Monday, August 27, 2012

လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့်ပတ်သက်၍ ဆရာဝန် (၈ဝ)ဦးက လက်မှတ်ထိုး၍ ပေးပို့

Credit to CJMyanmar
"လက်ထောက်ဆရာဝန် ရွေးချယ်ခန့်ထားရေးနှင့် ပတ်သက်၍ ဆရာဝန်များ၏ သဘောထားနှင့် တောင်းဆိုချက်များ"

၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယခုရွေးချယ်စစ်ဆေးမှုသည် မဆလ အစိုးရလက်ထက်တွင် အသုံးပြုခဲ့သော စနစ်ဖြစ်၍ ခေတ်နောက်ပြန်ဆွဲခြင်းတစ်မျိုးဟု ယုံကြည်ပါသည်။
၂။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှကျင်းပသော စာမေးပွဲ၏ ရည်ရွယ်ချက်နှင့် ပွင့်လင်းမြင်သာမှုမှာ ပြည့်စုံ လုံလောက်မှုမရှိဟု ယုံကြည်ပါသည်။
၃။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ စစ်ဆေးရွေးချယ်သော စာမေးပွဲသည် ဆရာဝန်များနှင့် ကိုက်ညီမှုမရှိသည့် အတွက် ရှိရင်းစွဲ လူ့စွမ်းအား အရင်းအမြစ်ကို အကောင်းဆုံးဖော်ထုတ် အသုံးချနိုင်မည် မဟုတ်ဟု ယုံကြည်ပါသည်။
၎။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်မှုသည် လက်ထောက် ဆရာဝန်အဖြစ် ကျန်းမာရေး စောင့်ရှောက်မှုပေးလိုသော ဆရာဝန် (၃ဝဝဝ) ကျော်ရှိသည့်အနက် ကျန်းမာရေးဝန်ကြီးဌာနအတွက် အမှန်တကယ်လိုအပ်သည့် လက်ထောက် ဆရာဝန်တစ်ဦး၏ အရည်အချင်းကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်ခြင်းမရှိဟု ယုံကြည်ပါသည်။
၅။ လက်ထောက် ဆရာဝန်ရွေးချယ်မှုတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စစ်ဆေးရွေးချယ်မှုကို မလိုလားသော်လည်း ဝန်ထမ်းကောင်းတစ်ဦးဖြစ်ရန် လေ့ကျင့်သင်ကြားမှုကို ခံယူရန်ဆန္ဒများ ရှိကြပါသည်။

ထို့ကြောင့် -
၁။ လက်ထောက် ဆရာဝန် ရာထူးခန့်ထားရေးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် သင့်လျော်သော ရွေးချယ်မှုပုံစံဖြင့် တိုက်ရိုက်ရွေးချယ်ခန့်ထားပေးပါရန်။
၂။ ရွေးချယ်ခန့်ထားရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှသာ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးပါရန်။
၃။ အနာဂတ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လက်ထောက်ဆရာဝန် ခန့်ထားရေးနှင့်ပတ်သက်၍ တိကျသော စီမံချက်များ၊ သတင်းထုတ်ပြန်ချက်များ၊ ကြိုတင်ပြုလုပ်ပေးပါရန်။
၎။ ဆေးပညာဘွဲ့ရ ဆရာဝန်တိုင်း စဉ်ဆက်မပြတ် ဆေးပညာသင်ကြားနိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင် ဆောင်ရွက်ပေးပါရန်။

သို့
ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
ရက်စွဲ-၂ဝ၁၂ ခုနှစ်၊သြဂုတ်လ(၂၇)ရက်

အကြောင်းအရာ။ ။ ခေတ်စနစ်နှင့်မလျော်ညီသော အလုပ်ဝင်ခွင့်ရွေးချယ်မှုပုံစံများကြောင့် ဘွဲ့ရဆရာဝန်များ၏ တွေ့ကြုံခံစားနေရသော အခက်အခဲများ။

