Tuesday, October 2, 2012

Facebook မှာစကားပြောခြင်း (၂)

၃ဝ-၉-၁၂
Shwe Htide
မုံရွာသတင်းအရတော့ မုံရွာအရေးအခင်းကြောင့်လို့ ဆိုတယ်ဗျာ။ ခုထိတော့ ထင်သလိုလုပ်နေကြတာပါဘဲဗျာ။

ကျွန်တော်ကတော့ လူကြီးစကားဘဲ ပြောရမှာဘဲ။ သည်းခံ၊ စိတ်ရှည်ကြပါလို့။ ကျွန်တော်တို့ ငယ်တုံးကလဲ အဲလိုပါဘဲလို့။

၁-၁ဝ-၁၂
Shwe Htide
တခုတော့ ဆွေးနွေးလိုပါတယ်ဗျာ။ အဖြေတခုထဲ ထွက်နေတဲ့ အလုပ်တခုကို အဖြေသစ်ရအုံးမလား ဆိုပြီးထပ်လုပ်နေရင် မှားများနေသလားလို့ပါ။

ကျွန်တော် မုံရွာကသတင်း အခြေခံကို သိပ်မသိလို့ ပြောရင်လွဲနေမယ်။

၂-၁ဝ-၁၂
Shwe Htide
အဖြေတခုထဲ ထွက်နေတဲ့ အလုပ်တခုကို အဖြေသစ်ရအုံးမလား ဆိုပြီးထပ်လုပ်နေရင် မှားများနေသလားလို့ပါ။ မနေ့ကဆွေးနွေးထာတာပါ။

မေးခွန်းက ဖီလော်ဆော်ဖီသဘောဖြစ်နေတယ်။ ဆရာတော့ ခုအချိန်တွေမှာ အတွေးအခေါ်တွေအတွက် သိပ်အာရုံမထားနိုင်ဘူး ဖြစ်နေတယ်။ အရင်ကတော့ ဖတ်ဘူး မှတ်ဘူးပါတယ်။ ခုနေအခါ မြေပေါ်မှာ ဖြစ်နေတာတွေ အတွက်ဘဲ အချိန်ကုန်နေရတယ်။

မြေပေါ်အတွက်ဆွေးနွေးကြည့်တာပါဗျာ။ ပြုပြင်ပြောင်းလဲရေးကာလအတွက်ပါ။ အတွင်းကနေ မော့ကြည့်လို့မြင်ရတာနဲ့ ဆရာတို့ အပြင်ကနေမိုးကြည့်ရတာနဲ့ ဘာတွေကွာနေလဲ သိလိုတာပါ။

နဲနဲတော့ ကွာတယ်။ တချိန်တုံးက အထဲလူတွေက အပြင်ကိုမျှော်၊ အပြင်ကလဲ အထဲဘဲအားကိုးခဲ့တယ်။ ခုချိန်မှာ အထဲမှအထဲ လုံးလုံးလျားလျားဖြစ်နေကြပြီ။ ဆရာကတော့ အပြင်ကနေပြီး လုပ်စရာတွေရှိနေတယ်ဘဲ ယူဆတယ်။ အကူအညီပေးတဲ့ အစိုးရတွေက လှည့်မကြည့်တော့တာ ၃ နှစ်ရှိပြီ။ အပြင်ကလူတွေ မညီညွတ်တဲ့အကြောင်း ဒေါ်စုက ထပ်တလည်း ပြောနေတယ်။ ပြောတာတင်မကဘူး အပြင်ကလူဆိုရင် သုံးမဲ့ပုံလဲမရှိဘူး။ အပြင်ကနေ ခုထိ အထဲဝင်သူတွေကို ကြည့်ပြီးတော့လဲ အထင်မကြီးကြတော့ဘူး။ ဆရာတော့ နားလည်ပါတယ်။ လုပ်ခဲ့တာတွေ လုပ်ခဲ့ပြီးပြီဘဲ။ နေရာမပြောနဲ့ အသိအမှတ်ပြုတာတောင်မှ မမျှော်လင့်တော့ပါဘူး။ အထဲကလဲ အစာမကျေတဲ့ကာလကို ဖြတ်နေကြတယ်လို့ ယူဆတယ်။ ကြုံရမှာတွေပါ။

