Monday, July 23, 2012

23-7-2012 Venus Journal Interview

၁။ မြန်မာနိုင်ငံကို ပြန်လာဖို့ အစီအစဉ်ရှိပါသလား။
အစီအစဉ် မရှိပါ။ စဉ်းစားတာ၊ လေ့လာတာ၊ တိုင်ပင်တာတွေတော့ အရေးကိစ္စတခုတိုင်းမှာ ရှိသလိုဘဲ ရှိပါတယ်။ တခြား အရေးအရာတွေနဲ့ မတူတာတော့ ရှိတာပေါ့။ မိခင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ခြေလှမ်းသစ် စတက်ချိန်လောက်ကနေ တွေးနေခဲ့တာပါ။ သမတကနေပြောတာက နောက်တိုးအချက်တခု ဖြစ်လာပါတယ်။

၂။ ပြန်လာချင်တယ်ဆိုရင် ပြန်လာဖို့ဘယ်လို အခက်အခဲမျိုးတွေ ရှိနေလဲ။
အခက်အခဲလို့ ပြောရင် အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် လုပ်နေသူတိုင်း ဘယ်မှာနေနေ လွယ်တာတော့ မဟုတ်ပါ။ အထဲမှာ အခုလဲ ခက်နေဆဲဘဲ မဟုတ်လား။ တိုင်းပြည်ထဲမှာ တမျိုးတမည် ပြောင်းလာတာနဲ့ အပြင်မှာ လှုတ်ရှားနေကြသူ အားလုံးအတွက် ပိုခက်လာတာတော့ အမှန်ဘဲ။ ဒီလိုအခက်အခဲ ပြည်တွင်းထဲ ပြန်နေလဲ အတူတူဘဲထင်တယ်။ တကိုယ်ရေဆန်တာ ပြောရရင် ထောင် ၂၅ နှစ်ချတဲ့အမိန့်ကလဲ တရားရုံးစာရွက်ထဲမှာ ရှိနေမှာဘဲ။ နေအိမ်နဲ့ ဆေးခန်းလေးလဲ ချိတ်ပိတ်ထားဆဲဘဲ။ ဆရာဝန်လိုင်စင်ဆိုတာ ဆေးပညာဘွဲ့နဲ့ ဆရာဝန်ဋိညာဉ်နဲ့သာ ဆက်စပ်ရတဲ့ ဥပဒေလဲ မရှိသေးဘူး။ ဘယ်နေရာမှာ နေသင့်သလဲ ဆိုတာကို အမှန်ဆုံး ဆုံးဖြတ်ချက်ချလို့ မရသေးတာကမှ အခက်အခဲဖြစ်ပါတယ်။ ဘယ်မှာနေတာ ပိုပြီးအသုံးကျသလဲ။ အားကိုးလောက်တဲ့ လူသစ်တွေလဲ ရှိနေပြီမို့ ပြန်လာဘို့ လိုသလား။ ကျွန်တော် မရှင်းသေးပါ။

၃။ မြန်မာနိုင်ငံကို ပြန်ရောက်ရင် ဘာလုပ်မလဲ။ NLD ပါတီကိုပဲပြန်ဝင်ပြီး နိုင်ငံရေးလုပ်မှာလား။ ဘယ်လိုအစီအစဉ် ရှိပါသလဲ။
ဖြေခဲ့သလို အစီအစဉ်ရယ်တော့ မဟုတ်ပါ။ ဘယ်မှာနေနေ ကျွန်တော်က NLD ပါဘဲ။ ပါတီဝင်နံပါတ်မရှိလဲ စိတ်ထားတူနဲ့ လုပ်နေသူတွေဟာ NLD ပါဘဲ။ နိုင်ငံရေး လုပ်မှာလားက ဖြေရတာ ကြီးကျယ်သလိုဘဲ။ နိုင်ငံရေးပါတီထဲ ဝင်ကတည်းက လုပ်နေခဲ့တာကို နိုင်ငံရေးလို့ ခေါ်ချင် ခေါ်နိုင်မှာပေါ့။ လာဖမ်းတာကို ရှောင်နေတာ၊ တိုင်းပြည်ကနေ ထွက်ပြေးတာ၊ စစ်အစိုးရ လုပ်သမျှ ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးတွေကို စိုက်လိုက် မတ်တတ် လုပ်နေတာတွေလဲ စာရင်းထဲဝင်မယ် ထင်တယ်။ ဒီစာရင်းထဲမှာ မပါတဲ့ လူမှုရေး အလုပ်တွေလဲ လုပ်ရပါတယ်။ မနာမကျန်းသူတွေကို ကူပေးနိုင်သလောက် ကူပေး၊ ကုပေးတာမျိုးလဲ နယ်နမိတ်အပြင်က လုပ်နေရသလို အထဲရောက်လဲ နောက်ကဖြစ်ဖြစ် လုပ်ရမှာပါဘဲ။

