Tuesday, April 23, 2013

"(နအဖ) ကို အကာကွယ်ပေးမနေစမ်းပါနဲ့"

၁၆-၁၂-၂ဝဝ၈ ကတည်းက ရေးထားတာပါ။ အခုမှ တိုက်ဆိုင်လာလို့ ပြန်တင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပဋိပက္ခချုပ်ငြိမ်းရေးအဖွဲ့ International Crisis Group (ICG) ကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေ ထုတ်နေခဲ့တာ ၂ဝဝဝ ခုနှစ်အကုန် ကတည်းကပါ။ ယေဘုယျဆိုရရင် စောစာပိုင်းထွက်ခဲ့တဲ့ “စစ်တပ်ဟာ ဘယ်လောက် အားကောင်းပါသလဲ”၊ “လူမှုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ”၊ “(အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်)” တို့ကတော့ မဆိုးပါဘူး။ ကောင်းတဲ့အချက်တွေ ပါခဲ့တယ်။ ကောင်းတယ်ဆိုတာကလည်း ပညာရှင်တွေအမြင် ပေတံနဲ့တိုင်းရင် ပြောတာပါ။ နောက်ပိုင်း (ရီပို့တ်) တွေမှာတော့ နိုင်ငံရေးပေတံနဲ့ တိုင်းရင် အတော် မတည့်တာတွေ ပါလာတာ တွေ့လာရတယ်။

ICG ရဲ့ mail list ဟာ လူတစ်သိန်းကျော်ရှိတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် လူသုံးသန်းက (ရီပို့တ်) တွေကို (ဝက်ဘ်ဆိုက်) ကနေ (ဒေါင်းလုဒ်) လုပ်တယ်လို့ ICG က Gareth Evans က ဆိုတယ်။ နိုင်ငံတကာ ပညာရှင်တွေရဲ့ အမြင်မျိုးဆိုတာ ပေါ်လစီအဆုံးအဖြတ်တွေမှာ အနည်းနဲ့အများ လွှမ်းမိုးနိုင်တာမျိုးပါ။ (အာစီယန်) ပဋိညာဉ်စာတမ်း ရေးတုံးက ပညာရှင်တွေနဲ့ စရတာမျိုးလည်းရှိတယ်။

ပညာရှင်အမြင်မျိုးကို ပညာရှင်တွေက၊ သမိုင်းအမြင်မျိုးကို သမိုင်းပညာရှင်တွေက နေရာနဲ့နေရာ ပြန်လည်ချေပဘို့ဖြစ်ပါတယ်။ ဥပမာ (ဦး)သန့်မြင့်ဦးရဲ့စာအုပ် The River of Lost Footsteps ကို http://generation96.blogspot.com/2007/10/thant-myint-disgraced-grandson-of-u.html မှာ ရေးကြတာ တွေ့တယ်။ (ဘလော့ခ်)မှာ တင်တာလောက်နဲ့ မရဘူး။ ဒါ့ထက် လုပ်စရာတွေ အများကြီးရှိတယ်။ ဘာလို့လည်းဆိုတော့ သူ့စာအုပ်ထုတ်အပြီး၊ အိန္ဒိကနေ တကူးတက ဖိတ်ခဲ့တယ်။ တခြားနိုင်ငံတွေကိုလည်း စာအုပ်အကြောင်းပြုပြီး သွားရတယ်ကြားတယ်။ ဒီနောက် နိုင်ငံရေးအသိုင်းအဝိုင်းမှာ အတော်ဖတ်ကြ၊ ကိုးကား ပြောကြတာတွေ့ရတယ်။ ကျွန်တော်က တချို့အချက်တွေကို သဘောမတူဘူး။ ခက်တာက သန့်မြင့်ဦးက ပြောတဲ့သမိုင်းကို ခိုင်မာတဲ့ အထောက်အထားမပါဘဲ ဇွတ်ငြင်းလို့မဖြစ်ဘူး။ နိုင်ငံရေးသမားအမြင်နဲ့ ချေပတာလည်း မထိရောက်လှဘူး။ ဒေလီမှာ သူ့စာအုပ်ဖွင့်ပွဲလာ စကောပြောတုံးကတော့ သူပြောစကားထဲက စစ်အုပ်စုကို (အိုင်ဆိုလိတ်) လုပ်-မလုပ် ဆိုတာကိုသာ ဝင်ထောက် နိုင်ခဲ့တယ်။