၁။(က) ပြည်ထောင်စုမြန်မာနိုင်ငံတော် ယခင်တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံ့လူဦးရေနှင့် ဆရာဝန် အချိုးအစားကို ဒေသတွင်း အာဆီယံနိုင်ငံများနှင့် တန်းတူညီမျှဖြစ်စေရန် ဆရာဝန်အရေအတွက်အား တိုးမြှင့်မွေးထုတ်ခဲ့သည်။ ထိုသို့ တိုးမြှင့် မွေးထုတ်ခဲ့သော်လည်း နိုင်ငံတော်တာဝန် ထမ်းဆောင်ရန် ဆရာဝန်အလုပ်ခေါ်ခြင်း၊ ခန့်အပ်ခြင်းများကို အချိန်နှင့် တစ်ပြေးညီ ပြုလုပ်နိုင်ခြင်း မရှိသည့်အတွက် ၂ဝဝ၉ ခုနှစ်မှစ၍ အလုပ်လက်မဲ့ ဆရာဝန်ဦးရေ များပြားလာခဲ့ပါသည်။
(ခ) သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဝေဖန် ထောက်ပြမှု၊ ပြည်သူလူထု၏ တောင်းဆိုမှု၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှု တစ်စိတ်တစ်ဒေသအဖြစ် ကျန်းမာရေး အသုံးစရိတ်တိုးမြှင့်ကာ အလုပ်လက်မဲ့ဆရာဝန်များ လျော့နည်းလာစေရန်လည်းကောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ အလဟဿမဖြစ်စေရန်အလို့ငှာ ဆရာဝန်များ အလုပ်ခန့်ထားခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
(ဂ) လွန်ခဲ့သော ၁ဝ စုနှစ်ကျော်ကာလအတွင်း၌ လက်ထောက်ဆရာဝန် ခန့်ထားရေးတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ တိုက်ရိုက် ခေါ်ယူခန့်အပ်ခဲ့သော်လည်း ၂ဝ၁၁-ခုနှစ်စက်တင်ဘာလမှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တစ်ဆင့် ခေါ်ယူခန့်အပ်ခဲ့ပါသည်။ ၂ဝ၁၁-ခုနှစ်၊ စက်တင်ဘာလ (၃ဝ)ရက်နေ့တွင် လက်ထောက် ဆရာဝန် (၅ဝဝ) ကို ရွေးချယ် ခေါ်ယူခန့်အပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် စတင် အလုပ်ဝင်ရောက်နိုင်ခဲ့ပါသည်။ ယခု ၂ဝ၁၂ ခုအတွင်းမှာပင် လက်ထောက်ဆရာဝန် (၁၅ဝဝ) ထပ်မံရွေးချယ်ခန့်ထားရန် ၂-၇-၂ဝ၁၂ တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြော်ငြာ ခေါ်ယူခဲ့သည်ကို တွေ့ရပြီး သာမန်အားဖြင့် လက်ထောက်ဆရာဝန်ဖြစ်လိုသော လူငယ်ဆရာဝန်များ ကျေနပ် နှစ်သက်ကြသည်ကို သိရှိရပါသည်။