၎။ နိုင်ငံအရေး ဆောင်ရွက်တဲ့အခါမှာ ပြည်တွင်းနဲ့ ပြည်ပမှာလုပ်တာ ဘယ်လိုကွာခြားချက်တွေ ရှိပါသလဲ။
ပြည်ပမှာ လွတ်လပ်မှု အပြည့်နီးပါးနဲ့ လုပ်နိုင်ကြပါတယ်။ အပြင်က လုပ်ကြတာတွေက ထိရောက်မှုလို့ မပြောချင်တောင်မှ သက်ရောက်မှုကို ဖြစ်စေခဲ့တယ်လို့ ယူဆပါတယ်။ အထဲကပြောမရတာ၊ ရေးမဖြစ်တာတွေကို ပြောနိုင်၊ ရေးနိုင်ခဲ့ကြတယ်။ အထဲမှာ တွဲဘို့မပြောနဲ့ တွေ့ဘို့တောင် ခက်ခဲတဲ့ မတူခြားနားတာတွေ အတူတွဲနေ၊ အတူတွဲလုပ်နိုင်ခဲ့ကြတာဟာ အခွင့်အလမ်းတရပ် ဖြစ်ခဲ့တယ်။ ရင်းနီးမှုနဲ့ နားလည်မှုတွေကနေ ယုံကြည်မှု အတိုင်းအတာ တခုထိ ရနိုင်ခဲ့ကြတယ်။

နိုင်ငံတကာဆိုတာကို အတွင်းနက်နက်အထိ သဘောပေါက်လာနိုင်ခဲ့ကြတယ်။ အခုလဲဘဲ အပြင်ကနေ လုပ်စရာတွေ အသေအခြာ လိုနေသေးတယ်လို့ ထင်ပါတယ်။ အထဲမှာ တင်းကြပ်မှုကို လျှော့တယ်ဆိုပေမဲ့ ကိုယ်ကိုယ်တိုင်ကနေ ထိန်းကြရတာတွေ ရှိနေဆဲဘဲ မဟုတ်လား။ ပါတီတာဝန်ရှိသူတွေကနေ မပြောဘဲတားတာမျိုးကို ပွင့်ပွင့်လင်းလင်း ပြောတာ၊ လုပ်တာတွေ အပြင်က လုပ်မဲ့သူရှိဘို့ လိုနေတုံးဘဲ ထင်ပါတယ်။ (ကျွန်တော့အထင် မှားချင် မှားနိုင်ပါတယ်။)

NLD ဟာ တရားဝင်ပါတီ ဖြစ်ပေမဲ့ အပြင်မှာနေသူကို ကိုယ်စားထားလို့ မရနိုင်သေးဘူး။ အထဲကနေ ပါတီကပုဂ္ဂိုလ်တွေ အပြင်ကိုလွှတ်တာ လုပ်နိုင်လာပြီဖြစ်ပေမဲ့ စကားကို သတိထားပြောကြရတာ အကဲခတ်မိတယ်။ အပြင်နေသူကနေ အနည်းဆုံးတော့ လမ်းပြတာမျိုးလောက် လုပ်ပေးနိုင်ပါတယ်။

၅။ ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတဲ့သူတွေ ပြန်လာဖို့ တွန့်ဆုတ်နေတာဟာ ဘယ်လို ကြောင်းရင်းခံတွေကြောင့်ပါလဲ။
တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့တော့ မတူကြဘူးပေါ့။ နိုင်ငံရေးဆိုတာ လုပ်နေသူ၊ အခွင့်အရေးတွေအတွက် လုပ်နေသူ၊ အတန်းအစားအတွက် လုပ်နေသူ၊ ဘာသာရပ်တခုအလိုက် လုပ်နေသူ၊ (အင်ဂျီအို) လုပ်နေသူ၊ ပညာရှင်လို လုပ်နေသူ၊ မတူကြဘူး။ အပြင်မှာနေကြတာသာ တူတယ်။ ပြန်ဝင်ဘို့အတွက် စဉ်းစားချက်တွေလဲ မတူကြဘူး။ တွန့်ဆုတ်နေကြတယ် လို့တော့ မထင်ဘူး။ ဖိတ်ခေါ်တဲ့ အစိုးရဘက်ကလဲ အခုလို တဖွဲ့ချင်းကို ဟိုနေရာ၊ ဒီနေရာ၊ အခါခါ ဆွေးနွေးနေတယ် ဆိုတာ ခက်အောင်လုပ်နေတာလို့ မြင်ပါတယ်။ အမှတ်တက်အောင် လုပ်နေသလား မပြောတတ်ဘူး။ မဖြေခင်ကတည်းက ဂုဏ်ထူးပေးချင်သူတွေလဲ ရှိတာကိုး။