Shwe Htide
ဟုတ်ပါတယ်ဗျာ။ ၁၉၄၈ ဝန်းကျင်ကစလို့ အခုထိ ပြန်ပြီးသုံသတ်ရင် နေရာအာဏာဆိုတာတွေအတွက် လုံးပန်းနေကြတာ တွေ့လို့ပါဗျာ။ အားလုံးကိုဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရာနှုန်းများတယ်လို့ ဆိုချင်ပါတယ်။ ဒီနေ့အတွင်းမှာလည်း ဒီလိုပုံစံတွေဘဲ မြင်နေရတော့ ပြီးခဲ့တဲ့အဖြေတွေဘဲ ပြန်ထွက်နေမှာ စိုးရိမ်မိလို့ပါ။

အေးဗျာ မေးခွန်းဆိုလိုချက်ကို ပိုသဘောပေါက်လာပြီ။ သမိုင်းတပတ်လည်တယ်လို့ ပြောတတ်ကြတာကိုတော့ သိပ်လက်မခံချင်ဘူး။ ဒါပေမဲ့ အကောင်းချည်းမြင်တာတော့ မဟုတ်ပါ။ ပိုကောင်းလာမှာတွေရော ဒိထက်မက ဆိုးတာတွေလဲ လာနိုင်တယ်လို့ မြင်ပါတယ်။ မတူမှာတော့ သေခြာတယ်။ ဆရာ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်အထိ ကျွန်တော်တို့ ဖြစ်ချင်တဲ့၊ လုပ်နေတဲ့ ဒီမိုကရေစီဆိုတာ Ethical essence ပါရမယ်။ အိန္ဒိယ ဒီမိုကရေစီမျိုး၊ အမေရိကန် လိုမျိုး မဖြစ်ချင်ဘူးလို့ ပြောခဲ့တယ်။ ကနေ့ကြည့်တော့ ကိုယ်ပြောခဲ့တာ စိတ်ကူးယဉ်ဆန်ခဲ့လေသလား ပြန်ဆန်းစစ်နေရပြီ။

Shwe Htide
ဆရာတို့ရဲ့ အတွေ့အကြုံ အမြင်တွေလဲ မျှပါဗျာ။ ဆရာကတော့ ကျွန်တော့်ကို သိမှာမဟုတ်ဘူး။ ဆရာ့ကိုတော့ ကောင်းကောင်းသိပါတယ်။ ဆရာနဲ့ ပတ်သက်ခဲ့တဲ့သူ တော်တော်များများနဲ့ လုပ်နေတာပါ။ လက်ရှိအနေအထားကနေ ကောင်းတဲ့လားရာကို လိုချင်တာပါဗျာ။ မြောင်းအကျယ်ကြီး မတူးနိုင်ရင်တောင် လမ်းကြောင်းလေးတော့ လုပ်ချင်တာပါ။

