Friday, November 15, 2013

ယှဉ်ပြိုင်ခြင်းသည်အဓိက သို့မဟုတ် အဝေးရောက်အစိုးရ

၁၈-၁၂-၁၉၉ဝ နေ့ကစတင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ NCGUB ကို ၁၄-၉-၂ဝ၁၂ နေ့ကစပြီး အစိုးရအဖွဲ့ ကိုယ်တိုင်ကနေ ဖျက်သိမ်းလိုက်ပါပြီ။ အဝေးမရောက်ခင်က မြန်မာပြည်မြေပေါ်မှာ ထူထောင်လိုက်တာဖြစ်လို့ "စင်ပြိုင်အစိုးရ" လို့ သုံးနှုံးပါတယ်။ နိုင်ငံတကာမှာလဲ Parallel government လို့ ခေါ်ကြတယ်။ တကယ်တော့ "တရားဝင်အစိုးရ" ထူထောင်ချင်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို နယ်စပ်ပြန်ဘို့ ဖြတ်သွားရတဲ့ ထိုင်းနိုင်ငံက ဗီဇာပိတ်လိုက်ပြီးနောက် ဝါရှင်တန်-ဒီစီမှာ ရုံးဖွင့်လိုက်ပေမဲ့ “အဝေးရောက်အစိုးရ” လို့ မသုံးခဲ့သေးပါ။ “မာနယ်ပလော” ကျသွားမှ Exile အဝေးရောက် ဖြစ်လာတယ်။ “နာမည်ဆိုး” ပေးတတ်တဲ့ အပြိုင်ခံ အာဏာသိမ်းစစ်အစိုးရကတော့ “ပြည်ပြေးအစိုးရ” လို့သာ သတင်းစာ ရှင်းလင်ပွဲတွေမှာ သုံးတယ်။

"ညွန့်ပေါင်း" ဆိုတဲ့ အဓိပ္ပါယ်ဟာ နိုင်တဲ့သူအကုန်ယူ မဟုတ်တဲ့အချက် သာမကဘဲ "ပြည်ထောင်စု" သဘော တွဲကြ၊ ပေါင်းကြရမယ် ဆိုတာလဲပါတယ်။

အဖွဲ့အစည်း ဖျက်နည်းတွေထဲက လူတဦးချင်းကို ဖဲ့ထုတ်နည်းကို အရင်ဆုံးအသုံးခံရလို့ ဗွေဆော်ဦး (၃) ဦးပြန်ဝင်တယ်။ မခံနိုင်တဲ့သူတွေက (လက်နက်မပါလို့) လက်မှိုင်ချပြီး တယောက်ချင်းရော အစုလိုက်ပါ ပြန်ဝင်ကြတယ်။ အစိုးရဖွဲ့ရေးနဲ့ အဓိက ပတ်သက်သူတွေကို ထောင် ၂၅ နှစ်စီချတယ်။ ဆက်စပ်နေသူမှန်သမျှကိုလဲ ထောင်ဘဲချတယ်။ တခြား အကြောင်းတွေရောကြောင့်ပါ ရာဂဏန်းမကဟာ အမတ်အဖြစ်ကနေ နုတ်ထွက်ခိုင်းတာ ခံကြရတယ်။ အဆုံးစွန်နည်း ဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်တာခံရလို့ အထဲမှာ ၃ ဦး၊ အပြင်မှာ ၂ ဦး အသက်ပေးလိုက်ကြရတယ်။ (၂၂) နှစ်အတွင်းမှာ အရင်းအနှီး ကြီးလွန်းခဲ့ပါတယ်။ ဖျက်လိုက်တော့မယ်လို့ စဉ်းစားကြတဲ့အခါ ဒါတွေအားလုံးကို ခေါင်းထဲမှာ ထည့်ရပါတယ်။

“သူများဖျက်လို့ ပျက်တာမဟုတ်တဲ့အချက်ဟာ လွယ်လွယ်နဲ့ဖြစ်နိုင်ခဲ့တာ မဟုတ်ပါ။”