၂။ (က) သို့ရာတွင် ယခုကဲ့သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတဆင့် ဆရာဝန်များ အလုပ်ခေါ်ယူခန့်အပ်ခြင်းများကို အသေးစိတ် လေ့လာကြည့်လျှင် ဝင်ရောက်ဖြေဆိုသူဆရာဝန်များ၊ အများပြည်သူများ၏ အမြင်တွင် ဝေဖန်ဆန်းစစ်စရာများ၊ ဝိဝါဒ ကွဲပြားစရာများနှင့် မေးခွန်းထုတ်စရာများ ရှိနေသည်ကို တွေ့ရပါသည်။
(ခ) ပထမအကြိမ် လ/ထဆရာဝန် (၅ဝဝ) ခေါ်ယူရာတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ လူတွေ့ စစ်ဆေး မေးမြန်းခြင်းဖြင့် ရွေးချယ်ခဲ့ရာ ဝင်ရောက်ဖြေဆိုခဲ့သူများနှင့် လေ့လာသူများတွင် ဝေဖန်စရာ ထောက်ပြစရာများနှင့် မကျေနပ်မှုများ ရှိခဲ့ပါသည်။
(ဂ) လူတွေ့မေးမြန်းစစ်ဆေးရာတွင်လည်း အဓိကသက်ဆိုင်သော ကျန်းမာရေးဝန်ကြီးဌာနမှ အနည်းငယ်သာ မေးမြန်းခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ မေးမြန်းခဲ့သောမေးခွန်းအချို့မှာ ဖြေဆိုသူ ဆရာဝန်များနှင့် လုံးဝ မအပ်စပ်သော မေးခွန်းများ မေးခဲ့ခြင်းကို တွေ့ရပါသည်။ ဥပမာ-တံတားတစ်ခု၏ အရှည်ကို ပေဖြင့်အတိအကျမေးခြင်း၊ လမ်းအရှည်ကို မိုင်ဖြင့် အတိအကျ မေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကာလဖြစ်၍ ကမ္ဘာသိ အတိုက်အခံပါတီ ခေါင်းဆောင် အမျိုးသမီး၏ ဂုဏ်သိက္ခာကို ထိပါးစေသော Leading Question များမေးခြင်း။
(ဃ) ရွေးချယ်ခံရသူများနှင့် ရွေးချယ်မခံရသူများအကြား သတ်မှတ်ထားသော စံနှုန်းမရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တိကျသေချာသော မူဝါဒကျင့်သုံးခဲ့ခြင်း မရှိခဲ့မှုတို့ကြောင့်၊ ရွေးချယ်မခံရသူများ အချို့များစွာ ထိခိုက်နစ်နာခဲ့ရပါသည်။
(င) ထို့ပြင် တပ်မတော်အရာရှိများ ဌာနဆိုင်ရာအကြီးအကဲများနှင့် နီးစပ်ပတ်သက်သော ဆရာဝန် အများစု ရွေးချယ်ခံရခြင်းနှင့် ဆေးကျောင်းများတွင် ထူးချွန်ထက်မြက်ခဲ့သူအချို့ ရွေးချယ်မှု မခံရခြင်းတို့ကြောင့် "ဘက်လိုက်မှုများ၊ အဂတိလိုက်စားမှုများ ရှိနိုင်သည်" ဟူသော သတင်းများ ထွက်ပေါ်လာစေပြီး ဝင်ရောက်ဖြေဆိုခဲ့သူများနှင့် အများပြည်သူတို့၏ သံသယကို တိုးပွားစေခဲ့ပါသည်။ ဥပမာ-ဆေးတက္ကသိုလ်တွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သူ တစ်ဦးကို နိုင်ငံခြားမသွားဘဲ ပြည်တွင်းတွင်သာ တာဝန်ထမ်းဆောင်ရန် သြဝါဒပေးပြီး ရွေးချယ်မှု မပြုခဲ့ခြင်း၊ စိတ်အခြေအနေ ပုံမှန် မဟုတ်သော ဆရာဝန်တစ်ဦးအား အလုပ်ခန့်အပ်ခဲ့ပြီး ယခုအခါ ထိုဆရာဝန်အား တာဝန်မှ ရပ်နားထားသည်ဟု ကြားသိရပါသည်။

