖို့ အဖိတ်ခံရသူတွေဆိုတာ တဦးနဲ့တဦး မတူကြပေမယ့် ဒိတ်ဒိတ်ကျဲတွေချည်းပါ။ ဥပမာ… အသားအရောင် ခွဲခြားရေး တိုက်ပွဲခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား၊ ရုရှားသမ္မတ ပူတင်၊ စင်္ကာပူက လီကွမ်ယု၊ အမေရိကန် အရင်းရှင်စနစ်ကို ဝေဖန်တဲ့ ဘာသာဗေဒပညာရှင် နွန်ချောင်းစကီး၊ ဂျာမန် သမ္မတဟောင်း ရစ်ချက်ဗွန်ဝေဆာကာ စတဲ့ နိုင်ရပ်ခြားက လူစွမ်းတွေ ပါပါတယ်။

ဒီလိုပဲ အိန္ဒိယနိုင်ငံသားတွေထဲကလည်း (လက်ရှိဝန်ကြီးချုပ်) စီးပွားရေးပညာရှင် ဒေါက်တာ မန်မိုဟန်ဆင်း၊ (တခါက ဝန်ကြီးချုပ်) ရာဂျစ်ဂန္ဓီ၊ သမ္မတကြီး နာရာယန်းနန်း၊ စီးပွားရေး နိုဘယ်ဆုရှင် အမစ်တရာစန်း၊ နေရူးနဲ့ အယူအဆမတူတဲ့ ဝါရင့်ကွန်မြူနစ် ခေါင်းဆောင် ဂျရိုတီဘာဆူး၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုမှ ဖိတ်အဟောခိုင်းတာပါ။ ဟောပြောသူက စိတ်ကြိုက်ခေါင်းစဉ် ရွေးဟောပါတယ်။

ပမာပြောရရင် ကွန်မြူနစ်ကြီး ဂျရိုတီဘာဆူးက “အိန္ဒိယနှင့် ၂၁ ရာစု စိန်ခေါ်ချက်များ”၊ နွမ်ချောင်းစကီးက “သိပ္ပံပညာနဲ့ အယူဝါဒရေးရာ”၊ လီကွမ်ယုက “အာရှပြန်လည် နိုးထခြင်း တရပ်ထဲက အိန္ဒိယ”၊ မန်မိုဟန်ဆင်းက “အိန္ဒိယ-မပြီးသေးသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ”၊ အမေရိကန် ဘုန်းတော်ကြီး ဂျက်စီဂျက်ဆင်က “ကမ္ဘာမှုပြုခြင်း-ကတိကဝတ်နှင့် အန္တရာယ်ကင်းလွတ်မှု၊ သို့သော် ညီမျှမှုနည်းပြီး ပိုအန္တရာယ်ကြီးလာခြင်း”၊ ဂျာမန် သမ္မတဟောင်းကလည်း “ကမ္ဘာလုံးဆိုင်ရာ အိမ်နီးချင်း တဦးအား မျှော်လင့်ခြင်း” ဒီလိုဒီလို တွေးတောဆင်ခြင်ဖွယ်ဖြစ်စေတဲ့ လေးနက်တဲ့ အကြောင်းအရာတွေကို ဟောပြောကြတာပါ။

ဒီလို လက်ချာကြီးတွေကို နားထောင်ခွင့်ရဖို့ဆိုတာကလည်း ဒုလ္လဘ တရပ်ပါ။ အော်ဒီတိုရီယမ်ကြီးတွေ၊ ခန်းမကြီးတွေမှာ လုံခြုံရေးတွေ စစ်စစ်ဆေးဆေးနဲ့ လုပ်တဲ့ပွဲကို နားထောင်ခွင့်လေးအတွက်ကို ရွေးချယ်ဖိတ်ကြားပါတယ်။ တထောင်ဝန်းကျင်လောက်ပဲ အခွင့်အရေး ရတာပါ။ ဘာသာရပ်အလိုက် သက်ဆိုင်သူတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ ပါမောက္ခတွေ၊ စာတမ်းပြုစုသူ၊ လေ့လာရေးသမားတွေလောက်သာ အထူးဖိတ်ကြားခံရတာပါ။

ဒါကြောင့် ကျနော် နယူးဒေလီမှာ နှစ် ၂ဝ နေလာခဲ့ပေမယ့် ဒီလက်ချာကြီးတွေကို အနား မသီခဲ့ရဖူးပါဘူး။ ဗလာပွဲမှ မဟုတ်ဘဲ။ စာအုပ်ထွက်လာမှ၊ နောက် အင်တာနက်ပေါ်မှာ တင်လာမှသာ (တင်ခဲပါတယ်) လေ့လာခွင့် ရတာပါ။

ခုတော့ဖြင့် ကျနော်တို့ နိုင်ငံသူကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကြောင့် ဒီမှာရှိတဲ့ မြန်မာနိုင်ငံသား တရာကျော်လောက်ကတော့ဖြင့် ဒီနှစ် လက်ချာကို လာရောက် နားထောင်နိုင်ဖို့ အခွင့်အရေး ရခဲ့ပါပြီ။

ဒေါ်စု ဘာတွေဟောမလဲ။ ဘာတွေ လက်ချာပေးမလဲ။ ခေါင်းစဉ် ကြိုမပေးသေးလေတော့ ခေါင်းစဉ် မသိရသေးပါ။ ကျနော့်အထင် သေချာတာကတော့ ကနေ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ’ အတွေ့အကြုံကိုတော့ ဒီလို ပညာရှင်ဝိုင်းမှာ လက်ချာ လာမပေးလောက်ပါဘူး။ သူ့ရဲ့ နှလုံးရည်စွမ်း ပကား၊ သူ့ဉာဏ်ပညာနဲ့ ဗုဒ္ဓအဘိဓမ္မာ ပေါင်းစပ်ထားတဲ့၊ သူ့လက်တွေဘဝထဲက ထုတ်နုတ်ထားတယ်လို့လည်း ဆိုနိုင်တဲ့ ဘဝဆိုင်ရာ၊ လောကဆိုင်ရာ အတွေးအမြင်တွေပဲ ဟောဖြစ်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ ဒေါ်စု လက်ချာကို ကျနော် ဆက်ဆက် နားထောင်ဖြစ်မှာပါ။ ။