Friday, September 28, 2012

Facebook မှာစကားပြောခြင်း (၁)

၂၇-၉-၂ဝ၁၂ လက်ရှိအခြေအနေကို ဘယ်လိုသုံးသပ်လဲဗျ။

A: ပြောရရင် အရှည်ကြီးနေမယ်။ ဆရာဦးဝင်းတင် အင်တာဗျူးတွေကို လုံးဝ သဘောတူပါတယ်။ ဒေါ်စုက ထိန်းသိမ်းပြော၊ ဦးဝင်းတင်က ဝေဖန်ရေးနဲ့ မကြောက်မရွံ့ပြော။ ကျွန်တော်တို့ကလဲ ဝေဖန်ရေးဘဲ။ လိုအပ်နေတာတွေ အများကြီးနဲ့ မယုံသင်္ကာဖြစ်တာ ကြီးမားတယ်။

Q: ၂၈-၉-၂ဝ၁၂ ကျွန်တော်တို့ ပြည်တွင်းအခြေက ပြောင်းလဲတယ်ဆိုပေမဲ့ အပေါ်ယံဘဲဖြစ်နေပြီး အောက်ခြေထိ မရောက်ဘူးလို့ ခံစားနေရတယ်ဆရာ။

A: အံ့သြစရာတော့ မဟုတ်ပါ။ အားမရလဲ မဖြစ်လှပါ။ အပြောင်းအလဲတခုမှာ ညင်သာချင်ရင် တဖက်လူတွေ ဘက်ကနေလဲ တွေးရတယ်။ ဒါကိုနားလည်မှ ပိုမြန်အောင်၊ ပိုမှန်အောင် ဘယ်လိုလုပ်ရမလဲ သိမယ်။ ပြောင်းစရာတွေက များလွန်းလို့ ရသလောက် အမြတ်ချည်းလို့ အောက်မေ့ရင် သက်သာတယ်။ ပိုအရေးကြီးတာက ဒီအတွက် ဘာလုပ်ရမလဲ။ ငါဘာလုပ်နေသလဲ။ ဝဖန်တာ လွယ်တယ်မဟုတ်လား။ နိုင်ငံရေးလုပ်သူတိုင်း အပြုသဘောမြင်တတ်မှ ရေရှည်သွားလို့ ရတယ်။ စိတ်ပျက်လက်ပျက်နဲ့ ဆဲပြီး ဘေးထွက်နေသူတွေလဲ ရှိမှာပေါ့။ နေပါစေလို့ သဘောထားရတယ်။

Q: ဆရာရေ ဘေးလဲမထွက်ပါဘူးဗျာ ဆဲလဲမဆဲဖြစ်ပါဘူး။ လုပ်စရာရှိတာ လုပ်နိုင်တာတွေ လုပ်နေပါတယ်။ ဒါပေမယ့် သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်ရင်လဲ အာဏာနဲ့နေရာအတွက် လုပ်ကြရင်း တိုင်းပြည်ဒီလိုဖြစ်ခဲ့တယ်လိုထင်ပါတယ်။ နှစ် 20 ကျော်အတွင်းမှာ ထင်မထားလောက်အောင် လူတွေရဲ့အယူအဆတွေပြောင်း သွားတယ်လို့ယူဆပါတယ်။ ဆရာတို့လည်း အများကြီး အနစ်နာခံခဲ့ကြတာပါဘဲဗျာ။ အပြောင်းအလဲတခုကို မြင်ခြင်မယ်လို့ထင်ပါတယ်။ မြင်ခြင်လို့လဲ လုပ်ခဲ့ကြတာလို့ ထင်ပါတယ်ဗျာ။ ပြည်တွင်းမှာ လုပ်သင့်တာတွေလဲ အကြံပြုပါဦးခင်ဗျား။

A: ဆောရီးဗျာ။ ကျွန်တော်က ဘယ်သူတွေက ဘာပြောတယ်လို့ ထောက်ပြချင်တာ မဟုတ်ပါ။ အဲလိုလုပ်သူတွေလဲ ရှိတာဘဲလို့ ယေဘုယျပြောတာပါ။ ဟုတ်တယ်။ လူတွေက ပြောင်းသွားတာ အမှန်ဘဲ။ ဖြစ်စဉ်သဘောအရ ပြောင်းတာရော အပြောင်းခံရတာရောဘဲ။ သမိုင်းအမှားတွေ၊ အတုယူစရာအလွဲတွေ၊ ဖတ်စရာ၊ သင်ယူစရာ အားနည်းတာတွေ၊ နောက်ပြီး ဆင်းရဲမှုကြောင့် မကျေနပ်မှုတွေ၊ ဒေါသတွေ မထွက်သင့်ဘဲ ထွက်စေခဲ့တယ်။ ဒီတော့ အမြင်တွေက တမျိုးဖြစ်ရော။ ဒါပေမဲ့ အဲလိုလူတွေစုဝေးနေတာကိုက “လူထု” ဘဲဖြစ်တော့ လိုက်လျှောညီထွေတာဘဲ လုပ်ရမှာဘဲ။ အထဲကနေဖြစ်ဖြစ် အပြင်ကဖြစ်ဖြစ် နိုင်ငံရေးဘဲပြောပါတော့ လုပ်ချင်သူတိုင်း၊ အစုအဝေးမရှိဘဲ လုပ်မရပါ။ အသင်းအပင်း ရှိရမယ်။ တိုင်ပင်ပြီး လုပ်ရမယ်။ ငါကသိလို့၊ ငါကအသက်ကြီးလို့၊ ငါကနိုင်ငံခြားအတွေ့အကြုံရှိလို့ စတဲ့ ငါတွေအတွက် နေရာဝင် မယူချင်သင့်ကြဘူး။ လုပ်စရာတွေ များလွန်းလို့ သန်ရာ၊ နိုင်ရာမှာ ဇောက်ချလုပ်တာ ရလဒ် မြင်ရမယ်။ စိတ်လဲ ချမ်းသာမယ်။ ကနေ့ ငါဒါလေးလုပ်လိုက်တယ်လို့ ပြန်ဆင်ခြင်ရင်း ပီတိဖြစ်ပါ။ နောက်နေ့အတွက် အားဖြစ်မယ်။ စာတော့ဖတ်ကြရမယ်။