၃။ ထိုသို့ အများဝေဖန်မှုများရှိသဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယခုတစ်ကြိမ်တွင် ရွေးချယ်ရေးပုံစံကို ပြောင်းလဲခဲ့သော်လည်း ဝင်ရောက်ဖြေဆိုရမည့်သူများနှင့် လေ့လာသူအချို့က အရင်တစ်ကြိမ်ထက် ပိုမိုဆိုးရွားသော စနစ်တစ်ခုအဖြစ်သုံးသပ်ကြပါသည်။ (က) ယခုအကြိမ်ခေါ်ယူရာတွင် ယခင်လူတွေ့စစ်ဆေးခြင်းနှင့် အဆင်မပြေခဲ့သော ဆရာဝန်များအတွက် ရေးဖြေစာမေးပွဲများ ပါဝင်လာပြီး ထိုစာမေးပွဲများသည် လက်ထောက် ဆရာဝန်ကောင်း တစ်ဦး၏ အရည်အချင်းကို တိုင်းတာရာတွင် သင့်တင့် လျောက်ပတ်မှု အရှိဆုံး ပုံစံမဟုတ်ဘဲ ရှေးယခင်အစိုးရများ (မဆလ၊ နဝတ) လက်ထက်များတွင် ကျင့်သုံးခဲ့သော စနစ်ဟောင်းပုံစံ ဖြစ်နေခြင်းမှာ ပြုပြင်ပြောင်းလဲ တိုးတက်ရေးကို ဖော်ဆောင်နေသော လက်ရှိအစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။
(ခ) ထိုရေး/ဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတဘာသာရပ်များ ပါဝင်ပါသည်။ ပြည်ထောင်စု ရာထူးဝင်အဖွဲ့မှ ဖြေဆိုမည့်သူများကြိုတင်လေ့လာနိုင်ရန် ထုတ်ပြန် ထားသော မေးခွန်းဟောင်း ပုံစံများအရ မေးမြန်းထားသော အကြောင်းအရာများမှာ ခေတ်နှင့် လျော်ညီမှုရှိ/မရှိ၊ ဆရာဝန်တစ်ယောက်၏ အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းနှင့် ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်စရာ များစွာရှိနေပါသည်။
ဥပမာ - အထွေထွေဗဟုသုတ ဟူသော ခေါင်းစဉ်ဖြင့် မေးမြန်းသော မေးခွန်းပုံစံတွင် ပါဝင်သော အကြောင်းအရာ အများစုမှာ သင့်လျော်မျှတမှု မရှိသော၊ သဘာဝမကျသော မေးခွန်းများဟု ယူဆကြပါသည်။ သမ္မတကြီး၏မိန့်ခွန်းများ၊ နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများကို သုံးသပ်ခိုင်းခြင်းမျိုး မဟုတ်ဘဲ အလွတ်ဖြေဆိုခိုင်းခြင်းမှာ အင်မတန် သဘာဝ မကျသော မေးခွန်းများဖြစ်ပါသည်။ သမ္မတမိန့်ခွန်းဆိုသည်မှာ ပြောသူရော၊ သုံးသပ်သူများပါ အလွတ်ပြောဆိုခြင်း၊ ရေးသားခြင်း မပြုကောင်းပါ။ (သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် မိန့်ခွန်းပြောကြားရာတွင် လိုအပ်သော အချက်အလက်များကို စာရွက်များ ကြည့်ပြောခြင်း၊ လွှတ်တော်အမတ်များ အကြောင်းအရာတင်ပြလိုလျှင် စာရွက်များကြည့်၍ တင်ပြခြင်းမှာ သဘာဝကျပါသည်။)
(ဂ) ယခုမျိုးဆက်ဆရာဝန်များသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသောခေတ်၊ သတင်းမီဒီယာ လွတ်လပ်မှု မရှိသော ခေတ်များတွင် ကြီးပြင်းလာခဲ့ရသူများဖြစ်ပါသည်။ ထိုသူများကို နိုင်ငံတကာ၏ နိုင်ငံရေးများ အကြောင်း၊ ခေါင်းဆောင်များ အကြောင်းကို ခုနှစ်သက္ကရာဇ် အတိအကျဖြင့် ဖြေဆိုခိုင်းခြင်းမှာ "လသား ကလေးငယ်ကို ပြောင်းဆန်ထမင်းကျွေးနေသကဲ့သို့> ရှိပါသည်။
(ဃ) လက်ထောက် ဆရာဝန်တစ်ဦးအတွက် နိုင်ငံတကာ ပထဝီအနေအထားထက် လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ အနေအထားကို သိနေဖို့က ပို၍အရေးကြီးပါသည်။ သမိုင်းဖြစ်စဉ်မှတ်တမ်းများကို အလွတ်ရနေခြင်းထက် လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို မှတ်မိနေရန် ပို၍အရေးကြီးပါသည်။

