Sunday, August 26, 2012

ရခိုင်ဒေသအရေး မေးကြ၊ ပြောရ (၃)

ကျွန်တော်တို့ လူမျိုးတွေက ကောက်ရိုးမီးသဘော မကြာမကြာဖြစ်လေ့ရှိတယ်။ အခုအရေးအခင်းကြီးမှာ စိတ်တိုတာ၊ ဒေါသထွက်တာ၊ မခံချင်ဖြစ်တာကြောင့် ကိုယ့်ဖက်က "ရပ်ခံမှု" တွေ လုပ်တယ်။ ဒါဟာ လူ့သဘောဖြစ်တယ်။ ဒေါသသံတွေ ပါသွားတယ်။ ချက်ချင်း အဲလိုဖြစ်ပြီးရင် ယဉ်ကျေးတဲ့ အမူအကျင့်၊ အသုံးအနှုန်းတွေဆီ ပြန်လာသင့်ကြတယ်။ တည်ငြိမ်တဲ့ ရပ်ခံမှု ဖြစ်လာသင့်တယ်။

အဲလို မဖြစ်သေးသူတွေက "ရပ်တည်စရာ" မှာလဲ လွဲတတ်တယ်။ မကြိုက်တဲ့သူကို အာခံသူတိုင်းကို ကိုယ့်လူလို့ သဘောထားတာ သဘာဝတော့ ကျပါတယ်။ လွန်သွားတာတွေ ရှိနေသလားဘဲ။ ဥပမာ လက်ရှိအစိုးရအပေါ်မှာ အရာရာကို ခွင့်လွတ်လိုက်ကြသလိုဖြစ်နေတာ များသလားမသိပါ။ စည်းစည်းလုံးလုံးဖြစ်တာတော့ ကောင်းပါတယ်။ အညာမခံရအောင်တော့ သတိကြီးရမယ်။

တည်ငြိမ်မှုမရှိရင်၊ နည်းရင် လမ်းလွဲခေါ်တဲ့ဆီခေါ်တာ ပါသွားတတ်တယ်။ အာဏာရှင်စနစ်ရဲ့ ယန္တယားကြီးဖြစ်တဲ့ ထောက်လှမ်းရေးကနေ ၁၉၈၈ မတိုင်ခင်တည်းက လူထုကို လမ်းလွဲစေအာင် အကြိမ်ကြိမ်လုပ်ခဲ့တာတွေ ရှိခဲ့တယ်။ အခုဖြစ်တာကို အဲဒီ (ဒီဇိုင်း) လို့ စွပ်စွဲတာတော့ မဟုတ်ပါ။ လူ့စိတ်ဆိုတာ ဆွဲရာပါတတ်တယ်။ အကြိုက်ပေးပြီးဖြစ်ဖြစ်၊ ဒေါသမွှေးပေးလို့ဖြစ်ဖြစ် လိုက်တတ်တယ်။

မကြိုက်တဲ့ဘက်ကိုရော၊ ကိုယ့်ဖက်ဆိုတာမှာပါ ယေဘုယျပြုတာ Generalize လုပ်လိုက်တာမှာ သတိထားရမယ်။ လက်ရှိအစိုးရကြီး လုပ်တာမှန်သမျှဖြစ်ဖြစ်၊ တခြားဘာသာကြီး တခုလုံးကိုဖြစ်ဖြစ်၊ အကောင်း၊ အဆိုးပြောမိတာမျိုးက လွန်ရာကျတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၂