၆။ အခုတိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲမှုတွေကို ဘယ်လိုမြင်ပါသလဲ။ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက လက်တွေ့ကျရဲ့လား။
လက်ရှိသမတရဲ့ အစိုးရဟာ အရင်က စစ်ကောင်စီအစိုးရတွေနဲ့ အတော်များများ မတူတာတော့ မငြင်းနိုင်ပါ။ လက်တွေ့ ကျတာတွေလဲ ရှိပါတယ်။ အရင်စစ်အစိုးရ လုပ်ခဲ့သမျှ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်တာအထိ ဥဿုံခြုံပြီး မကောင်းဘူး ပြောခဲ့တာ မှန်တယ်လို့ တိုင်းပြည်ကို ကောင်းစေချင်သူတွေက ယူဆတယ်။ ဝေဖန်ခဲ့၊ ထောက်ပြခဲ့တာတွေထဲက တချို့ကို အခုလုပ်နေတယ် မဟုတ်လား။ လက်ရှိအစိုးရ လုပ်တာတွေကိုတော့ အဲလိုမခြုံဘဲ လုပ်ဆောင်ချက် တခုချင်းကို ခွဲပြီး အကဲဖြတ်သင့်တယ် ထင်ပါတယ်။

၇။ တိုင်းပြည်ရဲ့အခြေအနေက နောက်ကြောင်းပြန်လှည့်နိုင်သေးလား။ ပြန်မလှည့်ဖို့ အာမခံချက်ရှိအောင် ဘာလုပ်ရမလဲ။
သံသရာဆိုတာ နောက်ပြန်တော့ မလှည့်ပါ။ အတိတ်က ဆိုးတာမျိုးတွေ ထပ်ဖြစ်လာနိုင်တာဘဲ ရှိနိုင်တယ်။ ပိုဆိုးတာလဲ မဖြစ်နိုင်ပါလို့ ပြောမရဘူး။ အာမခံချက်ဆိုတာ မရှိသေးပါ။ နောက်ပြန်လှည့်သလိုမျိုး မဖြစ်အောင် အများစုက ဖြစ်စေချင်ကြတယ်၊ တချို့က လုပ်နေကြတယ်လို့ ထင်ပါတယ်။

တပ်မတော်ရဲ့ အရေးပါမှုဟာ ဒီနေရာမှာ အမှန်တကယ် ရှိပါတယ်။ ဖွဲ့စည်းပုံထဲက “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဉီးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဉီးတည်သည်” ဆိုတာမှာ “ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုတာ “နေရာယူရေး” သာ ဖြစ်နေတယ်။ “တာဝန်ရှိမှု”၊ “တာဝန်ယူမှု” ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ တပ်မတော်ပါဘို့ လိုတဲ့ နေရာတွေမှာပါပြီး၊ ပါဘို့မလိုတာတွေမှာ ဖယ်ပေးတာသာ ဖြစ်သင့်ပါတယ်။ ပြုပြင်ပြောင်းလဲနေတာတွေက တိုင်းပြည်အတွက်ရော တပ်မတော်အတွက်ပါ အကျိုးဖြစ်စေတယ်လို့ သဘောတူရင် နောက်ပြန်လှည့်သဘောတွေ မဖြစ်အောင်လုပ်ဘို့ရာ တပ်မတော်က တာဝန်ယူပေးနိုင်တဲ့ အခန်းကဏ္ဍဟာ ကြီးမားလှပါတယ်။ ဒါမျိုးမှာ တပ်မတော်ကနေ ဦးဆောင်မှုနေရာ ယူစေချင်ပါတယ်။ မွန်မြတ်တဲ့အလုပ်ပါ။