၎။(က) ဆရာဝန်တစ်ဦးသည် မိမိအသက်မွေးဝမ်းကြောင်းမှုအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ စာမေးပွဲကို မဖြစ်မနေဖြေဆိုရန်မလိုသော်လည်း ၂ဝဝ၈-ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၆၆(က)တွင် "နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာ သင်ကြားပိုင်ခွင့်ရှိသည်" ဟူသော ပြဌာန်းချက်အရ စဉ်ဆက်မပြတ် ဆေးပညာများ ဆက်လက်သင်ကြားနိုင်ရန်မှာ အစိုးရ လက်ထောက် ဆရာဝန်ဖြစ်မှသာလျှင် ဖြစ်နိုင်ပါသည်။
(ခ) ရွေးချယ်ခြင်းမခံရသော ဆရာဝန်များသည် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်မည့် အခွင့်အရေး မရှိသည့်အတွက် M.B., B.S ဘဝနှင့်သာ အဆုံးသတ်ရမည်လော ဟု မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါသည်။
(ဂ) ရွေးချယ်မခံရသော်လည်း ငွေကြေးတတ်နိုင်သောမိဘများ၏ သားသမီးဆရာဝန်များသည် ပြည်ပနိုင်ငံများရှိ ဘွဲ့လွန် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုနေကြသည်ကို တွေ့ရပါသည်။ (ဥပမာ- MRC exam, AMC, USMLE) ထိုဆရာဝန်များသည် ပြည်ပတွင်ပညာသင်ကြားပြီး ပြည်ပတွင်သာ အခြေပြုနေထိုင်သွားခဲ့လျှင် ဆရာဝန် တစ်ယောက် ဖြစ်အောင် မွေးထုတ်ပေးခဲ့သော မိခင်နိုင်ငံအနေဖြင့် တန်ဖိုးရှိသော လူ့စွမ်းအားအရင်းမြစ်များ ဆုံးရှုံးခြင်းဟု မှတ်ယူနိုင်ပါသည်။
(ဃ) အစိုးရဝန်ထမ်းမဟုတ်သော ဆရာဝန်များသည် ပြင်ပတွင် ဆေးကုသခွင့်ရှိသော်လည်း နိုင်ငံတော်၏ ဦးတည်ချက် (၁၂) ရပ်တွင်ပါဝင်သော "တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး" ဟူသော ဦးတည်ချက် ပြည့်စုံရန်မှာ တိုင်းပြည် အခြေအနေအရ Private Sector များထက် Government/Public Sector များက ပိုမိုအရေးကြီးသည်ကို သတိပြုသင့်ပါသည်။ (ဥပမာ-ပြည်တွင်းတွင် ပုဂ္ဂလိကဆေးရုံများစွာ ပေါ်ပေါက်လာခဲ့သော်လည်း ပြည်သူအများစုတို့သည် ထိုဆေးရုံများတွင် ကုသရန် ငွေကြေးပြည့်စုံမှုမရှိပါ။)
(င) ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက် ကသာမြို့၊ ကုတင်(၁ဝဝ)ဆံ့ဆေးရုံကြီးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ လက်ရှိပြည်တွင်းဆရာဝန်ဦးရေမှာ ၂၆ဝဝဝ ခန့်ရှိပြီး ထိုဆရာဝန်ဦးရေ၏ သုံးပုံနှစ်ပုံသာ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ခန့်ထားနိုင်ခဲ့ခြင်း တို့ကြောင့် ဆရာဝန်နှင့် လူနာအချိုးအစားမှာ (၁း၃ဝဝဝ) ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ထိုအချက်ကိုကြည့်လျှင် ရှိရင်းစွဲ တန်ဖိုးရှိလှစွာသော လူ့စွမ်းအား အရင်းအမြစ်များကို အပြည့်အဝ အသုံးမချနိုင်ခဲ့ခြင်းကြောင့် "တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး” ဦးတည်ချက်ကို မှေးမှိန်စေပါသည်။