ဆရာ့ကို ကောင်းကောင်းသိတယ်ဆိုလို့ ပြန်ပြောတာတော့မဟုတ်ပါ။ ဒီလိုလုပ်ချင်စိတ်ရှိတာ ကောင်းတယ်။ လုပ်ကိုင်နေရင်း သဘောမတွေ့တာတွေ၊ သည်းမခံနိုင်တော့တာတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်တာတွေကြောင့် ဆက်မလုပ်သူတွေ ရှိတယ်မဟုတ်လား။ လုပ်တဲ့သူတွေ ဆက်ရှိရမယ်။ ဆရာ့အတွေ့အကြုံအရဘဲ ပြောပါရစေ။ စိတ်ကောင်းထားတာ ကောင်းတယ်။ ရပါစေလို့ ရည်မှန်းပြီးလုပ်တာမျိုး မဟုတ်တာလဲ ကောင်းတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကလဲ လူဘဲမို့ ကိုယ့်ကိုယ်ကို ထူးနေသူလို့လဲ မတွက်ရဘူး။ အတွေးအခေါ်ကို ခဏထားပြီး ကနေ့ တိုင်းပြည်မှာ လိုအပ်နေတာကိုဘဲ ပြောကြ လုပ်ကြရအောင်။ ၁၉၈၈ ကာလတုံးက တက်ကြွသူတွေ လိုအပ်ခဲ့ပြီး၊ သူတို့တတွေဘဲ နေရာတွေရခဲ့တယ်။ ထိုက်တန်ကြပါတယ်။ ၁၉၉ဝ နောက်မှာ စွန့်စားသူတွေ လိုလာတယ်။ စွန့်ခဲ့သူတွေ မနည်းပါ။ နေရာတော့ နာမည်ခံလောက်သာ ရကြတယ်။ ဒိထက်လဲ မထိုက်တန်ပါ။ အခုအချိန်မှာ တတ်သိသူတွေ၊ အလုပ်လုပ်မဲ့သူတွေ လိုလာတယ်။ အတိအကျပြောရရင် တည်ဆောက်ရေးကာလရောက်ပြီလို့ မဆိုလိုနိုင်သေးပါ။ ဒါကြောင့် တက်ကြွသူတွေ၊ စွန့်စားသူတွေရော တတ်သိသူတွေပါ အားလုံးလိုနေပါတယ်။ တတ်ယုံသာတတ်ပြီး ပညာနဲ့ ဆရာလာလုပ်တာမျိုးတော့ သိပ်မကြိုက်ချင်ဘူး။ တက်ကြွနေတာချည်းလဲ မလုံလောက်သေးဘူး။ သူတို့တတွေလဲ နေရာယူသင့်ကြတယ်။ စွန့်လွှတ်-စွန့်စားစရာတွေက မကုန်သေးပါခင်ဗျား။

၃-၁ဝ-၁၂
Shwe Htide
ဆရာပြောပြတာကို သဘောပေါက်ပါတယ်ဗျာ။ လက်ခံပါတယ်။ ရှေ့ရောက်ဖို့တို့ နေရာတို့ လုံးဝ ရင်ထဲမရှိပါ။ ရှေ့ကရှိနေတဲ့ လူတွေအတွက် အလုပ်အဆင်ပြေအောင် နောက်ကနေ အင်နဲ့အားနဲ့အလုပ်လုပ်ချင်တာပါ။ လက်ရှိလဲ ဒီအတိုင်းဘဲ လုပ်နေဆဲပါ။ ၈၈ ကတဲက တောက်လျှောက် လုပ်ခဲ့တာပါ။ တတ်ကျွမ်းထားတဲ့ နည်းပညာကိုလည်း အခမဲ့ ဖြန့်ဝေပေးနေဆဲပါ။ ကြွားတာ မဟုတ်ဘူးနော်။ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကနည်းပညာစွန့်စားမှုနဲ့ ဝင်သွားရတာပါ။ ဒီနေ့ ပြန်ကြည့်လိုက်တော့ အရင်ကလောက် ညီညွတ်မှုအင်အား မရှိဘူးလို့ ထင်မြင်နေလို့ပါ။ ခေါင်းဆောင်သူနဲ့ အောက်ခြေ တက်ကြွမှု တတ်သိမှု စွန့်စားမှုတွေ ကွာလွန်းနေတယ်လို့ ခံစားနေရပါတယ်ဗျာ။

