Sunday, November 3, 2013

ဆရာ ပြန်လာမှာလား

(ဓါတ်ပုံလေးမှာ ကျွန်တော်က ဂျာကင်အညိုရောင်၊ ဘောင်းဘီရှည် ဘိုသီဘတ်သီနဲ့ ကိုယ့်တိုင်းပြည်ကနေ တဖက်နိုင်ငံကို စပြီးခြေချရတဲ့ ၂၁-၁၂-၁၉၉ဝ နေ့က ရိုက်ခဲ့တာဖြစ်ပါတယ်။ ဒီစာကိုရေးခဲ့တာ ၂ဝ၁၂ သြဂုတ်လ နောက်ဆုံးနေ့ကပါ။ တနှစ်နဲ့ ၃ လ ကြာခဲ့ပါပြီ။ နောက်ထပ် လုပ်ဖေါ်ကိုင်ဖက်တွေ ပြည်တွင်းထဲပြန်ဝင်ပြီးသကာလ၊ သူတို့ သန်ရာသန်ရာ ရတဲ့နေရာတွေမှာ လုပ်လာကြာတာတွေ ပိုမြင်လာရပါတယ်။ ကျွန်တော့်ဆင်ခြေတွေ မပြောင်းနိုင်သေးပါ။ ကျွန်တော့်ရဲ့ ယိုယွင်းပျက်စီးနေတဲ့ အိမ်နဲ့ဆေးခန်းလေးက စောင့်နေမှန်း သိပါတယ်။ နာမည်ဆိုင်းဘုတ်ကလေး မပျက်စီးသေးတာလဲ သိပါတယ်။)

သူများတွေ ပြန်ကြတဲ့သတင်းတွေ၊ ဓါတ်ပုံတွေ တွေ့နေရတယ်။ တခါမှာဖြေခဲ့ဘူးသလို အပြင်မှာနေကြတာသာ တူပေမဲ့ တခြားဟာတွေမှာ မတူကြဘူး။ လူတဦးနဲ့တဦး မတူကြတာ သဘာဝပါ။ တချိန်မှာတွဲပြီး တချိန်မှာ တခြားစီလုပ်ကြတာလဲ ဓမ္မတာပါဘဲ။ ကျွန်တော် ပြန်ဖြစ်ရင်တော့ ဆွေမျိုးရင်းခြာတွေနဲ့ ကျန်းမာရေးနဲ့ဆေးပညာ စာဖတ်သူတွေကနေ (ဗီနိုင်းလ်) ပိုစတာမပါပဲ ကြိုကြမှာဘဲ။ နိုင်ငံရေးလုပ်တာက နယ်မှာ၊ ဆရာဝန်လုပ်တုံးကလဲ တောမှာဆိုတော့ နေပြည်တော် မပြောနဲ့ ရန်ကုန်တို့၊ ဗဟိုတို့မှာ ကိုယ့်သိတဲ့သူ မရှိသလောက်နည်းတာကိုး။

ရန်ကုန်ရောက်လဲ တည်းခိုစရာ မပူရလောက်ပါ။ ဦးဇင်းတပါးက (ရင်းနှီးလို့ ဆရာတော်လို့ မခေါ်ပါ) သူ့ကျာင်းက အကျယ်ကြီးတဲ့။ ကျန်းမာရေးမေးခွန်း မေးသူတယောက်ကလဲ “ဆရာ မြန်မာပြည်ပြန်ရင် ကျွန်တော့်ဆီမှာ လာနားပါလား၊ ဖြစ်သလိုပေါ့” တဲ့။ ဖိတ်ခေါ်သူဟာ ဘယ်သူဆိုတာတော့ မှတ်မထားမိပါဘူး။ အဲဒီ “ဖြစ်သလိုပေါ့ စေတနာ” ဟာ ချောင်းသာထက် စိတ်ချမ်းသာဘို့ ကောင်းမယ်။ မေးခွန်းမေးတဲ့ မိန်းကလေးတယောက်ကလဲ “ဆရာ ကျမယောက်ျားမှာ ဟော်တယ်ရှိတယ်။ လာတည်းရမယ်တဲ့။”