၅။(က) လူ့စွမ်းအားအရင်းအမြစ်များကို ကောင်းစွာအသုံးမချနိုင်သဖြင့် အခြေအနေအရ လက်ထောက် ဆရာဝန်ဦးရေကို (၁၅ဝဝ)သာ ခေါ်ယူနိုင်ခြင်းကို အများကလက်ခံနိုင်ကြသော်လည်း ပြီးခဲ့သည့် ၁ဝ စုနှစ်ကျော် ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ လက်ထောက်ဆရာဝန်များ တိုက်ရိုက် ခန့်အပ်ခဲ့ခြင်းကို ပြောင်းလဲ၍ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ မှတဆင့် ရွေးချယ်ခန့်အပ်ခြင်း မှာ မည်သို့မျှ မသင့်လျော်ပါ။
(ခ) ဆရာဝန်များသည် ယနေ့မျက်မှောက်ခေတ် ပြည်တွင်း၊ ပြည်ပပြောင်းလဲမှုဖြစ်စဉ်များတွင် ပါဝင်သိရှိရမည် မှန်သော်လည်း လက်ထောက်ဆရာဝန်တစ်ဦး၏ အဓိကလိုအပ်ချက်မှာ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး၊ ဆရာဝန် ကျင့်ဝတ်နှင့်အညီ နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို တိုးတက်ကောင်းမွန်လာအောင် ကြံဆောင်ရေးတို့သာ ဖြစ်ပါသည်။
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဆရာဝန်များထံမှ မည်သည့် အရည်အချင်းများကို လိုချင်၍ ယခုစာမေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း အသေးစိတ်ထုတ်ပြန်ရန်နှင့် အများပြည်သူသိစေရန် ကြော်ငြာခြင်းများ ပြုလုပ်သင့်ပါသည်။ ထို့ပြင် တရားမျှတ၍ ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းသင့်ပါသည်။
(ဃ) ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆက်လက်တိုးချဲ့သွားမည့် လူထုကျန်းမာရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်သည့် အစီအစဉ်များ၊ ရည်မှန်းချက်များ အနာဂတ်အလုပ်လက်မဲ့ဆရာဝန် နည်းပါးစေရေး ဦးတည်ချက်များ၊ ကျန်းမာရေး အသုံးစရိတ် လိုအပ်မှုများကို ပြည်သူအားလုံး သိရှိစေရန် အသိပေးကြော်ငြာသင့်ပါသည်။ အရွေးချယ်မခံရသော ဆရာဝန်များအနေဖြင့် နောက်တစ်ကြိမ်တွင် မည်ကဲ့သို့သောအရည်အချင်းများနှင့် ပြည့်စုံစေရန်ပြင်ဆင်ထားရမည်၊ မည်သည့်အချိန်တွင် နောက်တစ်ကြိမ်ခေါ်ယူမည်၊ လူဦးရေမည်မျှခေါ်ယူမည်ကို ကြိုတင်၍ တိကျသေချာစွာ ထုတ်ပြန်ပေးသင့်ပါသည်။

၆။(က) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၂၁)အပိုဒ်ခွဲ(၂)မှာဆိုလျှင် လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။ အပိုဒ်(၂၃)အပိုဒ် ခွဲ(၁)အရ လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏အခြေအနေကိုရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း၊ အခွင့်အရေးရှိသည်ဟု ဖော်ပြထားသောကြောင့် လက်ထောက် ဆရာဝန် ဖြစ်ခွင့်မရသော ဆရာဝန်များ၏ဘဝသည် လူ့အခွင့်အရေးကို အပြည့်အဝမရသောဘဝများ ဖြစ်နေပါသည်။
(ခ) ၂ဝဝ၈-ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "ပုဒ်မ (၂၅) နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင် များ၏အကျိုးကို ကူညီဆောင်ရွက်မည်၊ ပုဒ်မ(၂၈-က) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်၊ ပုဒ်မ(၃၁) နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက် ရမည်၊ ပုဒ်မ(၂၁-က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ် ပြဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်" ဟူ၍ ဖော်ပြထားသောကြောင့် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။