ထောက်ပြဝေဖန်တယ်ဆိုတာ အချက်အလက်ကိုသာ ဖြစ်တယ်။ (အိုင်စီဂျီ) က ထုတ်သမျှဖြစ်စေ ပညာရှင်တယောက် ရေးသမျှဖြစ်စေ အကုန်မယူနိုင်ဘူးလို့တော့ မဆိုသင့်ပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံသား ပညာရှင်များ-သမိုင်းဆရာများ ကျေးဇူးပြုပြီး လုပ်ပေးစေချင်တယ်။ ဒါကလည်း (ဘလော့ခ်)တို့ မြန်မာဘာသာနဲ့ လွှင့်တဲ ရေဒီယိုတို့လောက်နဲ့ မရဘူး။ သိစေချင်တဲ့ပရိသတ်အထိ ပေါက်ရောက်မဲ့ နည်းလမ်းနဲ့မှသာဖြစ်မှာ၊ အခု ကျွန်တော်ရေးသလိုမျိုး ကျွန်တော်တို့အချင်ချင်း အပြန်အလှန်လေးနဲ့တော့ မထိရောက်နိုင်သေးပါ။

နိုင်ငံအရေးမှာ ပညာရှင်တွေ၊ မီဒီယာတွေက အရေးပါတာ မှန်ပေမဲ့ သူတို့က သူတို့လိုရာ ဆွဲခေါ်တယ်။ ကျွန်တော်တို့လို နိုင်ငံရေး လုပ်သူတွေကလည်း ဆွဲခေါ်နိုင်အောင် ကြိုးစားရမှာဘဲ။ လူဆိုတာ ပညာရှင်ကို အထင်ကြီးတာများပြီး၊ နိုင်ငံရေးသမားဆိုရင် စက်ဆုပ်တာကလည်း ရှိသေးတယ်။ Media Hype (မီဒီယာ ဟိုက်ပ်) ဆိုတာလဲ လူတွေကို အတော်ဆွဲဆောင်နိုင်စွမ်းရှိတယ် မဟုတ်ပါလား။

ICG Burma Reports
• HOW STRONG IS THE MILITARY REGIME? - 21 December 2000
• THE ROLE OF CIVIL SOCIETY - 6 December 2001
• THE MILITARY REGIME’S VIEW OF THE WORLD - 7 December 2001
• THE POLITICS OF HUMANITARIAN AID - 2 April 2002
• THE HIV/AIDS CRISIS - 2 April 2002
• THE FUTURE OF THE ARMED FORCES - 27 September 2002
• ETHNIC MINORITY POLITICS - 7 May 2003
• SANCTIONS, ENGAGEMENT OR ANOTHER WAY FORWARD - 26 April 2004
• AID TO THE BORDER AREAS - 9 September 2004
• AFTER THE CRACKDOWN - 31 January 2008
• AFTER NARGIS: TIME TO NORMALISE AID RELATIONS - 20 October 2008
15 December 2008 02:57

