Sunday, January 29, 2012

(၆၃)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာ

NATIONAL COALITION GOVERNMENT OF THE UNION OF BURMA
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
(၆၃)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာ

၂ဝ၁၂ခုနှစ် ဇန္နဝါရီလ(၃၁)ရက်နေ့သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော (၆၃)နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ ဖြစ်ပေသည် ဤသမိုင်းဝင် နေ့ရက်အခါသမယ၌ ကရင့်အမျိုးသား တော်လှန်ရေး ခရီးတလျောက် ဘဝနှင့်အသက်များ စွန့်လွှတ် ပေးဆပ်ခဲ့ကြကုန်သော ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင် အမျိုးသားအာဇာနည်များ၏ ဂုဏ်ကျေးဇူးကို သတိရလျှက် စစ်ရေး နိုင်ငံရေး တာဝန်အသီးသီးကို ထမ်းဆောင်လျှက် ရှိကြသော ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် ကရင်တိုင်းရင်းသား ပြည်သူတရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရမည့်အစား၊ စစ်အာဏာရှင်များ၏ လက်နက်အားကိုး အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် အမျိုးသား တော်လှန်ရေးများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပေရာ၊ ကရင့်အမျိုးသားတော်လှန်ရေးသည်လည်း တခုအပါအဝင်ဖြစ်ပေသည် ဖက်ဆစ်စစ်အာဏာရှင်တို့ လက်ထက်တွင် တိုင်းရင်းသားများအပေါ် ဖိနှိပ်ရေး စစ်အာဏာတည်မြဲရေး စစ်ပွဲများ ဆင်နွဲလျှက်ရှိရာ၊ ထိုမတရားသော စစ်ပွဲများအား ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တို့က အသက်ပေါင်း များစွာ စတေးပေးဆပ်၍၊ အလံမလှဲစတမ်း တော်လှန်တိုက်ပွဲ ဆင်နွဲနေကြပေသည်။ တော်လှန်ရေး (၆၃) နှစ်တာ ခရီးတလျောက် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများနှင့် တပ်မှူးတပ်သားအပေါင်းတို့သည် နိုင်ငံရေးရပ်တည်ချက် ခိုင်မာစွာ လက်နက်ချအညံ့ခံခြင်း အလျဉ်းမပြုရေးမူကို အခိုင်အမာစွဲကိုင်လျှက် စစ်အာဏာရှင်တို့အား လုံးဝ ဒူးမထောက်ဘဲ တိုက်ပွဲဆင်နေသည့် စိတ်ဓါတ်သတ္တိကို လေးနက်စွာ မော်ကွန်း မှတ်တမ်းတင်အပ်ပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် မြန်မာလူမျိုး အပါအဝင် ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန် ရခိုင်အစရှိသော တိုင်းရင်းသားလူမျိုး အသီးသီး တွေ့ကြုံရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဿနာ ဖြစ်သည် နအဖ စစ်အုပ်စုက တိုင်းရင်းသားလူမျိုးများအား အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် ဒီမိုကရေစီရေးနှင့် အခြေခံ လူ့အခွင့်အရေးတည်းဟူသော မွေးရာပါ အခြေခံရပိုင်ခွင့်များ ခံစားခွင့်များပေးရန် အစဉ်တစိုက် ငြင်းဆန်နေမှုသည် ယနေ့ပြဿနာ၏ အရင်းအမြစ်ဖြစ်သည် ယနေ့ ပြည်တွင်းစစ်ပွဲများ၏ မူလဘူတမှာ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် တိုင်းရင်းသား လူမျိုးစုတိုင်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးတည်း ဟူသော နိုင်ငံရေးပြဿနာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးမှသာ စစ်မှန်သည့် ငြိမ်းချမ်းရေးရပေမည်။

မကြာသေးမီက အစိုးရဘက်မှ ကမ်းလှမ်းချက်အရ၊ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောဒေးဗစ်ထောတို့ ဦးဆောင်သည့် ၁၉ ဦးပါ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဇန္နဝါရီ(၁၂)ရက်နေ့က ဘားအံမြို့တွင် မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် လက်ရှိမြန်မာ့ နိုင်ငံရေးပြဿနာကို ချဉ်းကပ်ရှုမြင်ရာ၌ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများအား ဖိနှိပ်ချုပ်ချယ်သည့် အမိန့် ဥပဒေများ ရုပ်သိမ်းပေးရေး ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေးကို မျက်ကွယ်ပြုသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေး၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်နှင့်အညီ သုံးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရေး အစရှိသော မူလနိုင်ငံရေးသဘောထားများမှာလည်း အချိန်အခါ အခြေအနေနှင့် ဆီလျော် ညီညွတ်သည်ဟု ယူဆပါသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံ ချဉ်းကပ်ရာ၌ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် တိုင်းရင်းသား လူမျိုးစုတိုင်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေး ရပ်တည်ချက်မှ ချဉ်းကပ်ဆောင်ရွက်ခြင်းကိုလည်း ကြိုဆို ထောက်ခံပါသည်။

အကျပ်ကိုင် လက်နက်ချခိုင်းခြင်းကို လုံးဝလက်မခံဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းဖြင့်သာ လက်ရှိ နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟူသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သဘောထား ခံယူချက်ကို အမျိုးသားညွန့်ပေါင်းအစိုးရကလည်း ယုံကြည်ထောက်ခံသည့်အလျောက်၊ ဒီမိုကရေစီစနစ် ထွန်းကားရေး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး တည်းဟူသော နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်သည်အထိ ကရင်အမျိုးသား တော်လှန်ရေးကို ပြည်သူလူထုနှင့်အတူ ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း ဤ (၆၃ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့တွင် အမျိုးသား ညွန့်ပေါင်း အစိုးရက တည်ကြည်လေးနက်စွာ သန္နိဋ္ဌာန်ပြုလျှက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

၂ဝ၁၂ခုနှစ်ဇန္နဝါရီလ (၃၁) ရက်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