အဖွဲ့အစည်းထဲကလူတွေ အသက်ရပြီး၊ အလုပ်ဆက်မလုပ်ချင်ကြလို့ ဖျက်လိုက်တာမဟုတ်ပါ။ အပြင်မှာ လုပ်စရာတွေ မရှိတာ့လို့လဲ ဖျက်လိုက်တာ မဟုတ်ပါခင်ဗျား။ နိုင်ငံတကာကနေ အထောက်အကူတွေ မပေးတော့တာက ၃ နှစ်ရှိပါပြီ။ ဒါကြောင့်လဲ မဖျက်ခဲ့ပါ။ NCGUB ဖျက်သိမ်းရတဲ့ တခုတည်းသော အကြောင်းတရားက "နိုင်ငံရေး" ဖြစ်တယ်။

နိုင်ငံရေး အခြေအနေဆိုတာ တသမတ်တည်း မနေပါ။ ၁၉၉ဝ ရွေးကောက်ပွဲကို အခြေခံခဲ့တဲ့ NCGUB အစိုးရဟာ ဒီအချက်ကို စွဲစွဲမြဲမြဲ ကိုင်ထားခဲ့တယ်။ ရွေးကောက်ပွဲပြီးတာ ၄-၅ နှစ် ကြာတော့ ရွေးကောက်ပွဲရလဒ်ဟာ ဘောင်မဝင်တော့ဘူးလိုလို ပြောဆိုလာခဲ့သူတွေထဲမှာ အပြိုင်ခံအစိုးရတခုတည်း မဟုတ်ဘဲ၊ မလိုလားသူတွေနဲ့ ဝေဖန်တိုက်ခိုက်သူ အဖြူတွေရော မြန်မာတွေပါ ပါတယ်။ လက်တွေ့ကျကျ ၁၉၉ဝ ရွေးကောက်ပွဲ ခံလိုက်ရတာကတော့ နောက်ထပ်ကျင်းပလိုက်တဲ့ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ ဖြစ်တယ်။ သူတို့တတွေလဲ ဒါဖြစ်လာအောင် အနှစ် (၂ဝ) လုပ်ခဲ့ကြရတယ်။ “ဒီအဆင့်အထိလဲ NCGUB ကို ဖျက်ဘို့ မစဉ်းစားခဲ့သေးပါ။”

၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ထားခဲ့ရတော့မဲ့ အခြေအနေကတော့ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲသာ ဖြစ်တယ်။ ဒါလဲ NLD ကြားဖြတ် ရွေးကောက်ပွဲကို ဝင်နိုင်တယ်၊ ဝင်မယ်၊ နိုင်လိုက်တယ်ဆိုတဲ့ အခြေအနေသစ်ကြောင့်သာ ဖြစ်ပါတယ်။ NCGUB သန္ဓေတည်ဘို့ လုပ်ကြတာက NLD အမတ်တွေနဲ့ NLD စည်းရုံးရေးမှူးတွေဖြစ်လို့ NLD ရဲ့ အခန်းကဏ္ဍဟာ ဒီနေရာမှာလဲ အခရာကျတယ်။ NLD ကို NCGUB က စဉ်ပြိုင်နေတယ်လို့ နည်းနည်းလေးမှ အထင်မခံနိုင်ပါ။ NLD ခေါင်းဆောင်တွေလဲ အပြင်ကို ထွက်လာနိုင်ကြပြီဆိုတဲ့အချက်က တွန်းအားတရပ် ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရော၊ တခြားခေါင်းဆောင်တွေပါ ပြည်ပကိုထွက်ပြီး လေ့လာနိုင်၊ ပြောနိုင်၊ ဆိုနိုင်ကြပါပြီ။ အပြင်ကလဲ အရင်က အပြင်ရောက်နေသူတွေကို စကားပြောစဉ်မြင့်တွေမှာ နေရာပေးစရာ သိပ်မလိုတော့ဘူး ဖြစ်လာတယ်။