၈။ ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်ချက်တွေက ပြည်တွင်းမှာ ထိရောက်မှု ရှိသေးရဲ့လား။ အခုဘယ်လို လုပ်ဆောင်ချက်မျိုးတွေရှိလဲ။
ကနေ့ အခြေအနေမှာ ပြည်ပက ဆောင်ရွက်ချက်တွေရဲ့ ထိရောက်မှု ဆိုတာထက် ကျိုးကြောင်း ဆီလျှော်မှုကို အရင် ဆန်းစစ်သင့်ပါတယ်။ NLD ပါတီက လွှတ်တော်ထဲ ရောက်ကတည်းက ဆက်လက်တည်ရှိနေမှုဟာ ကျိုးကြောင်းဆီလျှော်သေးလားဆိုတာ အလေးအနက် စဉ်းစားပါတယ်။ ရာနှုန်းပြည့် မဟုတ်သေးတောင် အတော်များများ မဆီလျှော်သလို ဖြစ်လာပါတယ်။ တခြား အဖွဲ့ အစည်းတွေမှာလဲ မတူကြပေမဲ့ အထဲမှာလုပ်လို့ ပိုကောင်းရင် အထဲဝင်ကြတာ သဘာဝကျတယ်။ ကျွန်တော်တို့ အနေနဲ့တော့ အထဲက လက်လှမ်းမမီသေးတာတွေ လုပ်ပေးနေရအုံးမယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီတာဝန်ကို ထောက်ကူမဲ့သူက မရှိသလောက် နည်းပါးတယ်။

၉။ ပြည်တွင်း အင်အားစုတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုအပေါ် ဘယ်လိုထင်မြင်ချက်ပြုချင်လဲ။
အားရတယ်။ အားပေးပါတယ်။ ဒါပေမဲ့ ကနေ့ ကျွန်တော်တို့ တိုင်းပြည်အခြေအနေဟာ ပုံမှန်ကို မရောက်သေးဘူး။ ဘယ်တော့ ဘာဖြစ်မလဲ၊ နောက်သွားမှာလား၊ ဖေါက်သွားမှာလား ဆိုတာကို ဘယ်သူကမှ မသိနိုင်ကြဘူး။ အဆိုးနဲ့ အကောင်း၊ အဟောင်းနဲ့ အသစ် အားပြိုင်နေရဆဲဘဲ။ တိုင်းပြည်အခြေအနေက ပုံမှန်ရောက်နေပြီ၊ ဒီမိုကရေစီခရီး စနေပြီ၊ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာလို ကိုယ့်သဘောကျ ဖွဲ့နေကြ၊ လုပ်နေကြတာဟာ “မဟာဗျူဟာ အမှား” ဖြစ်တယ်။ အဖြူ နဲ့ အမဲ တိုက်ပွဲအဆင့်မှာသာ ရှိပါသေးတယ်။ တခြားအရောင်တွေ အမျိုးမျိုး ထွက်လာတာက အဖြူဘက်မှာ နေရမဲ့သူတွေသာ ဖြစ်ကြတယ်။

နောက် စိုးရိမ်စရာကောင်းတဲ့ အချက်တခုက နိုင်ငံတကာက ဝင်လာတာတွေ။ တိုင်းပြည်က ဆင်းရဲ၊ သုတကလဲ နည်းကြတော့ မြန်မာနိုင်ငံသားပီပီ ဧည့်သည်ကြိုသလို ဝမ်းပမ်းတသာ ကြိုကြတယ်။ အပြင်ကနေ (အာဂျင်ဒါ) တွေနဲ့ ဝင်လာတွေ ၂ဝဝ၈ ကတည်းက (အင်ဂေ့ခ်ျမင့်) ခေါင်းစဉ်အောက်ကနေ အများကြီးရှိနေတယ်။ အဖြူထဲက ထပ်ကွဲသွားတာထက် ပိုပြီး အန္တရာယ်ကြီးတယ်။ (အင်္ဂလိပ် အသံထွက် ရေးမိတာကို တောင်းပန်ပါတယ်။ အဲလိုလူတွေ အဲလိုပြောပြီး လုပ်နေကြတာကို တန်းသိစေချင်လို့ပါ။)

၁ဝ။ ဖြည့်စွက်ပြောချင်တာ ရှိရင်ပြောပါ။
ကျွန်တော်က နိုင်ငံရေးလုပ်သူဖြစ်လို့ လူအများ အားတက်စေတာကိုသာ ပြောချင်ပါတယ်။ ဦးတည်တဲ့ လားရာတော့ မမှားပါ။ အုတ်မြစ်ချတဲ့အဆင့်မှာသာ ရှိသေးတာတော့ သတိချပ်သင့်ကြပါတယ်။ အုတ်မြစ်ချနိုင်တာ ဝမ်းသာစရာ အမှန်ပါ။ အုတ်မြစ်ဆိုတာ အဆောက်အဦတိုင်းမှာ အရေးကြီးဆုံးပါ။ ကိုယ်နေမဲ့အခန်းကို ကိုယ်ကြိုက်တဲ့ ဆေးရောင် သုတ်ရမဲ့အချိန် မဟုတ်သေးပါခင်ဗျား။

ဒေါက်တာတင့်ဆွေ