Wednesday, September 19, 2012

Lady and the Lama (လေဒီ) နဲ့ (လာမာ)

၁၉-၆-၂ဝ၁၂ နေ့က လန်ဒန်မှာ နိုဗယ်ငြိမ်းချမ်းဆုရှင် နှစ်ဦးဖြစ်ကြတဲ့ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမာ (၁၄) နဲ့ ဒေါ်စုတို့ တွေ့ကြတယ်။ ဒလိုင်လားမားဟာ ဒေါ်စုရောက်မလာခင် ဟော်တယ်မှာ လုံခြုံရေးတွေ အထပ်ထပ်ကြားက အခေါက်ခေါက် လမ်းလျှောက်နေရင်း စောင့်နေခဲ့တယ်။ တွေ့လဲတွေ့ရော ထိတွေ့နုတ်ဆက်တာ တမိနစ်လောက်ကြာမယ်။

စကားတွေ ပြောကြတယ်။ ဆွေးနွေးကြတယ်။ အမြင်ချင်းဖလှယ်ကြတယ်။ ဒါတွေကို ဘယ်ဘက်မှ ထုတ်မပြောကြပါ။ ငြိမ်းချမ်းဆုရှင်နှစ်ဦး တွေ့ဆုံကြတာသာဖြစ်လို့ ငြိမ်းချမ်းရေးစကားတွေ ပြောကြတယ် ဥပမာ ဒလိုင်းလာမားက ဒေါ်စုကို မြန်မာပြည်တခုတည်းအတွက်မက တကမ္ဘာလုံးအတွက်ပါ လုပ်စေချင်တယ်လို့ တိုက်တွန်းတယ်။

ဒေါ်စုနဲ့အတူ မြန်မာဆရာဝန်မလဲပါလာတော့ မြန်မာတိုင်းရင်းဆေးထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ မေးတယ်။ Balm (ဘမ်း) လို့ပြောတော့ ဒိလိုင်းလားမားက “ဗမာဆေးက Tiger balm ထက်ကောင်းမယ်ထင်တယ်” တဲ့။ သိတဲ့အတိုင်း (တိုက်ဂါ-ဘမ်း) ဆိုတာ တရုတ်ကနေလာတာ မဟုတ်လား။

ပြန်ကာနီး ဒေါ်စုက “တပည့်တော်တို့ ဗုဒ္ဓဘာသာထုံးစံအရ ထိုင်ပြီးကန်တော့ပါရစေ” လို့ ခွင့်တောင်းပြီး ဦးသုံးကြိမ်ချ ကန်တော့တယ်။ ပြီးတော့ လက်ဆွဲနုတ်ဆက်ကြတယ်။ တကမ္ဘာလုံးကို ခရီးထွက်နေတဲ့ ဒလိုင်းလားမားအနေနဲ့ ဘယ်သူနဲ့ဖြစ်ဖြစ် လက်ဆွဲနုတ်ဆက်တာ၊ ရင်ချင်းအပ်နုတ်ဆက်တာ အမြဲလုပ်ရတယ်။ ဒလိုင်းလားမားကလဲ ဟာသဥာဏ် ရှိသူဖြစ်တယ်။ “ထေရဝါဒ ဗုဒ္ဓဘာသာထုံးစံအရ ဘုန်းကြီးဆိုတာ တကာမရဲ့ လက်ကိုမထိရဘူး မဟုတ်လား” လို့ ပြောလိုက်တယ်။

တင်္ခဏုပ္ပတ္တိဉာဏ်ရှိတဲ့ ဒေါ်စုကပြန်ပြောပါတယ်။ “ကိုယ့်အသားကို ဘယ်သူထိခွင့်ရှိသလဲဆိုတာ ကျမတို့မှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် မဟုတ်ပါလား” တဲ့။ မြန်မာအမျိုးသမီးများရဲ့ သဘောစရိုက်ကိုပါ ပြောပြလိုက်တာလို့ ယူဆနိုင်မယ် ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၂