Q: ဆရာရေ စာဖတ်ဖို့တော့ တော်တော်လုပ်ယူရမယ် ထင်တယ်ဗျာ။ ဆရာလည်း facebook ကို ကြည့်မှာပါဘဲ။ စာဖတ်ကြသလား ဆိုတာတွေ့မှာပါ။ ဒီမှာက အာဇာနည်နေ့တောင် အဆိုတော် Rဇာနည်ရဲ့ မွေးနေ့နဲ့ မှားနေတဲ့ ကလေးတွေ တော်တော်များနေတယ်ဗျာ။ ကျွန်တော့ကိုယ် တွေ့ပါဗျာ။ မတွေးတတ်ကြတော့ဘူး။ အသေမှတ် ကြတာများတယ်။ ခိုင်းတာဘဲ လုပ်တတ်ကြတော့တာ၊ လုပ်တာတောင် ကိုယ့်အတွက်ဘာအကျိုးရှိမှာလဲ အရင်စဉ်းစားတာဗျ။ အကျိုးမရှိဘူးထင်ရင် လှည့်မကြည့်တော့ဘူးလေ။ စိတ်ပျက်လက်ပျက်ပြောနေတာ မဟုတ်ပါဘူးဗျာ။ ဖြစ်နေတာတွေ သိစေခြင်လို့ပါဗျာ။

A: ဟုတ်ပြီဗျာ။ ခင်ဗျားဆွေးနွေးတာတွေ ပြန်ရေးရင်း စာလေးတပုဒ် ဖြစ်မယ်ထင်တယ်။ ကျွန်တော်လဲ အဲလို ဖြစ် (ပျက်) နေတာတွေ သတိထားမိတာ ကြာပြီ။ ကိုယ်တိုင်သိရတာတော့ ကိုယ့်အနားကလူတွေပေါ့။ အင်တာဗျူးတွေဘာတွေ မေးရတယ်။ မြန်မာပြည်ကို ကိုလိုနီလုပ်တာ၊ တရုတ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဖက်ရှင်မင်းသမီးတို့ ဖြေကြတယ်ဗျ။ နောက်ပြောင်တာ မဟုတ်ဘူး။ အလုပ်ရချင်လို့၊ ပညာတော်သင်ရချင်လို့ ဖြေကြတာတွေပါ။ ထားလိုက်ပါဗျာ။ ဒါတွေပြင်ဘို့ အချိန်လဲပေးရမယ်။ အခြေခံကနေပြင်ယူရမယ်။ အခြေခံဆိုတာ၊ ပညာရေး၊ ဒီအထဲကမှ မူလတန်း။ စာရိတ္တပိုင်း၊ စိတ်ထားပိုင်းလဲ တချို့ မျိုးဆက်တဝက်လောက် သုံးရချင်မှ ရတော့မယ်ထင်ရတယ်။ အဆိုးကြာထဲကနေ ပြင်ကြရမှာပေါ့ဗျာ။ အုံလိုက်ကျင်းလိုက် ဝိုင်းလုပ်ရမှာဗျ။ ကျွန်တော်တော့ အကောင်းမြင်ကနေ တတ်နိုင်သလောက် ကြည့်ပါတယ်။ ဘာသာရေး၊ ပညာရေး၊ မီဒီယာ၊ နိုင်ငံရေးနယ်ပယ်တွေမှာ လူတော်ကြီးတွေ ကျန်ပါသေးတယ်။

၁-၁ဝ-၂ဝ၁၂
ဝန်ကြီး ဦးစိုးသိန်း နယူးယော့ခ်မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့တုံးက ပြောသွားတာတွေက စိတ်ဝင်စားဘို့ ကောင်းတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ များများပြောသွားတယ်။ နဝတ လက်ထက်မှာ ဗခက-စောမောင်ရဲ့ မာရသွန်မိန့်ခွန်း၊ နအဖ လက်ထက် သတင်းစာရှင်းလင်းပွဲတွေမှာ ဗခ-ခင်ညွန့်ပြောတာတွေနောက်မှာ ဒါ အရှည်ဆုံးထင်တယ်။ အပြောကောင်းတိုင်း မယုံသင့်တာကို လျှော့တွက်မရသလို မှန်မယ်ထင်တာတွေ ကောက်ယူဘို့လဲလိုမယ်။ သူတို့ဘာလို့ အဲလိုလုပ်နေသလဲ ဆိုတာတွေ သူ့အဆိုအတိုင်းသိရတာကို အကျိုးရှိပါတယ်။