“မြန်မာပြည် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေးသို့ ဦးတည်သော အမျိုးသားပြန်လည်သင့်မြတ်ရေး အဆိုပြုချက်” တရပ်ကို NCGUB က ဦးဆောင်လို့ ၁၂-၈-၂ဝဝ၉ နေ့မှာ ဂျကာတာညီလာခံ ကျင်းပပြီး၊ နိုင်ငံတကာကို တင်ပြခဲ့ကြတယ်။ အင်းစိန် အကျဉ်းထောင် အရာရှိဧည့်ဂေဟာမှာ နေရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂ဝ-၅-၂ဝဝ၉ နေ့မှာ “အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် အချိန်မနှောင်းသေးချေ” ဆိုတဲ့ စာတမ်းတခု ထုတ်ခဲ့တဲ့တာ (၃) လလောက်သာ ကွာပါတယ်။ သတိချပ်စေချင်လို့ပါ။

ကနေ့ကာလမှာ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲနိုင်တာတွေမှာ တွဲလုပ်လာနေကြတာကို အမျိုးသား ပြန်လည် သင့်မြတ်ရေးဆီ ဦးတည်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ အပြင်နဲ့အထဲ လားရာတူညီမှုတခု ရလာတယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့် ကိုယ်ကနေ အပြိုင်ဆက်ရှိနေတာကို ပြင်ရတော့မယ်လို့ ယုံကြည်လာတယ်။ စင်ပြိုင်အစိုးရတရပ်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ခလုတ်ကန်သင်းတခု မဖြစ်သင့်ဘူး မဟုတ်ပါလား။

ဖျက်တော့မယ်ဆိုတာ ကိုယ်ပိုင်အယူအဆပါ။ "ပွဲစားကလာ ဆွေးနွေးတာ မဟုတ်ပါ။"

NCGUB အစိုးရအဖွဲ့ထဲမှာ နောက်ဆုံးအချိန်ထိ ပါဝင်တာဝန်ယူနေသူတွေက ပြည်တော်ပြန်ရေး လမ်းခင်းတာလား မထင်စေချင်ပါ။ ပြည်တွင်းမှာ နိုင်ငံရေး အင်အားစုတွေ အများကြီး အားကောင်းနေပြီ။ လူထုအခြေပြု အင်အားစုတွေလဲ တိုးတက်လာပြီ။ မီဒီယာလဲ အတော်လွတ်လပ်လာပြီ။ ဒါပေမဲ့ နိုင်ငံရေး အလားအလာဟာ ဝိုးတဝါးဘဲ ရှိနေသေးတယ်လို့ ယူဆတယ်။ ရှင်းလင်းတော့မှ၊ ကြည်လင်တော့မှ ပြန်လာမဲ့သဘောတော့ မဟုတ်ပြန်ပါ။ အပြင်မှာ လုပ်စရာတွေ ရှိနေသေးတာ အမှန်ပါ။ အဝေးကနေလဲ လူတိုင်းကနေ လုပ်နိုင်သလောက် ဆက်လုပ်ကြရမယ် ထင်ပါတယ်။

ကိုယ့်ပါတီ၊ ကိုယ့်မဲဆန္ဒနယ်နဲ့ မြန်မာပြည် နိုင်ငံရေးအခြေအနေက ကျနော်တို့ကို ဘယ်နေရာမှာ ပိုလိုအပ်သလဲ ဆိုတာ ပေါ်မှာ မူတည်ပြီးတော့ NCGUB အလွန်ကာလကို ကျွန်တော်တို့ ခရီးဆက်ကြပါမယ် ခင်ဗျား။

“၂၂ နှစ်တာ မာရသွန်ခရီးမှာ ယှဉ်ပြိုင်ခြင်းသည်သာအဓိက ဆိုတဲ့ထုံးကို နှလုံးမူခဲ့ပါကြောင်း။”

ဓါတ်ပုံ = အီတလီနိုင်ငံ၊ တူရင်မြို့တွင်ကျင်းပခဲ့သည့် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂနှင့် ဒီမိုကရေစီ အင်အားစု အဖွဲ့အစည်းများ အထူးအစည်းအဝေး

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၂