Saturday, March 17, 2012

၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန် ကွယ်လွန်

ကိုကျော် | သောကြာနေ့၊ မတ်လ ၁၆ ရက် ၂ဝ၁၂ ခုနှစ် ၁၈ နာရီ ဝ၃ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။ ။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်သည် မတ်လ ၁၅ ရက်နေ့က သြစတြေးလျနိုင်ငံ ဒါဝင်မြို့တွင် အသဲကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။ ဦးသန်းစိန်အား စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု ရွေးချယ်ခံရပြီးနောက် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး (ဂန္ဓီခန်းမ ညီလာခံ)နှင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး (မန္တလေး လျို့ဝှက်အစည်းအဝေးများ) တက်ရောက်ခြင်းကြောင့် နဝတ စစ်အစိုးရ လက်ထက် ၁၉၉၁ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် ဒီဇင်္ဘာလတွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွါလာခဲ့ကာ မီဇိုရမ်ပြည်နယ်နှင့် နယူးဒေလီမြို့တို့တွင် နေထိုင်ခဲ့ သည့် ဦးသန်းစိန်မှာ နိုင်ငံရေး လှုပ်ရှားမှုများအပြင် လူငယ်များအတွက် ဘလော့လုပ်နည်း အတတ်ပညာများ စတင် ပို့ချပေးခဲ့သူ တဦးလည်းဖြစ်ကြောင်း ဦးသန်းစိန်၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဒေါက်တာတင့်ဆွေ က ပြောသည်။ thansein “ဘလော့ဆိုတဲ့ အင်တာနက် သုံးစွဲမှုတွေ ပေါ်လာတော့ ကျနော်တို့ ဗမာလှုပ်ရှားမှုထဲမှာ လူငယ်တွေ၊ ကျောင်းသား တွေ စိတ်ဝင်စားတာတော့ ထားတော့။ ဦးသန်းစိန်က ဘလော့ကို စပြီးလေ့လာပြီးနောက် Prospect Burma ကျောင်း မှာ လူငယ်တွေ၊ ကျောင်းသားတွေကို သင်ကြားပေးနိုင်တဲ့ ဆရာတယောက် ဖြစ်လာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ‘သလ္လာဝတီ’ ဆိုတဲ့ ဘလော့ကို တီထွင်ခဲ့ပြီးတော့ သူရဲ့ငယ်ကတည်းက ဝါသနာဖြစ်တဲ့ ကဗျာ စာပေတွေကို သူ့ဘလော့မှာ ဖတ်ကြည့်ရင် သူ့ရဲ့စိတ်ရင်းစိတ်ဓါတ်နဲ့ သူ့ရဲ့စေတနာတွေကို နားလည်နိုင်ကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ ကဗျာဆရာတဦးလည်းဖြစ်သည့် ဦးသန်းစိန်သည် ၁၉၉၂ ဖေဖေါ်ဝါရီလတွင် ‘ပုလဲပန်းကဗျာများ’ စာအုပ်ငယ်ကို သန်းစိန်(ပုလဲ) ကလောင်အမည်ဖြင့် တကိုယ်တော် ထုတ်ဝေခဲ့ပြီး ထိုစဉ်က နဝတ စစ်အစိုးရအား ဝေဖန်၊ တိုက်ခိုက်၊ သရော်ထားသည့် ကဗျာများအား ဂန္ထဝင်ဟန်ဖြင့် ရေးဖွဲ့ခဲ့သည်။ ထို့နောက် နယူးဒေလီမှ ထုတ်ဝေသည့် ‘ပန်းစကား’ မဂ္ဂဇင်းတွင်လည်း ပင်တိုင် ကဗျာရှင်အဖြစ် ရေးသားပေးခဲ့သည်။ ဦးသန်းစိန်သည် လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီတို့တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် သြစတြေးလျနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရင်း အသက် ၆၃ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။