တချို့ကလဲ အထဲမှာနေတယ်ထင်ပြီး၊ ဆရာ့ဆီလာပြချင်တယ် ပြောထားကြလို့ ဆေးခန်းဖွင့်ရင်လဲ အဆင်ပြေမှာဘဲ။ ဆရာဝန်လိုင်စင် ပြန်ရရင်ပေါ့။ ကနေ့မနက်ဘဲ နိုင်ငံရေးမလုပ်ကြတဲ့ လင်-မယားနှစ်ယောက်က “ဆရာတို့လို ပညာတတ်တွေ လွှတ်တော်ထဲရောက်ရင် သိပ်ကောင်းမှာ” လို့ ပြောတယ်။ ပညာတတ်ဆိုတာ ဆရာဝန်ဖြစ်လို့ ပြောချင်တာ နေမယ်ထင်တယ်။ အမည်းကနေ အဖြူ ဖြစ်လာသူတွေထဲမှာ ဆရာဝန်တွေ အများကြီးပါတာကို ကျွန်တော်ကတော့ ဂုဏ်ယူတယ်။ စာရင်းထဲမှာ ဒေါက်တာတိုင်းက ဆရာဝန်မဟုတ်သလို၊ ဒေါက်တာမပါတဲ့ ဆရာဝန်တွေလဲ ပါနေတယ်။

ကျွန်တော်လဲ အယူနဲနဲသီးတယ်။ ဆေးကျောင်းမရောင်ခင် သွားဖြေတဲ့ DSA 11 မှာ ဖြေရတာမှန်သမျှ အောင်ပေမဲ့ ခေါ်တဲ့အထဲမှာမပါဘဲ စစ်ဗိုလ်နဲ့လွဲသွားတယ်။ ဒါပေမဲ့ ရေစက်ပါသလား မသိဘူး။ အလုပ်သင်ဆရာဝန် ဖြစ်တော့ မေမြို့စစ်ဆေးရုံမှာ တာဝန်ကျပြန်တယ်။ စစ်တပ်နဲ့က အတော်အကျိုးမပေးဘူး ထင်ပါရဲ့ စစ်ဆေးရုံမှာ တလသာ နေရပြီး မန္တလေးပြောင်းရတယ်။ ထောင်ဇာတာကလဲ ပါပုံ (ပါသေးပုံ) မရဘူး။ ဇနီးသည်ကြတော့ အိမ်ထဲကနေ နိုင်ငံရေး လုပ်တာတောင် ထောင်ထဲနေလိုက်ရတယ်။ ကိုယ့်အတွက် ကိုယ်စားခံရတဲ့ ညီအရင်းက လေးနှစ်တင်းတင်း ထောင်ကျတယ်။

လွှတ်တော်ထဲဆိုတာတော့ မဖြစ်လောက်တော့ဘူး။ ဖြစ်စရာလဲ မလိုလောက်ဘူး။ လုပ်နိုင်သူတွေရော လုပ်ချင်သူတွေပါ တပုံကြီး။ အနှစ် ၂ဝ ကျော် “အော်” နေခဲ့သူဆိုတော့ ကနေ့လွှတ်တော်ယဉ်ကျေးမှုမျိုးနဲ့ ကိုယ်နဲ့ ကိုက်မယ်မထင်ဘူး။ လွှတ်တော်အပြင်မှာက လူပိုလိုတယ်။ ၁၉၉ဝ မှာ လွှတ်တော်ကိုယ်စားလှယ်လို့ အစိုးရဂေဇက်မှာ ပါတာတောင် လွှတ်တော်မတက်ရဘူး။ အကျိုးမပေးဘူးလို့ ပြောရမလားဘဲ။ ကံတရားဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ကြပါ။

ငါပြန်ရင် ထွက်ပြေးရတုံးကလို နယ်စပ်ကနေ ခြေလျင်ပြန်ဝင်တာဘဲ ကောင်းမလား စဉ်းစားကြည့်တယ်။ တောလမ်းတွေ၊ တောင်တန်းတွေမှာ တိုးတိုးတိတ်တိတ်မို့ ကိုယ့်မသိလဲ ဧည့်ဝတ်ကျေချင်သူတွေ တပုံတပင်ရှိတယ်။ နိုင်ငံရေးကြောင့် ပြေးကြတယ်ဆိုတာ သိသွားတော့လဲ ခါးပုံထဲက ကြက်ဥထုတ်ပေးသေးတယ်။ ထိုင်းလေကြောင်းလိုင်း (တီဂျီ) က လေယာဉ်မယ်လေးတွေ ကြွေးတာထက် အရသာရှိတယ်ထင်တယ်။

အပြန်ခရီးတိုင်းဟာ အသွားထက်မြန်တယ်။ မပြန်သေးခင်တော့ စေတနာပါရင် ဘယ်သူမဆို ဘယ်နေရာမှာနေရနေရ အကျိုးရှိတာ လုပ်နေကြရမယ် မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၂
၎-၁၁-၂ဝ၁၃