ဒေါက်တာတင့်ဆွေ

(ကွန်မင့် ၁) 15 December 2008 20:18
ဒေါက်တာက နိုင်ငံခြားရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။ ခု ဆရာမိတ်ဆက် ဘာသာပြန်ပေးလို့ ခုလိုမျိုး နအဖ စစ်အုပ်စု အားပေး ICG အကြောင်း သိရတယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်သူ (on line) တွေအတွက် ကျေးဇူးများတယ်ဆိုရင် ဆရာလက်ခံမှာပါ။ ဆရာလည်းအသိပါ ပြည်ပရောက် အတိုက်အခံတွေရဲ့ လက်ရှိလေထုကို အဲဒီထဲမှာ ပညာတတ်၊ မတတ်တတတ်တွေလည်းပါပေါ့။ ဘလော့ခ်နဲ့ ဝက်ဆိုဒ်ကလေးတွေက (ဒီမိုကရေစီဘက်က) သူတို့နိုင်သ၍ လုပ်နေကြတာလို့ မြင်ပါတယ်။ ဒေါက်တာတို့ အနေနဲ့ အလှမ်းအကမ်းရှိရင် လိုနေတာကို ဖြည့်ပေးရင် တအားပါပဲ။ အဲ ပညာရှင် ရီပို့တွေထဲက ကောင်းတာလေး ရွေးယူဆိုတာကလည်း မှော်ရုံတောမှာ အတော်ကိုမောလှပါတယ်။ အခြေခံကတော့ နိုင်ငံရေးအရ စစ်အာဏာရှင် စစ်အုပ်စုကို အကျိုးပြုမပြုက အဓိက ကျတယ်လို့မြင်ပါတယ်။ ကျနော်မြင်တာက ကျနော်တို့ ပြည်သူတွေရဲ့ နိုင်ငံရေးဘဝအမြင် နိုးကြားဖို့ပါပဲ။ ကျနော်တို့ရဲ့ ၈၈ အကယ်ဒမစ် (ဖြစ်မဖြစ်တော့မသိဘူး) တွေက ဆရာလည်းအသိပါ။ ဒါလွတ်မြောက်နယ်မြေကို ပြောတာပါ။ ဒုတိယ၊ တတိယနိုင်ငံတွေလည်း ပါသပေါ့။ အိုင်စီဂျီ မီဒီယာ ပျံ့နှံ့တာ မှန်ပါတယ်။ ဆန်းလည်းမဆန်းပါဘူး။ ကျနော်တို့ကလည်း ကျနော်တို့ရဲ့ အရာရာချို့တဲ့နေတဲ့ ပြည်သူကို ရတဲ့နေရာက မီးမောင်းထိုးပြရမှာပါပဲ။ ဆရာလည်း သိပါတယ်။ လွတ်မြောက်မီဒီယာတွေရဲ့ အခြေအနေကို ဆရာသိပြီးဖြစ်မှာပါ။ ဆိုတော့ အမှောင်ကမ္ဘာထဲမှာ ဘာမှမြင်ခွင့်မရတာထက်စာရင် ပိုးစုန်းကြူးလေးဖြစ်ဖြစ် ကြယ်ပွင့်လေး တစင်းဖြစ်ဖြစ် လင်းလက်သွားတာ ကောင်းပါတယ်။ ဆရာ့စေတနာက ပိုမိုနက်ရှိုင်း၊ ပိုမိုကျယ်ပြန့်စေချင်ပုံလို့ မြင်ပါတယ်။ ဒါဆိုရင်ကောင်းတာပေါ့။ ဆရာတို့အနေနဲ့ လုပ်နိုင်ရင်ပိုကောင်းတယ်။ ခုက လုပ်မယ့်သူရှိတာတောင် space က ဆရာလည်းသိတဲ့အတိုင်းပဲ။ ကုလ ကတောင် တောပြောလိုက်၊ တောင်ပြောလိုက်နဲ့မလား။ ဒါပါပဲဆရာ ပင်လယ်ဖြစ်ခွင့်မရရင် မြစ်အဖြစ် စီးမယ်။ မြစ်ဖြစ်ခွင့်မရသေးရင် စမ်းချောင်းလေးအဖြစ်စီးမယ်၊ စမ်းချောင်းလေး ဖြစ်ခွင့်မရှိသေးရင်လည်း မိုးစက်ကလေးတွေ အဖြစ်နဲ့ပေါ့နော။ အရေးကြီးတာက ကျနော်တို့ပြည်သူတွေ စစ်အာဏာရှင်စနစ်အောက်က တကယ်အမြန်လွတ်မြောက်ဖို့ မလား။ ပညာတတ်နဲ့ တတ်နိုင်သူတွေက မီဒီယာနဲ့ စီမင်နာတွေနဲ့ တကမ္ဘာလုံးသိအောင် လုပ်ကြမယ်ဆိုရင်တော့ (ကျနော်တို့ ပြည်သူတွေဘက်က ရပ်တည်ပြီး လုပ်ကြရင်) အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား လွှတ်ကောင်းပေါ့ ဆရာ။ ဆရာ့ စေတနာနဲ့ ထင်မြင်ချက်ကို လေးစားကျေးဇူးတင်ပါတယ်။ ကျနော်ထင်ပါတယ် ပြည်သူတွေလွတ်မြောက်မှ ပညာတတ်တွေလည်း လွတ်မြောက်လိမ့်မယ်လို့။

(ကွန်မင့် ၂) 16 December 2008 14:21
တကယ်ဆိုရင် ဒီလိုစာမျိုးကို ဒေါက်တာတင့်ဆွေတို့ ကိုယ်တိုင် ရေးနိုင်ရင်ရေး။ မရေးနိုင်ရင်လဲ ပြန့်နိုင်သမျှ ပြန့်အောင်ဖြန့်ရမယ့်တာဝန် ရှိတယ်မဟုတ်ပါလား။

ကျွန်တော့် (ကွန်မင့်)ကို (ကွန်မင့်)ပေးတဲ့ နှစ်ခုလုံး စေတနာ တူတယ်ထင်တယ်။ ကျေးဇူးလဲ အတူတင်တယ်။ ကျွန်တော်တို့ ကြိုးစားပါတယ်။ ကြိုးစာပါမယ်။
၁၆-၁၂-၂ဝဝ၈