၇။ (က) ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သော လက်ထောက် ဆရာဝန်များ၏ အရည်အချင်းကို အဓိကသက်ဆိုင်သော ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး မစစ်ဆေးဘဲ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ဦးဆောင်စစ်ဆေးခန့်အပ်ခြင်းမှာ ခေတ်နှင့် မလျော်ညီသောစနစ်တစ်ခုဟု ယုံကြည်ပါသည်။
(ခ) ဆရာဝန်ဖြစ်ထိုက်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ (ဆမ)လက်မှတ်အပ်နှင်းထားပြီးဖြစ်သော ဆရာဝန်များမှ မိမိနိုင်ငံအတွက် တာဝန်ထမ်းဆောင်လိုသောကြောင့် အလုပ်လျှောက်ထားရာတွင် ယခင်ကအတိုင်း ကျန်းမာရေး ဝန်ကြီးဌာနမှသာ တိုက်ရိုက်ခေါ်ယူခန့်အပ်ခြင်းကိုသာ လိုလားပါသည်။ စနစ်ကျသော တရားမျှတသည့်မူ မရှိဘဲ ရွေးချယ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝင်ခွင့်စာမေးပွဲ များကြောင့် သမ္မတကြီးဦးသိန်းစိန်၏ Clean Government မှာ မေးခွန်းထုတ်စရာဖြစ်လာ နိုင်ပါသည်။
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယခုပုံစံမျိုးဖြင့် ရွေးချယ်မှုများကို ဆက်လက် ပြုလုပ်နေမည်ဆိုလျှင် နိုင်ငံအပေါ် စေတနာထားပြီး လက်ထောက်ဆရာဝန်အနေဖြင့် ဝန်ထမ်းဖြစ်လိုသော ဆရာဝန်များကိုလည်း စိတ်ဓါတ်ပျက်ပြားစေပြီး တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များလည်း ဆုံးရှုံးယုတ်လျော့ သွားစေနိုင်ပါသည်။ သမ္မတကြီးဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်ပြောင်းလဲမှုများစွာ ဖြစ်ထွန်းလာသော်လည်း ကျောင်းပြီးစ ဆရာဝန်များ၏ဘဝများသည် ယခင်အစိုးရ လက်ထက် ကထက်ပင် ပိုမိုဆိုးရွားသောစနစ်နှင့် ကြုံတွေ့နေရသည်ကို သမ္မတကြီး၊ ဆရာဝန်ဖြစ်သော ဒုတိယသမ္မတကြီး၊ အဓိက သက်ဆိုင်သော ကျန်းမာရေးဝန်ကြီးဌာနမှ အထူးတလည် ပြုပြင်ပေးစေလိုပါသည်။ တရားဥပေဒစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် အမတ်မင်းများအနေဖြင့် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်လိုသော ဆရာဝန်များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အကျိုးမရှိသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဝင်ခွင့်စာမေးပွဲများနှင့်ပတ်သက်ပြီး သဘောထားတိုက်ဆိုင်သော အချက်များရှိပါက လွှတ်တော်အတွင်း တင်ပြဆွေးနွေးပြီး အရေးတယူဆောင်ရွက်ပေးစေလို ပါကြောင်း ဆန္ဒပြုလိုက်ရပါသည်။

I congratulate all 80 fellow doctors. They are much better than our old batches in terms of correct and clear expression of what doctors need. Their demand/appeal is legitimate and I sincerely and strongly support their call.