အေးဗျာ အခြေအနေတွေသိရတာ အကျိုးရှိပါတယ်။ ကျွန်တော်လဲ အပြင်မှာနေရပေမဲ့ အထဲအခြေအနေကို တောက်လျှောက် ထောက်လှမ်းနေတာ။ စောစောပိုင်းနှစ်တွေကဆို အထဲကလူလာရင် ဖြူဖြူ မဲမဲ မေးနေတာ။ ရေဒီယိုနဲ့ မလုံလောက်ဘူး။ မှန်တယ်ဗျ။ ကျွန်တော်တို့လူမျိုးက အဲလိုသဘောရှိကြတယ်။ အခက်အခဲကြီးတာ ရှိလာရင် စုစည်းကြပြီး နေရာယူစရာဘဲဆိုပါတော့ အဲလိုအချိန်ရောက်လာရရင် ကိုယ့်အကျိုးစီးပွါးကို ကြည့်လာတတ်ကြတယ်။ ဒီကရှေ့ ပိုတွေ့လိမ့်မယ်။ ဒီကြားထဲ အုပ်စုလိုက်၊ ပါတီလိုက်က ဆွဲဆောင်တာ၊ ဖျားယောင်းတာ၊ မက်လုံးပေးတာတွေ ပိုရှိလာမှာမို့ ပါသွားကြအုံးမယ်။ အခုလဲရှိနေပါပြီ။ ခေါင်းဆောင်ပိုင်းနဲ့ ခေါင်းဆောင်မဟုတ်သေးသူတွေ နှိုင်းယှဉ်ချက်ကိုတော့ အပြစ် သိပ်မတင်ချင်ပါဘူး။ စာဖတ်နည်းကြတာနဲ့ နီတိနဲ့ဝေးသွားတာတွေကြောင့်ဖြစ်မှာပါ။ နမူနာယူစရာတွေ ရှားပါးသွားတာလဲ ပါမယ်။ ခုတော့ ဒီအတွက် လုံးပမ်းနိုင်လာနေပြီ ထင်ပါတယ်။ တချို့လူငယ်၊ လူလတ်ပိုင်းတွေကို အတော်အားရတယ်ဗျာ။

၎-၁ဝ-၂ဝ၁၂
Shwe Htide
ဆရာရေ ရှေ့ဆက်လှမ်းရမယ့် လမ်းတွေအတွက် လမ်းညွှန်ပါဦးဗျ။

လမ်းညွှန်ရယ်တော့ မဟုတ်ပါ။ အကြံဥာဏ်သဘော ပြောတာပေါ့။ ကိုယ့်နယ်၊ ကိုယ့်အဆင့်၊ ကိုယ့်စိတ်ဝင်စားမှု၊ ကိုယ့်အတတ်ပညာအရ ကိုယ်တိုင်ဘဲ ဆုံးဖြတ်ရမယ်။ ရွေးချယ်ပြီး လုပ်တဲ့နယ်ပယ်မှာ နေရာတခု ယူလုပ်ရမယ်။ တကိုယ်တော်လဲ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အသင်းအဖွဲ့နဲ့လုပ်သလောက် တာမသွားသူး။ ရွေးချယ်မှုရော နေရာရောက တသမတ်တည်းတော့ ဟုတ်ချင်မှ ဟုတ်မယ်။ တက်သွားတာ၊ တိုးလာတာဖြစ်နိုင်တယ်။ ဥပမာ နေရာအပေးခံရတာ၊ ရွေးချယ်တင်မြှောက်ခံရတာမျိုး။ နေရာမတူတော့ တာဝန်မတူတော့ဘူးပေါ့။

နယ်ပယ်ကျယ်အောင်ချဲ့သင့်တယ်။ တိုးတက်မှုရှိနေရမယ်။ ရလဒ်ဆိုတာရော ကိုယ့်အရည်အချင်း (အသိပညာ + အတွေးအမြင်) ပါ တိုးတက်နေရမယ်။ ခုနေမှာ အကောင်းဆုံးကို ရွေးလုပ်မှာပါဘဲ။ ဒါပေမဲ့ နောင်တချိန်မှာ ဒိထက် ပိုကောင်းတာကို ကိုယ်တိုင် သိမြင်လာမှာဖြစ်တယ်။ ဒါကြောင့် ခုနေအချိန်မှာ မအောင်မြင်သေးတာ၊ ဝေဖန်ခံရတာ စတာတွေဟာ ကိုယ်ကအကောင်းဆုံးလုပ်ရက်သားနဲ့လို့ တခြားကို အပြစ်မြင်တာ နည်းစေရမယ်။

တဖြေးဖြေး တည်ငြိမ်မှုရလာမယ်။ လူတိုင်းတော့ အဲလိုတိုးတက်လာကြတာတော့ မဟုတ်ဘူး။ တချို့ဆိုရင် ၁ဝ နှစ်နေလဲ ဒီလိုဘဲ။ တချို့ကအတတ်မြန်တယ်။ ဆရာတို့ အပြင်မှာ ခုထိ ၁၉၈၈ အဆင့်က မတက်သေးသူတွေရှိတယ်။ နောက်မှရောက်ပြီး အားကိုးထိုက်သူတွေလဲ ရှိတယ်။